စင်္ကာပူတနိုင်ငံလုံးကို ထိတ်လန့်စေခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသား အသတ်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်္ကာပူနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတဦးဟာ တကျောင်းတည်း တက်နေတဲ့ နောက်ကျောင်းသားတဦးကို သတ်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။
ဒီအမှုဟာ စင်္ကာပူတနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။
ကျောင်းအတွင်းက ရေချိုးခန်းထဲမှာ အသက် ၁၃ နှစ်အရွယ် ကောင်လေးတဦးရဲ့ ရုပ်အလောင်းကို တနင်္လာနေ့တုန်းက တွေ့ရှိခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့၀င်တွေ ကျောင်းကို လာရောက်စစ်ဆေးခဲ့ကြပါတယ်။
သက်သေအဖြစ် ပုဆိန်တလက်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
ကျောင်းသားနှစ်ဦးဟာ တဦးကို တဦး မသိကြဘူးလို့ ကနဦးစစ်ဆေးချက်တွေမှာ တွေ့ရှိခဲ့ပါတယ်။
ကမ္ဘာမှာ ရာဇ၀တ်မှု ကျူးလွန်တဲ့ နှုန်းထား အနည်းဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ စင်္ကာပူမှာ စာသင်ကျောင်းတွေအတွင်း အင်မတန်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ မရှိသလောက် နည်းပါတယ်။
ဒီဖြစ်ရပ်ကြောင့် နာမည်ကြီး River Valley အထက်တန်းကျောင်းကို ခေတ္တခဏ အ၀င်အထွက်တွေ ကန့်သတ်ခဲ့ပါတယ်။
စာသင်ကျောင်းတွေအတွင်း ပိတ်မိနေတဲ့ကျောင်းသားတွေက သူတို့မိဘတွေနဲ့ သူငယ်ချင်းတွေထံ စိုးရိမ်တကြီး စာတိုမက်ဆေ့တွေ ပေးပို့ခဲ့ကြပါတယ်။
တချို့ကလည်း ပုဆိန် ဝှေ့ယမ်းနေတဲ့ လူတယောက်ကို သူတို့ တွေ့ခဲ့တယ်လို့ ပြောဆိုကြတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
သံသယရှိသူကို ဖမ်းမိပြီးနောက်ပိုင်း ကျောင်းသားတွေအားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အင်္ဂါနေ့မှာ ကြားနာခဲ့တဲ့ တရားရုံးတင်စစ်ဆေးမှုမှာတော့ အသက် ၁၆ နှစ်အရွယ် ကောင်လေးကို လူသတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။
စင်္ကာပူမှာတော့ လူသတ်မှုဟာ သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
ဒါပေမဲ့ သံသယတရားခံဟာ အသက် ၁၈ နှစ်အောက်ဖြစ်တာကြောင့် သေဒဏ်အစား ထောင်တသက် ပြစ်ဒဏ်ကျနိုင်ဖွယ်ရှိပါတယ်။
ဆယ်ကျော်သက်အရွယ် ဒီကျောင်းသားကို စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုတွေ လုပ်ဖို့ ချုပ်ရက်ရမန် ယူဖို့ တရားလိုရှေ့နေတွေက တရားလူကြီးထံ ပန်ကြားခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် စိတ်ကျန်းမာရေးဌာနမှာ လူနာအဖြစ် အရင်က ကုသမှု ခံယူခဲ့ဖူးသူ ဖြစ်တယ်လို့လည်း တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။
စွပ်စွဲခံထားရသူဟာ ပုဆိန်ကို အွန်လိုင်းကနေ ၀ယ်ယူခဲ့တာ ဖြစ်တယ်လို့ ကနဦး စုံစမ်းစစ်ဆေးမှုတွေ မှာ တွေ့ရှိရကြောင်း စင်္ကာပူ တရားရေးနဲ့ ပြည်ထဲရေး၀န်ကြီး ကေ ရှန်မူဂန်က ပြောပါတယ်။
"အသတ်ခံခဲ့ရတဲ့ ကောင်လေးရဲ့ မိဘတွေအတွက် ကျွန်တော်တို့အားလုံး စိတ်ထိခိုက် ၀မ်းနည်းရတယ်။ ပြောမပြတတ်လောက်အောင် ခံစားရတယ်" လို့လည်း သူက ဆိုပါတယ်။
သံသယတရားခံနဲ့ သေဆုံးသွားသူဟာ အသက် ၁၈ နှစ်အောက် ကလေးတွေ ဖြစ်တာကြောင့် စင်္ကာပူနိုင်ငံရဲ့ ဥပဒေအရ သူတို့ရဲ့ နာမည်ကို ဖော်ပြခွင့် မရှိပါဘူး။
စင်္ကာပူနိုင်ငံရဲ့ ပညာရေး၀န်ကြီး ချန်ချူဆင်းကလည်း သူ့တို့ ၀န်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ ရဲတပ်ဖွဲ့နဲ့ အနီးကပ် လက်တွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်းမှာ ရှိတဲ့ ကျောင်းသားတွေအနေနဲ့လည်း "ဘယ်တော့မှ တယောက်ထဲလို့ မခံစားကြပါနဲ့၊ ကူညီဖို့အတွက် ကျွန်တော်တို့ အမြဲအသင့်ရှိနေပါတယ်" လို့လည်း သတင်းစကားပါးလိုက်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် စာသင်ကျောင်းတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံသားတွေကြား အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးနေကြပါတယ်။
တချို့ကလည်း စွပ်စွဲခံရတဲ့ ကျောင်းသားဟာ ပုဆိန်တလက်ကို ဘယ်လို ၀ယ်ယူခဲ့သလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။








