ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပိုလက်တွေ့ကျပုံရှိပြီလို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်မြို့က ပျက်စီးသွားတဲ့ အဆောက်အအုံတစ်ခု - မတ် ၁၆

ဓာတ်ပုံ ရင်းမြစ်, State Emergency Service of Ukraine/Handout via REU

ဓာတ်ပုံ ပုံစာ, ကိယက်ဗ်မြို့က ပျက်စီးသွားတဲ့ အဆောက်အအုံတစ်ခု - မတ် ၁၆

ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပိုလက်တွေ့ကျပုံရှိပြီလို့ ယူကရိန်းသမ္မတပြော

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ စတင်ပြီး ပိုမိုလက်တွေ့ကျတဲ့ပုံ ရှိလာနေပြီလို့ ပြောပါတယ်။

ဒါပေမဲ့ အခက်အခဲကိုကျော်လွှားနိုင်ဖို့ အချိန်ထပ်လိုမယ်လို့ သူက သတိပေးပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် ကလည်း သဘောတူညှိနှိုင်းမှုရနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းဘက်က စစ်အင်အားတွေဖယ်ရှားရမယ်လို့ သူက ရုရှားမီဒီယာကို ပြောပါတယ်။

နှစ်ဖက် စေ့စပ်ညှိနှိုင်းသူတွေ အွန်လိုင်းကနေ နောက်ထပ် ဆွေးနွေးကြဖို့ ရှိပါတယ်။

ရုရှားတပ်တွေ ရှေ့မတိုးနိုင်ဘဲ ရပ်ဆိုင်းနေတယ်လို့ ယူကရိန်း စစ်ဘက်ပြော

ယူကေကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ နောက်ဆုံး အစီရင်ခံစာမှာ ရုရှားတပ်ဖွဲ့တွေဟာ ရှေ့ဆက်လက် ချီတက်လာမှု တွေကို ရပ်ဆိုင်းထားပြီး ယူကရိန်းတို့ရဲ့ မြေပြင်အနေအထားအရ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက တံတားတွေကို ဖျက်ဆီးခဲ့တာကလည်း ရုရှားတပ်တွေ ရှေ့ဆက်မတိုးနိုင်အောင်လုပ်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုပါတယ်။

ရုရှားဘက်က လေကြောင်းထိန်းချုပ်နိုင်စွမ်း မရှိတာက သူတို့စွမ်းဆောင်ရည်ကို အကြီးအကျယ် အကန့်အသတ် ဖြစ်စေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ရုရှားအနေနဲ့ နိုင်ငံ အရှေ့ပိုင်းက သူ့တပ်ဖွဲ့တချို့ကို ယူကရိန်းဆီ ပြောင်းရွှေ့ နေရာချခဲ့ရတဲ့အပြင် ပစိဖိတ်ဒေသ ရေတပ်သင်္ဘောတွေဆီက စစ်ဘက်ဆိုင်ရာ အရာရှိ တချို့ကို လည်းခေါ်ယူခဲ့ရတဲ့အထောက်အထားတွေ ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့မြို့က ဆေးရုံမြေကနေ ရုရှားတပ်တွေ ပစ်ခတ်မှုလုပ်ခဲ့တယ်လို့ဆို

သိမ်းပိုက်ထားတဲ့ မာရီယူပိုးလ် မြို့က ဆေးရုံမြေနေရာကနေ ရုရှားတပ်ဖွဲ့တွေက ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် အာရီနာ ဗာရာချွတ်ခ်က ပြောပါတယ်။

ပိတ်ဆို့ခံထားရတဲ့ အဲဒီမြို့ကနေ အရပ်သားတွေ ပိုမိုထွက်ခွာနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းဖွင့်နိုင်မလား ဆိုတာ လောလောဆယ် မသေချာဘူးလို့ သူက ပြောပါတယ်။

အင်္ဂါနေ့တုန်းက လူပေါင်း နှစ်သောင်း ထွက်ခွာခွင့်ရခဲ့ပေမဲ့ သောင်းနဲ့ချီပြီး ပိတ်မိနေတုန်းဖြစ်ပါတယ်။

မာရီယူပိုးလ် မြို့ထဲကို ဝင်ဖို့ ကြိုးစားနေတဲ့ ဘတ်စ်ကားတွေ၊ ကူညီရေးကားကြီးတွေကို ရုရှားတပ်ဖွဲ့တွေက ပိတ်ဆို့ထားပါတယ်။

အင်္ဂါနေ့ကတည်းက ဆေးရုံမြေအောက်ခန်းမှာ ဖမ်းဆီးခံထားရတဲ့ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေနဲ့ လူနာတွေလည်း အဲဒီမှာဆက်လက် ပိတ်မိနေပါတယ်။

ယူကရိန်း နိုင်ငံတဝန်း ဆက်လက်တိုက်ခိုက်ခံနေရ

နှစ်နိုင်ငံကြားအပေးအယူ အလျှော့အတင်းလုပ်နိုင်ဖွယ်တွေကို ပြောဆိုနေကြပေမဲ့ စစ်ပွဲကာလ သီတင်းသုံးပတ်ကြာလာချိန်အထိ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ တဝန်းကို ဆက်လက်တိုက်ခိုက်နေပါတယ်။

ကိယက်ဗ်မြို့တော်က ၁၂ ထပ် အမြင့်ရှိတဲ့ လူနေအဆောက်အဦးကို ရုရှားဘက်က ပစ်ခတ်ခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။

၃၅ နာရီကြာ အပြင်မထွက်ရ ကန့်သတ်မိန့်ကာလမှာ မြို့နေလူတွေက ဘေးလွတ်ရာ မြေအောက်ကနေရာတွေမှာ ပုန်းခိုနေခဲ့ကြပါတယ်။

အရှေ့တောင်ပိုင်းက ဇာပိုရီးရှားမြို့မှာ ရထားဘူတာရုံတခုနဲ့ အပန်းဖြေပန်းခြံတခုကို ဒုံးကျည်တွေနဲ့ ပစ်ခဲ့တယ်လို့ သိရတဲ့အတွက် အရပ်သားဆိုင်ရာ အခြေခံ အဆောက်အအုံကို ရုရှားတပ်တွေက ပထမဆုံး ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ရက်ကပဲ ပိတ်ဆို့ခံထားရတဲ့ မာရီယူပိုးလ် ဆိပ်ကမ်းကနေ လူတွေ ထောင်နဲ့ချီပြီး ဇာပိုရီးရှား ကို ထွက်ခွာသွားခဲ့ကြပါတယ်။