မြောက်ကိုရီးယား ပင်လယ်ထဲကို ပဲ့ထိန်းဒုံးပစ်လွှတ်

ဒီပစ်လွှတ်မှုက ၂၀၂၂ အတွက် ပထမဆုံး ဖြစ်နိုင်

ဓာတ်ပုံ ရင်းမြစ်, KCNA via Reuters

ဓာတ်ပုံ ပုံစာ, ဒီပစ်လွှတ်မှုက ၂၀၂၂ အတွက် ပထမဆုံး ဖြစ်နိုင်

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံး လို့ ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို နိုင်ငံရဲ့ အရှေ့ဘက်ကမ်း ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒီပစ်လွှတ်မှုကို ဂျပန် ကမ်းခြေစောင့်တပ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပထမဆုံး သတင်းပို့ခဲ့တာဖြစ်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဌာနက တာဝန်ရှိသူတွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

ဒီလို ပစ်လွှတ်ခဲ့ပေမဲ့ ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးတွေနဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်မှု တားမြစ်ထားပါတယ်။

ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ပြီးခဲ့တဲ့လမှာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်မယ်လို့ ပြောခဲ့ပြီးနောက် ပထမဆုံး ဒုံးကျည်ပစ်လွှတ်မှု ဖြစ်ပါတယ်။

"တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးဘက်က နောက်ထပ်အသေးစိတ် အချက်အလက်တွေကို သုံးသပ်နေတယ်"လို့ တောင်ကိုရီးယား စစ်တပ် ညှိနှိုင်းကွပ်ကဲရေး အရာရှိချုပ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အဲဒီ ဒုံးကျည်က ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) လောက် ရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက ပြောကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

တခြား ကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရ အဲဒီဒုံးကျည် ဘယ်လောက်အထိ ရောက်အောင်ပစ်ခတ်နိုင်တယ်ဆိုတာကိုတော့ အတည်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒါဟာ တာဝေးပစ်ဒုံးကျည်ကို အနီးအနားကိုပဲ ပစ်ခဲ့တာမျိုး ဖြစ်နိုင်သလားဆိုတာ သိနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ ကာနက်ဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေး အထောက်အကူအဖွဲ့၊ နျူကလီးယား မူဝါဒ အစီအစဥ်က အန်းကစ် ပန်ဒါက ဘီဘီစီကို ပြောပါတယ်။

၂၀၁၇ မှာ မြောက်ကိုရီးယားက ကီလိုမီတာ ၄၅၀၀ လောက်အထိ ခန့်မှန်း အမြင့်ဆုံးသွားနိုင်တဲ့ ဟွာဆောင်း-၁၅ ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး ဒီဒုံးကျည်က ကောင်းကောင်းရောက်နိုင်တဲ့ ပစိဖိတ်ကျွန်းနိုင်ငံ ဂူအမ်မှာ အမေရိကန်စစ်စခန်း အခြေစိုက်ထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုဟာ "အင်မတန် မလုပ်သင့်တဲ့အရာ" လို့ မြောက်ကိုရီးယားရဲ့ ၂၀၂၁ အတွင်း ဒုံးကျည် အကြိမ်ကြိမ်စမ်းသပ်မှုတွေကို ထောက်ပြရင်း ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ မြောက်ကိုရီးယား လက်နက်အဆင့်မြှင့်တင်ရေး အစီအစဥ်တွေကို ဆက်လုပ်နေခဲ့ပါတယ်။ နိုင်ငံပိုင် မီဒီယာရဲ့ ဖော်ပြမှုအရ အဲဒီအစီအစဥ်ကနေ အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်တာ၊ ရထားပေါ်ကနေ ပဲ့ထိန်းဒုံးပစ်တာနဲ့ တာဝေးပစ် ခရုစ်ဒုံးကျည်အသစ် ပစ်လွှတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ပိုဝေး ပိုမြန်ပြီး အဖျက်စွမ်းအားပိုကြီးတဲ့ ပဲ့ထိန်းဒုံးတွေဟာ ခရုစ်ဒုံးကျည်တွေထက် ပိုပြီး အန္တရာယ်ကြီးမားတယ်လို့ ယူဆထားကြပါတယ်။

မြောက်ကိုရီးယားရဲ့ အခြေအနေ

ကိုဗစ်ကူးစက်မှု ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး အကြီးအကျယ် ထိခိုက်နေတဲ့ မြောက်ကိုရီးယားမှာ အစားအစာ ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီဒုံးကျည်စမ်းသပ်မှုတွေကို လုပ်ခဲ့တာပါ။

မြောက်ကိုရီးယားက ကလေးတွေနဲ့ အသက်ကြီးသူတွေ အငတ်ဘေးကြုံလာနိုင်တယ်လို့ ကုလသမဂ္ဂက အရာရှိတွေကလည်း သတိပေးထားပါတယ်။

ဒါပေမဲ့ ဒါက မြောက်ကိုရီးယားရဲ့ လက်နက် အစီအစဥ် ကြိုးပမ်းမှုကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာ ပန်ဒါက ပြောပါတယ်။

ပြည်တွင်းနဲ့ ပြည်ပ အကြောင်းပြချက်တွေ နှစ်ခုလုံးအရ မစ္စတာ ကင်နဲ့ အလုပ်သမားပါတီအတွက် အဲဒီလို လက်နက်အစီအစဥ်တွေ မပြတ်လုပ်ကိုင်နေဖို့က နိုင်ငံရဲ့ ပထမဦးစားပေး အရေးကိစ္စ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်က မြောက်ကိုရီးယားကို နျူကလီးယားလက်နက်တွေ စွန့်ဖို့ တောင်းဆိုနေပြီး သမ္မတ ဂျိုးဘိုင်ဒန် အစိုးရနဲ့ မြောက်ကိုရီးယားတို့ ဆက်ဆံရေးက တင်းမာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ရင် တောင်ကိုရီးယားက လိုရာဆွဲ အမျိုးမျိုးကျင့်သုံးနေတယ်ဆိုပြီး မြောက်ကိုရီးယားက အကြိမ်ကြိမ် စွပ်စွဲထားပါတယ်။

တောင်ကိုရီးယားကလည်း နိုင်ငံရဲ့ ပထမဆုံး ရေငုပ်သင်္ဘောကနေ ပစ်တဲ့ ပဲ့ထိန်းဒုံးကို မကြာသေးခင်က စမ်းသပ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တားမြစ်ဖို့အတွက် ဒီလို စမ်းသပ်ဖို့ လိုတယ်လို့ ပြောပါတယ်။