ထရမ့်က TRUTH Social လူမှုမီဒီယာကွန်ရက်သစ်ကို ထောင်ဖို့ ပြင်

လူမှုမီဒီယာအသစ်ဟာ "နည်းပညာကုမ္ပဏီကြီးတွေရဲ့ နိုင်လိုမင်းထက်လုပ်တာကို ဆန့်ကျင်ဖို့အတွက်"လို့ ထရမ့်က ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူမှုမီဒီယာအသစ်ဟာ "နည်းပညာကုမ္ပဏီကြီးတွေရဲ့ နိုင်လိုမင်းထက်လုပ်တာကို ဆန့်ကျင်ဖို့အတွက်"လို့ ထရမ့်က ပြော

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထရု ဆိုရှယ် (TRUTH Social) လို့အမည်ရတဲ့ လူမှုမီဒီယာ ကွန်ရက် အသစ်တခုကို တည်ထောင်ဖို့ လုပ်နေပြီ ဆိုတာကို ကြေညာလိုက် ပါတယ်။

အဲဒီကွန်ရက်ဟာ "နည်းပညာကုမ္ပဏီကြီးတွေရဲ့ နိုင်လိုမင်းထက်လုပ်တာကို ဆန့်ကျင်ဖို့ အတွက်"လို့ သူကဆိုပြီး အဲဒီကုမ္ပဏီကြီးတွေဟာ အမေရိကန်မှာ သူတို့ကို ဆန့်ကျင်တဲ့ လူတွေရဲ့ အသံတွေကို မကြားရအောင်လုပ်နေတာလို့လည်း စွပ်စွဲလိုက်ပါတယ်။

မစ္စတာထရမ့် အိမ်ဖြူတော်ကိုတက်လှမ်းနိုင်ရေးအတွက် လူမှုမီဒီယာက ပဓာနကျတဲ့အခန်း ကဏ္ဍမှာရှိခဲ့ပြီး သူ သမ္မတဘဝမှာလည်း လူမှုမီဒီယာဟာ သူနှစ်သက်တဲ့ ဆက်သွယ် ဆက်ဆံရေး လမ်းကြောင်းတခု အဖြစ် ရှိခဲ့တာပါ။

ဒါပေမယ့် အမေရိကန် ကွန်ကရက်လွှတ်တော် အဆောက်အဦ ကက်ပီတယ် ဟေးလ်ကို သူ့ရဲ့ ထောက်ခံသူတွေ ဝင်စီးနင်းကြတဲ့အခါမှာတော့ ဖေ့စ်ဘွတ်ခ် (Facebook) နဲ့ တွစ်တာ (Twitter) တို့က မစ္စတာ ထရမ့်ကို အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။

သမ္မတထရမ့် လူမှုမီဒီယာမှာ ရေးသားတဲ့စာတွေဟာ စော်ကားတာ၊ လှုံ့ဆော်တာ၊ အမှားတွေကို အမှန်ထင်အောင်မွှေတာ စသဖြင့် စွပ်စွဲတာခံရပြီး သူ သမ္မတ ရာထူးမှာရှိနေစဉ် ကာလမှာ လူမှုမီဒီယာ ကုမ္ပဏီတွေအနေနဲ့ ဒါတွေကိုတားသင့်တယ်ဆိုတဲ့ ဖိအားအောက်မှာ အမြဲရှိနေခဲ့ ပါတယ်။

မနှစ်ကတုန်းက တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ် တို့ဟာ သူတင်တဲ့ စာတွေတချို့ကို ဖတ်သူတွေအနေနဲ့ အမြင် လွဲမှားသွားစေနိုင်တဲ့ စာသားတွေလို့ သတ်မှတ်ပြီး အဲဒီ စာတွေကို ဖျက်ပစ်ခဲ့ပါတယ်၊ အဲဒီထဲက တခုကိုကြည့်ရင် ကိုဗစ်ဟာ တုပ်ကွေး လောက် "လူ့အသက်ကို သေစေ နိုင်တာမဟုတ်ဘူး" လို့ သူက ရေးထားတာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့ ဆိုပြီး အခြေအမြစ်မရှိတဲ့ အချက်တွေကို ကိုးကားကာ မစ္စတာ ထရမ့်က မိန့်ခွန်းထဲမှာ ထည့်ပြောပြီးတဲ့နောက် ကွန်ကရက်လွှတ်တော်ကို လူတွေဝင်စီးနင်းကြတဲ့ ဇန်နဝါရီလ အဓိကရုဏ်းဖြစ်လာခဲ့ပါတယ်။ အဲဒီအဖြစ်ဖြစ်လာတဲ့ အချိန်မှာတော့ သူ့ကို အဲဒီကုမ္ပဏီတွေက သူတို့ လူမှုမီဒီယာ ကွန်ရက်တွေကို အသုံးပြုခွင့် ပိတ်ပင်တာ ဒါမှမဟုတ် ရပ်ဆိုင်းတာ စတဲ့အရေးယူမှုတွေ စတင်လုပ်ခဲ့ကြပါတယ်။

အဲဒီအဓိကရုဏ်းမှာ ပါဝင်တဲ့သူတွေကို မစ္စတာ ထရမ့်က 'နိုင်ငံချစ်စိတ်ဓာတ်ရှိသူတွေ'လို့ ခေါ်ဝေါ်ချီးမြှောက်ခဲ့သလို၊ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံတဲ့ လက္ခဏာမပြခဲ့တဲ့နောက် တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ် တို့က သူ့ကို အသုံးပြုခွင့်ဆက်ပေးနေမယ်ဆိုရင် သိပ်ကို အန္တရာယ်များတဲ့ အတွက် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို အလျင်အမြန်ချခဲ့ကြရပါတယ်။

'သင်တို့ရဲ့ အနှစ်သက်ဆုံး သမ္မတကို ဘာမှ မပြောနိုင်အောင် လုပ်နေကြပြီ'

အဲဒီအချိန်ကတည်းက သူ့အကြံပေးတွေက စင်ပြိုင် လူမှုမီဒီယာ တခုကို ထောင်ဖို့ စီစဉ်နေပြီဆိုတဲ့ စကားဦးတွေ သန်းလာခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း သူက ဒေါ်နယ် ဂျေ ထရမ့်ရဲ့ စားပွဲကနေ (From the Desk of Donald J Trump) လို့ ဆိုတဲ့ ဘလော့ဂ် တခုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ပရိသတ် နည်းနည်းပဲ လာကြည့်တဲ့နောက်ပိုင်း စထောင်လို့ တလလောက် မကြာခင်မှာဘဲ ဝက်ဆိုဒ်ကို ပြန်ဖြုတ်ချလိုက်ပါတယ်။

သူ့နားက လက်ထောက် ဂျက်ဆင် မေလာ က ဒါက ဒီထက် ကျယ်ပြန့်တဲ့ ဟာကို လုပ်ဖို့အတွက် အရန်လုပ်ထားတာမျိုးပါ လို့ဆိုပါတယ်။

အခု ဒီ TRUTH Social လူမှု မီဒီယာ ကွန်ရက်ကို နောက်လက စပြီး ဧည့်သည်တွေကို ဖိတ်ခေါ်သွားမယ်၊ ၂၀၂၂ ခုနှစ် ပထမ ၃ လပိုင်းအတွင်းမှာပဲ 'အမေရိကန် နိုင်ငံအနှံ့အတွက် ဖွင့်ပေးသွားမယ်'လို့ ထရမ့် မီဒီယာ နဲ့ နည်းပညာ အုပ်စု (Trump Media & Technology Group-TMTG)က ကြေညာပါတယ်။

'တာလီဘန်တွေက တွစ်တာကို အကြီးအကျယ်သုံးနေနိုင်တဲ့ ကမ္ဘာမှာ ကျွန်ုပ်တို့နေနေရတယ်၊ သင်တို့ရဲ့ အနှစ်သက်ဆုံး အမေရိကန် သမ္မတကို ဘာမှ မပြောနိုင်အောင် လုပ်နေကြပြီ'လို့ မစ္စတာ ထရမ့်က ရေးပါတယ်။

' နည်းပညာကုမ္ပဏီကြီးတွေကို ဘာဖြစ်လို့ အာခံရင်ဆိုင်ဖို့ မလုပ်တာလဲလို့ လူတိုင်းက မေးနေကြတယ်၊ ဟုတ်ပါပြီ၊ ကျွန်တော်တို့ မကြာခင်ပဲ လာပါတော့မယ်'လို့ သူက ဆိုပါတယ်။

ဘီဘီစီရဲ့ မြောက်အမေရိက နည်းပညာဆိုင်ရာ သတင်းထောက် ဂျိမ်းစ် ကလေတန်ကတော့ ဒေါ်နယ်ထရမ့်ရဲ့ အဖွဲ့က ဒီအပေါ်မှာ အကြီးအကျယ်လိုမျိုး လုပ်နေကြပေမယ့် ဒီ လူမှုကွန်ရက် လုပ်မှာက မှတ်ပုံတင်ထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်လို့ ဆိုပါတယ်။

တွစ်တာလို၊ ဖေ့စ်ဘွတ်ခ်လို ဖြစ်လာဖို့ ထရမ့်က ရည်မှန်းပေမယ့် အဲဒီလို ဖြစ်လာမယ့်ပုံ မရှိပါဘူးလို့ လည်း သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ သူ့အသံ ကျယ်ကျယ်ထွက်မယ့် အော်လံကြီးကို ပြန်လိုချင်တာကတော့ အသေ အချာပါ။ အဲဒါက သူ့မှာ မရှိမဖြစ်လိုနေတာပါ၊ နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ သူ့ကို ပြန်သုံးခွင့်ပေးဖို့ ဆိုတာကလည်း မဝေးတဲ့အနာဂတ်မှာ ဖြစ်နိုင်ခြေ မရှိသေးပါဘူးလို့ သူက သုံးသပ်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ အခု ကြေညာချက်ဟာ သူ့ လက်ထောက် ဂျက်ဆင် မေလာက ဂက်တာ (GETTR) လို့ခေါ်တဲ့ လူမှု မီဒီယာ ကုမ္ပဏီတခု ထောင်ပြီး လပိုင်းအကြာမှာ ထွက်ပေါ် လာတာပါ။

လူမှုမီဒီယာတွေဟာ ကွန်ဆာဗေးတစ်တွေရဲ့ အသံကို ဖျောက်ပစ်လိုက်တယ်ဆိုတဲ့ မစ္စတာ ထရမ့်ရဲ့ ဝေဖန်ချက်ကိုတော့ ရီပတ်ပလီကန် ပါတီဝင် အများအပြားက လက်ခံကြပါတယ်။

သူဟာ ရီပတ်ပလီကန် ပါတီထဲမှာ အတိုင်းအတာတခုအထိ ခိုင်ခိုင်မာမာ ထောက်ခံကြတာတွေကို ရရှိထားဆဲပါ။ တရားဝင် ထုတ်မကြေညာထားပေမယ့် သူ သမ္မတလောင်း အဖြစ် ၂၀၂၄ ခုနှစ်မှာ ပြန်ယှဉ်ပြိုင်ဦးမှာဆိုတဲ့ အရိပ်အယောင်တွေလည်း သူက ပြထားပါတယ်။ လူထု စုဝေးပွဲတွေလုပ်ပြီးတော့ သူ့နာမည် လူအများအကြား အမြဲရှိနေအောင် သူ အစဉ် ကြိုးစား နေပါတယ်။