ကိုဗစ်စည်းမျဉ်းဖောက်ပြီး မွေးနေ့ပွဲတက်ခဲ့တဲ့ ယူကေဝန်ကြီးချုပ် ဒဏ်ရိုက်ခံရ

ဂျွန်ဆင်၊ ဆူနက်၊ ကိုဗစ်စည်းမျဉ်း

ဓာတ်ပုံ ရင်းမြစ်, No 10

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ စီးပွားရေးဝန်ကြီး ရီရှီ ဆူနက်
    • ရေးသားသူ, ဂျန်နီဖာ စကော့
    • ရာထူးတာဝန်, နိုင်ငံရေးသတင်းထောက်၊ ဘီဘီစီသတင်းဌာန

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူနက် တို့ဟာ ၂၀၂၀ ခုနှစ် ဇွန်လတုန်းက ကိုဗစ် လော့ခ်ဒေါင်း စည်းမျဉ်းတွေ ချိုးဖောက်ခဲ့မှုနဲ့ ရဲက ဒဏ်ကြေးချမှတ်တာ ခံခဲ့ရပေမဲ့ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုချက်တွေကိုတော့ သူတို့က လက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်၊ ဝန်ကြီးချုပ်ရဲ့ ဇနီးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဆူနက်တို့ဟာ ကိုဗစ်လော့ခ်ဒေါင်းစည်းမျဉ်းကို ချိုးဖောက်ပြီး ဝန်ကြီးချုပ်ရဲ့ အမှတ်၁၀ ဒေါင်းနင်းလမ်း နေအိမ်မှာ မွေးနေ့ပါတီပွဲတစ်ခု တက်ခဲ့တဲ့အတွက် ဒဏ်ကြေးဆောင်ဖို့ နို့တစ်စာ လက်ခံရထားကြတာပါ။

မစ္စတာ ဂျွန်ဆင်ဟာ ယူကေနိုင်ငံမှာ ဥပဒေချိုးဖောက်မှုနဲ့ အရေးယူခံရတဲ့ ပထမဆုံး ရာထူးလက်ရှိ ဝန်ကြီးချုပ် အဖြစ် သမိုင်းတွင်သွားပါပြီ။

သူတို့ ၃ ဦးစလုံးက တောင်းပန်စကား ပြောခဲ့ကြပေမဲ့ အတိုက်အခံပါတီ အမတ်တွေကတော့ မစ္စတာ ဂျွန်ဆင်နဲ့ မစ္စတာ ဆူနက် တို့ ရာထူးကနေ နုတ်ထွက်ရမယ်လို့ ပြောနေကြပါတယ်။

အဲဒီဇွန်လ ၁၉ ရက်နေ့က လုပ်ခဲ့တဲ့ပွဲဟာ မစ္စတာဂျွန်ဆင်ရဲ့ မွေးနေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ရုံးကလူတွေက လုပ်ပေးခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဂျွန်ဆင်က အခုဆိုရင် အရင်ကထက် တာဝန်သိစိတ် ပိုရှိလာတယ်လို့ သူခံစားမိတယ်လို့ ပြောပါတယ်။ မစ္စတာ ဆူနက်ကလည်း ဗြိတိသျှ ပြည်သူတွေရဲ့ အကျိုး သယ်ပိုးနိုင်ရေးကို သူပိုအာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

သေဆုံးခဲ့ရသူတွေအတွက် မမျှတ

ကိုဗစ်စည်းမျဉ်းတွေ လိုက်နာဖို့လိုကြောင်းပြောနေတဲ့ မစ္စတာဂျွန်ဆင်

ဓာတ်ပုံ ရင်းမြစ်, Wales News Service

ဓာတ်ပုံ ပုံစာ, ကိုဗစ်စည်းမျဉ်းတွေ လိုက်နာဖို့လိုကြောင်းပြောနေတဲ့ မစ္စတာဂျွန်ဆင်

ဒါပေမဲ့ ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ကိုယ်စားပြုတဲ့ အုပ်စုတစ်စုကတော့ သူတို့နှစ်ဦးရဲ့ လုပ်ရပ်တွေဟာ တကယ့်ကို ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ပြောပြီး သူတို့ရာထူးတွေမှာ ဆက်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ အစ်ဇာဘဲလ် ဆုံးပါးခဲ့ရသူ အမန်ဒါ မက်အီဂန်က လော့ခ်ဒေါင်းကာလမှာ ဝန်ကြီးချုပ်က သူ့သမီးရဲ့ အသုဘကိုတောင် စည်းမျဉ်း တင်းကျပ်မှုတွေ လုပ်ခဲ့တဲ့အတွက် ပိုအသည်းနာရတယ်လို့ ပြောပါတယ်။

ဒေါင်းနင်းလမ်း မွေးနေ့ပါတီ တက်ခဲ့တဲ့ ကိစ္စကို မစ္စတာဂျွန်ဆင်နဲ့ မစ္စတာ ဆူနက် တို့က လူထုကို လိမ်ညာပြောခဲ့တယ်လို့ အတိုက်အခံပါတီတွေက စွပ်စွဲခဲ့ကြပါတယ်။ လေဘာပါတီခေါင်းဆောင် ဆာ ကီယာ စတာမာနဲ့ စကော့တလန်၊ ဝေလ ပြည်နယ် ဝန်ကြီးချုပ်တွေကလည်း သူတို့နှစ်ဦး ရာထူးကနေ နုတ်ထွက်ပေးကြဖို့ တောင်းဆိုထား ပါတယ်။

SNP ပါတီနဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီတွေကလည်း ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအပေါ် လွှတ်တော်အမတ်တွေ ဝေဖန် မေးခွန်းထုတ်နိုင်ဖို့အတွက် အီစတာပွဲတော် အားလပ်ရက်ပြီးရင် လွှတ်တော် ပြန်ခေါ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ် အပါအဝင် ကက်ဘိနက် ဝန်ကြီးတွေ အားလုံးနီးပါးကတော့ မစ္စတာဂျွန်ဆင်နဲ့ မစ္စတာ ဆူနက်ကို လူသိရှင်ကြား ထောက်ခံခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဗြိတိန်နိုင်ငံရဲ့ အကျိုးကို ဒေါင့်မျိုးစုံကနေ သယ်ပိုးနေကြတယ်လို့ လစ်ဇ် ထရပ်စ်က ပြောပါတယ်။

လက်ရှိမှာ ကွန်ဆာဗေးတစ်ပါတီအမတ်တွေထဲက နိုင်ဂျယ်လ် မေးလ်စ် တစ်ယောက်ကပဲ မစ္စတာ ဂျွန်ဆင်ရဲ့ ရာထူးက မြဲမယ့်ပုံ မရှိဘူးလို့ ဘီဘီစီ ရေဒီယို ဒါဘီ မှာ ပြောသွားခဲ့ပြီး သူရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြောင်ပဲ ပြောသွားပါတယ်။

စကော့တလန် ပြည်နယ်ဆိုင်ရာ ကွန်ဆာဗေးတစ်- ခေါင်းဆောင် ဒေါက်ကလပ်စ် ရော့စ် အပါအဝင် အခုနှစ်အစောပိုင်းက ဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတဲ့ တခြားသူတွေက အခုတော့ ဝန်ကြီးချုပ် မနုတ်ထွက်သင့်ဘူးလို့ ပြောလာခဲ့ကြပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဂရန့် ရှက်ပ်စ် ကလည်း ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ဒဏ်ကြေးတပ်ခံရတဲ့အတွက် အကြီးအကျယ် အရှက်ရ စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း စည်းမျဉ်းချိုးဖောက်ဖို့ တမင်လုပ်တာ မဟုတ်ဘူးလို့ စောဒကတက်ခဲ့ပါတယ်။

"ပါတီပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ လူထုက ဒေါသအမျက်ထွက်ကြတာကို သူနားလည်ပါတယ်၊ ဒါပေမဲ့ လူဆိုတာ အမှား မကင်းကြပါဘူး" ဆိုပြီး မစ္စတာ ဂရန့် ရှက်ပ်စ်က ဘီဘီစီ မနက်ခင်းအစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် ကိုဗစ် လော့ခ်ဒေါင်းကာလအတွင်း ဒေါင်းနင်းလမ်းနဲ့ ဝှိုက်ဟောလ် လွှတ်တော်ရုံးဝန်းအတွင်း ဥပဒေချိုးဖောက်ပြီး ကျင်းပခဲ့တဲ့ ပါတီပွဲတွေ အကြောင်း ဗြိတိသျှရဲတွေက စုံစမ်းစစ်ဆေးခဲ့အပြီးမှာ အခုလို ဒဏ်ကြေးငွေ ချမှတ်ခဲ့တာပါ။ စုစုပေါင်း ပါတီပွဲ ၁၂ ပွဲကို စုံစမ်း စစ်ဆေးခဲ့ပြီး လက်ရှိမှာ ဒဏ်ကြေးပြစ်ဒဏ် ၅၀ ကျော် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း ဒဏ်ကြေးတွေ ထပ်ချမှတ်မယ်လို့ မျှော်လင့်ရပါတယ်။

စတာလင်ပေါင် ၅၀ ဒဏ်ကြေး

ဝန်ကြီးချုပ် ဂျွန်ဆင်က သူဒီ့ထက် ပိုကောင်းကောင်း ပြုမူလုပ်ဆောင်ဖို့ လူတွေ မျှော်လင့်ကြမယ် ဆိုတာကို သူ့အနေနဲ့ ရိုးရိုးသားသား လက်ခံပါတယ်လို့ အင်္ဂါနေ့က ထုတ်ဖော် ပြောခဲ့ပါတယ်။ သူ ဒဏ်ကြေးတပ်ခံရတဲ့ ပါတီပွဲဟာ ကက်ဘိနက်ခန်းထဲမှာ သူ့အတွက် ကျင်းပပေးတဲ့ မွေးနေ့ပွဲ ဖြစ်ပြီး ၁၀ မိနစ်တောင် မကြာဘဲ ခဏလေး လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီအချိန်တုန်းက ဒါဟာ စည်းမျဉ်း ချိုးဖောက်တာမျိုး ဖြစ်နိုင်တယ်လို့ ကျွန်တော် မတွေးမိပါဘူး၊ ဒါပေမဲ့ ဟုတ်ပါတယ်၊ ရဲရဲ့အမြင်ကတော့ မတူဘူးပေါ့လေ၊ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ကျွန်တော်အပြည့်အဝ လေးစားလိုက်နာပါတယ်" လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။

ရာထူးက နုတ်ထွက်မလားဆိုတဲ့ အမေးကိုတော့ မစ္စတာဂျွန်ဆင်က သူ့အနေနဲ့ ရဲကချမှတ်တဲ့ ဒဏ်ကြေးကို ပေးဆောင်ပြီးဖြစ်ကြောင်းနဲ့ တိုင်းပြည်အတွက် လုပ်ပေးစရာတွေ အများကြီးရှိနေတာကို ဆက်လုပ်သွားမယ်လို့ ဖြေကြားပါတယ်။

ဝန်ကြီးချုပ် ပေးဆောင်ခဲ့ရတဲ့ ဒဏ်ကြေးပမာဏကို ထုတ်ပြန်တာမရှိပေမဲ့ ယူကေက မီဒီယာတွေကတော့ ပေါင် ၅၀ ဖြစ်တဲ့အကြောင်း ရေးသားနေကြပါတယ်။ ကိုဗစ်ကာလ လော့ခ်ဒေါင်းစည်းမျဉ်းတွေကို ချိုးဖောက်ရင် ပေါင် ၃၀ ကနေ ပေါင် ၁၀၀၀၀ အထိ ဒဏ်ရိုက်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဇနီးသည် ကာရီ ဂျွန်ဆင်ကလည်း ရဲရဲ့တွေ့ရှိချက်တွေကို လက်ခံကြောင်းနဲ့ သေသေချာချာ တောင်းပန်ထားကြောင်း ကာရီဂျွန်ဆင်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မစ္စတာ ဆူနက်ကလည်း နောက်ပိုင်းမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုအတွက် ဆောင်ရွက်နေတဲ့ အစိုးရ ပုဂ္ဂိုလ်တွေ အနေနဲ့ လူထုရဲ့ ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီစည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့ လိုတယ် ဆိုတာကို သူ့အနေနဲ့ နားလည်ပါကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖိအားတွေ လျော့ဖို့မမြင်ရသေး

၂၀၂၁ က တွေ့ရတဲ့ ဆူနက်နဲ့ ဂျွန်ဆင်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ကိုဗစ် စည်းကမ်းတွေကို အပြည့်အဝ လိုက်နာပါတယ်လို့ နှစ်ယောက်စလုံးက ပြောခဲ့ကြပါတယ်။ ၂၀၂၁ က တွေ့ရတဲ့ ဆူနက်နဲ့ ဂျွန်ဆင်

ဒါပေမဲ့ ဒီလို အပြည့်အဝ အသေအချာ တောင်းပန်ပါတယ် ဆိုတဲ့ ပြောဆိုချက်တွေကြောင့်နဲ့တော့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအပေါ် ဝေဖန်မှုတွေ ရပ်မသွားခဲ့ပါဘူး။

လေဘာပါတီ ဒုတိယခေါင်းဆောင် အန်ဂျယ်လာ ရေနာ က "ကိုယ်ချမှတ်တဲ့ စည်းမျဉ်း ကိုယ်ချိုးဖောက်ခဲ့တယ်၊ ရာထူးကနေ ထွက်တော့" ဆိုပြီး သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။

SNP ပါတီရဲ့ ပါလီမန်အမတ် ခေါင်းဆောင် အီယန် ဘလက်ခ်ဖို့ဒ်က "စည်းမျဉ်းတွေကို သစ္စာရှိရှိ လိုက်နာခဲ့ကြတဲ့ ပြည်သူ သန်းပေါင်းများစွာကို ကွန်ဆာဗေးတစ်ပါတီရဲ့ ထိပ်တန်း ဝန်ကြီး နှစ်ဦးက စော်ကားလိုက်တာ ဖြစ်တယ်"လို့ ပြောပါတယ်။

လစ်ဘရယ် ဒီမိုကရက်ပါတီ ခေါင်းဆောင် ဆာ အက်ဒ် ဒေဗီကလည်း ဒီအစိုးရဟာ အကြပ်အတည်းကြုံနေရတဲ့ နိုင်ငံအပေါ် လစ်လျူရှုနေတဲ့ အသုံးမကျတဲ့ အစိုးရတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

လော့ခ်ဒေါင်းကာလအတွင်း ဒေါင်းနင်းလမ်းမှာ ကျင်းပတဲ့ ပါတီပွဲတွေအကြောင်း သတင်းတွေ မနှစ် ဒီဇင်ဘာလက ပထမဆုံး ပေါ်ထွက်လာတာ ဖြစ်ပြီး မစ္စတာ ဂျွန်ဆင်က လမ်းညွှန်ချက်စည်းမျဉ်းတွေကို တချိန်လုံး လိုက်နာခဲ့ပါတယ်လို့ အစပိုင်းမှာ အခိုင်အမာ ပြောခဲ့ပါတယ်။

မစ္စတာ ဆူနက် ကလည်း ဘယ်ပါတီပွဲမှ ကျွန်တော် မတက်ခဲ့ပါဘူးလို့ ပါလီမန်မှာ ပြောသွားခဲ့ပါတယ်။

အဲဒီနောက်မှာ စည်းမျဉ်း ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အရပ်ဘက် အဆင့်မြင့်ဝန်ထမ်း စူး ဂရေး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပါတယ်။

ကနဦးမှာ ဗြိတိသျှရဲက တကယ်လို့ စည်းမျဉ်းချိုးဖောက်မှုနဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ သက်သေအထောက်အထား တစ်စုံတရာ မတင်ပြဘူးဆိုရင် ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မစ်စ် ဂရေးက သတင်းအချက်အလက်တွေကို ရဲအရာရှိတွေထံ တင်ပြခဲ့အပြီးမှာတော့ ရဲတွေကိုယ်တိုင်က စုံစမ်းစစ်ဆေးမှု စလုပ်ခဲ့ပါတော့တယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အပြီးမသတ်မချင်း မစ်စ်ဂရေးက သူ့ရဲ့အစီရင်ခံစာ အပြည့်အစုံကို ထုတ်ပြန်မှာ မဟုတ်ပါဘူး။