လစာ ဒေါ်လာဝက် ဖြတ်ခံရလို့ ဂျပန်ရထားမောင်းက အလုပ်ရှင်ကုမ္ပဏီကို တရားပြန်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်က ရထားမောင်း တယောက်က သူ့လခထဲက ၅၆ ယန်း ( ၀.၄၉ ဒေါ်လာ) နုတ်ခဲ့တဲ့ အလုပ်ရှင် ကုမ္ပဏီကို ပြန်တရားစွဲလိုက်ပါတယ်။
အင်မတန်မှ အချိန်မှန်လှတယ်လို့ နာမည်ရတဲ့ ဂျပန်ရဲ့ ရထားလိုင်းစနစ်မှာ သူ့ကြောင့် အနည်းငယ်မျှ နောက်ကျမှု ဖြစ်ခဲ့ရလို့ အခုလို လခ အဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ဇွန်လ အတွင်းက ဒီရထားမောင်းဟာ အလုပ်ထဲမှာ နားလည်မှု လွဲပြီး အချိန် ၁ မိနစ် နောက်ကျသွားခဲ့တာကြောင့် ရထားလိုင်း ကုမ္ပဏီ JR West က သူ့ကို ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီဘက်က အဲဒီ ရထားရပ်နေချိန်အတွင်း ဘာအလုပ်မှ လုပ်မနေခဲ့ရဘူးလို့ ပြောပါတယ်။
ရထားမောင်းဘက်ကတော့ ဒီဖြစ်ရပ်အတွက် သူ့မှာ စိတ်ကျန်းမာရေး ထိခိုက်ခဲ့ရတယ်ဆိုပြီး ယန်းငွေ ၂.၂ သန်း (ဒေါ်လာ နှစ်သောင်းခန့်) ရလိုကြောင်း တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဂျပန် သတင်းဌာန Soranews24 ရဲ့ အဆိုအရတော့ ဒီအမည်မဖော်ပြထားတဲ့ ရထားမောင်းသူဟာ ရထားလွတ် တစင်းကို နိုင်ငံတောင်ပိုင်းက အိုကာယာမာ ဘူတာကို မောင်းသွားဖို့ တာဝန်ကျတာ ဖြစ်ပါတယ်။ အဲဒီ ရထားကို မောင်းလာမယ့် ရထားမောင်းနဲ့ နေရာချင်းလဲဖို့ အတွက် ကြိုစောင့်နေခဲ့တာ ဖြစ်ပေမယ့် ရထားဆိုက်ရောက်မယ့် စင်္ကြံမှားပြီး သွားစောင့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သူစင်္ကြံမှားစောင့်နေတာကို သတိထားမိပြီး တကယ်ဆိုက်မယ့် စင်္ကြံဆီကို အပြေးသွားခဲ့ပေမယ့် လူချင်းလဲတာက အချိန် ၂ မိနစ် နောက်ကျခဲ့ပြီး ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ရထားထွက်ခွာချိန် ၁ မိနစ် နောက်ကျသလို ရထားပြင်ဆင်မှုလုပ်မယ့် နေရာကို ရောက်တာလည်း ၁ မိနစ် နောက်ကျသွားခဲ့ရပါတယ်။
JR West ကုမ္ပဏီဘက်က ကနဦးမှာ သူ့ကို ၈၅ ယန်း ဒဏ်တပ်ခဲ့ပေမယ့် ရထားမောင်းက အိုကာယာမာ အလုပ် စံနှုန်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနကို တိုင်ကြားခဲ့ပြီးနောက် ၅၆ ယန်းပဲ နှုတ်ဖို့ သဘောတူခဲ့ပါတယ်။
ဒါပေမယ့်လည်း ဝန်ထမ်းဘက်က ဒီလို ဖြတ်တောက်မယ့် ကိစ္စကို လက်မခံခဲ့ပါဘူး။ သူက ဒီရထားနောက်ကျမှုကြောင့် တခြား ခရီးစဥ်တွေနဲ့ ခရီးသွားတွေမှာ အနှောင့်အယှက် တစုံတရာ မကြုံခဲ့ရဘူးလို့ ပြောပါတယ်။
ကုမ္ပဏီဘက်ကတော့ အလုပ်မလုပ်ရင် လုပ်ခမပေးဘူး ဆိုတဲ့ မူကို ကျင့်သုံးတာ ဖြစ်တယ်။ သူ့ကို နောက်ကျမှုအတွက် တနည်းအားဖြင့် အကြောင်းပြချက်မရှိ ပျက်ကွက်မှုအတွက် ဒဏ်တပ်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ရထားမောင်းက ပြီးခဲ့တဲ့ မတ်လက အိုကာယာမာ ခရိုင် တရားရုံးကို တက်ပြီး နစ်နာမှုအတွက် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ရဲ့ ရထားစနစ်ဟာ အင်မတန် အချိန်မှန် တိကျလှမှုတွေကြောင့် နာမည်ကျော်ကြားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရထားတစင်း အချိန် စက္ကန့် ၂၀ စောပြီး ထွက်မိလို့ ရထားကုမ္ပဏီဘက်က တရားဝင် တောင်းပန်စာ ထုတ်ပြီး တောင်းပန်ခဲ့ဖူးပါတယ်။
နောက်ပြီး ရထားထွက်ခွာချိန် ၅ မိနစ်ထက်ပိုပြီး နောက်ကျခဲ့မယ်ဆိုရင်လည်း ရထားစီး ခရီးသည်တိုင်းကို သူတို့ နောက်ကျမှုအတွက် သက်သေပြနိုင်အောင် ရထား နောက်ကျတဲ့ အကြောင်း အထောက်အထားစာထုတ်ပေးပါတယ်။









