G7 ထိပ်သီးနိုင်ငံတွေလှူမယ့် ကိုဗစ်ကာကွယ်ဆေးက ဘယ်လိုအကျိုးသက်ရောက်မလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကေနိုင်ငံတောင်ပိုင်း ကားဘစ်စ်ဘေး ကမ်းခြေအပန်းဖြေ စခန်းမှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးမှာ အဲဒီနိုင်ငံတွေက နိုင်ငံတကာကို ကိုဗစ်ကာကွယ်ဆေးအလုံး သန်းတထောင်နီးပါး လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
အဲဒီအထဲမှာ အမေရိကန်က အများဆုံး အနေနဲ့ သန်း ၅၀ဝ၊ ယူကေ၊ အီးယူနဲ့ ကနေဒါတို့က သန်း ၁၀ဝ စီနဲ့၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂျပန်တို့က သန်း ၃၀ စီနဲ့ အီတလီက ၁၅ သန်း၊ စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး အလုံး ၉၀၅ သန်းကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ဦးဆောင်တဲ့ နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေး ရရှိရေး ကိုဗက် အစီအစဉ်နဲ့ အာဖရိကသမဂ္ဂက စီစဉ်တဲ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ချီရေး စီမံကိန်းကို လှူဒန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို လှူဒါန်းမယ့် အစီအစဉ်ဟာ တကမ္ဘာလုံးက နိုင်ငံတွေထဲက အားအနည်းဆုံး နိုင်ငံ ၂၀ ရာခိုင်နှုန်းကို ကိုဗစ် ကာကွယ်ဆေး လှူဖို့ ရည်မှန်းတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေနဲ့ အမေရိကန်တို့က ဘယ်လိုကိုဗစ်ကာကွယ်ဆေးတွေ လှူဖို့ ကတိပြုခဲ့ကြသလဲ
အမေရိကန်နိုင်ငံဟာ နိုင်ငံတကာကို ကိုဗစ်ကာကွယ်ဆေး လှူဒါန်းဖို့အတွက် ဖိုင်ဇာ-ဘိုင်ယွန်တက်ခ် ကိုဗစ်ကာကွယ်ဆေးကို အမြတ်မယူတဲ့ နှုန်းထားနဲ့ ဝယ်ယူဖို့ အဲဒီကုမ္ပဏီတွေနဲ့ သဘောတူလိုက်ပါတယ်။
အခုလို အမေရိကန်က လှူဒါန်းမယ့် ကိုဗစ်ကာကွယ်ဆေးတွေကို လာမယ့် သြဂုတ်လလောက်မှာ စတင် ပို့ပေးဖို့ စီစဉ်ထားပြီး အချို့တဲ့ဆုံးနဲ့ အလယ်အလတ် ချို့တဲ့တဲ့ နိုင်ငံ ၁၀ဝ ကို အရင်ဆုံး ပေးပို့မှာ ဖြစ်ပါတယ်။
အခုလို ကာကွယ်ဆေးတွေ လက်ခံတဲ့ နိုင်ငံဘက်က အမေရိကန်ကို ဘာမှ ပြန်လုပ်ပေးစရာ မလိုတဲ့ အနှောင်အဖွဲ့ကင်း သဘောတူညီမှုနဲ့ လှူဒါန်းမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ကနဦး ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၂၀ဝ ကို လက်ရှိ ၂၀၂၁ ခုနှစ် မကုန်ခင် လှူဒါန်းသွားဖို့ စီစဉ်ထားပြီး ကျန် သန်း ၃၀ဝ ကိုတော့ ၂၀၂၂ ဇွန်လ မတိုင်ခင်မှာ ပေးပို့ လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာကို ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမှုက အများဆုံးဖြစ်မှာ ဆိုတဲ့အတွက် ဒီလှူဒါန်းမှုက ကိုဗစ်တိုက်ဖျက်ရေးမှာ သမိုင်းဝင် ရှေ့တလှမ်းတိုးစေနိုင်တဲ့ လှူဒါန်းမှု ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အာဖရိကဆိုင်ရာ ဒါရိုက်တာ မက်ရှီဒီဆို မိုရက်တီက ပြောပါတယ်။
ယူကေနိုင်ငံကတော့ နောက်လာမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၁၀ဝ ကို လှူဒါန်းသွားမယ်ဆိုပြီး ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဇွန်လ ၁၁ ရက်နေ့ G7 အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူကေနိုင်ငံဟာ လာမယ့် စက်တင်ဘာလ မတိုင်ခင်မှာ ကိုဗစ်ကာကွယ်ဆေး အလုံး ငါးသန်း စတင် လှူဒါန်းမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အကုန်မှာတော့ နောက်ထပ် ကိုဗစ်ကာကွယ်ဆေး အလုံး ၂၅ သန်း လှူဒါန်းသွားဖို့ရှိပြီး ကျန်တဲ့ သန်း ၇၀ ကိုတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဆက်လက် ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ယူကေက လှူဒါန်းမှုရဲ့ အများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းသော ကာကွယ်ဆေးတွေက WHO ရဲ့ ကိုဗက် စီမံကိန်းကို လှူဒါန်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗက်အစီအစဥ်ကနေ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
နိုင်ငံကြီးတွေရဲ့ ကာကွယ်ဆေးလှူဒါန်းမှုက ကမ္ဘာကြီးအတွက် လောက်ပါ့မလား
လက်ရှိ ဇွန်လ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ကာကွယ်ဆေးနဲ့ ကိုယ်ခံအားကောင်းရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံအတွင်း ကြေညာချက်အရ လောလောဆယ် ကိုဗစ်ကာကွယ်ဆေး အလုံး ၁၃၂ သန်းကို နိုင်ငံတကာကို လှူဒါန်းထားတဲ့ နိုင်ငံတွေရှိတယ်လို့ ဆိုပါတယ်။
အခုလို လှူဒါန်းထားပြီးသားထဲက ကိုဗစ်ကာကွယ်ဆေး အလုံး ၅၄ သန်းကို ဒိန်းမတ်၊ ဘယ်လ်ဂျီယံနဲ့ ဂျပန်တို့က လှူဒါန်းထားတာဖြစ်ပြီး စပိန်နဲ့ ဆွီဒင်တို့က လှူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။
လက်ရှိ ကိုဗစ်တိုက်ဖျက်ရေးမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကတော့ ကိုဗစ်မျိုးကွဲ ပျံ့နှံ့မှု အခြေအနေနဲ့ ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေး မြန်မြန် ဖြန့်ချိနိုင်ဖို့ ကိစ္စတွေ ဖြစ်တယ်လို့ အဲဒီ နိုင်ငံတကာ ကာကွယ်ဆေးနဲ့ ကိုယ်ခံအားကောင်းရေး မဟာမိတ်အဖွဲ့ Gavi ရဲ့ အမှုဆောင် အရာရှိချုပ် ဆက်သ် ဘာကလေက ပြောပါတယ်။
နိုင်ငံတကာ ကိုဗက်စီမံကိန်းက ကိုဗစ်ဆေး အလုံး သန်း ၂၅၀ဝ အထိ မှာယူထားပြီး ဖြစ်ပေမယ့် လက်ရှိ ၂၀၂၁ နှောင်းပိုင်းမှ တကယ်ရရှိ ဖြန့်ဖြူးနိုင်မယ့် အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒဟနွန် ဂဘရေးစပ်စ်ကတော့ လာမယ့် စက်တင်ဘာလ မတိုင်ခင်မှာ ကမ္ဘာ့နိုင်ငံတိုင်းက လူဦးရေ ၁၀ ရာခိုင်နှုန်းစီကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ဆိုရင် နောက်ထပ် ကာကွယ်ဆေးအလုံး သန်း ၂၅၀ လိုဦးမယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိမှာဆိုရင်လည်း အခုဇွန်နဲ့ ဇူလိုင်အတွက်ကို နိုင်ငံတကာမှာ ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၁၀ဝ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ကိုဗက်စီမံကိန်းဟာ ကနဦးကာလမှာ ၂၀၂၁ မကုန်ခင်အတွင်း တကမ္ဘာလုံးအတွက် ကိုဗစ်ကာကွယ်ဆေး အလုံး သန်း ၂၅၀ဝ ပေးပို့နိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အလျင်မမီတဲ့အတွက် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ကမ္ဘာပေါ်က ဝင်ငွေနည်း ၉၂ နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး သန်း ၁၈၀ဝ ပေးပို့နိုင်ဖို့ကိုပဲ ရည်မှန်းနိုင်ပါတော့တယ်။
အခုလို ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမှုတွေနဲ့ အမှန်တကယ် ရရှိမှု အလားအလာတွေဟာ တကယ်တမ်း ကမ္ဘာ့လိုအပ်ချက်နဲ့ အများကြီးကွာဟ အားနည်းနေသေးတာကို တွေ့ရပါတယ်။
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တကမ္ဘာတဝှမ်း အမှန်တကယ် ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပြီလို့ ဆိုနိုင်ဖို့အတွက် ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ပေးဖို့က ဆေးအလုံး သန်းပေါင်း တသောင်း တထောင် (၁၁ ဘီလျံ) အထိ လိုအပ်နေတယ်လို့ WHO က ခန့်မှန်းထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေက သန်း ၇၀ဝ၀ ပတ်ဝန်းကျင်ရှိပေမယ့် ကိုဗစ်ကာကွယ်ဆေး အများစုက နှစ်လုံး ထိုးရတာ ဖြစ်တဲ့အတွက် အခုလို ကာကွယ်ဆေးအလုံး သန်း တသောင်း ကျော်တဲ့ ပမာဏအထိ လိုအပ်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေးအပိုင်း ဘယ်လိုနှောင့်နှေးမှုတွေ ကြုံနေရသလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြီးမှူးတဲ့ ကိုဗက် စီမံကိန်းက သန်းထောင်ချီတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖြန့်ချိဖို့ စီမံကိန်းချနေပေမယ့် အမှန်တကယ် ဖြန့်ချိနိုင်တဲ့ ပမာဏက အတော်နည်းနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ နောက်ဆုံး စာရင်းအရ ဆိုရင် ကိုဗက် စီမံကိန်းအရ ပေးပို့လိုက်တဲ့ ကာကွယ်ဆေးအလုံးက ၈၁ သန်းသာ ရှိပြီး ဒီစီမံကိန်းအဖွဲ့ဝင် ၁၃၉ နိုင်ငံကို ဖြန့်ဖြူးထားပါတယ်။
ဇွန်လ ၈ ရက်နေ့ စာရင်းအရပဲ အမေရိကန်တနိုင်ငံတည်းအတွက် ကိုဗစ်ကာကွယ်ဆေး ရရှိမှုက သန်း ၃၀ဝ ရှိခဲ့တဲ့အတွက် ကိုဗက် စီမံကိန်းကို အားကိုးရတဲ့ နိုင်ငံတွေအတွက် ပိုပြီး အလှမ်းဝေးစရာလည်း ဖြစ်နေရပါတယ်။
ကိုဗက်စီမံကိန်းက အဓိက အားကိုးနေတဲ့ ကာကွယ်ဆေးကတော့ အိန္ဒိယမှာ ထုတ်လုပ်နေတဲ့ အောက်စဖို့-အက်စထရာဇန်နကာ ကိုဗစ် ကာကွယ်ဆေး ဖြစ်ပါတယ်။
ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်၊ ဧပြီနဲ့ မေလ တလျှောက် ကိုဗစ်အကြီးအကျယ် ကူးစက်ပြန့်ပွားမှုလှိုင်း ဒုတိယအကြိမ် ရိုက်ခတ်ခံခဲ့ရတဲ့အတွက် ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုကို အိန္ဒိယက ဆိုင်းငံ့လိုက်တာကြောင့် နိုင်ငံတကာမှာ ကိုဗစ်ကာကွယ်ဆေး ရရှိမှု အခြေအနေကို ရိုက်ခတ်သွားခဲ့ပါတယ်။
ကိုဗက်စီမံကိန်းအရ အိန္ဒိယရဲ့ အကြီးဆုံး ဆေးကုမ္ပဏီ Serum Institute (SII) ကနေ ကိုဗစ်စ်ရှီးလ် (အက်စထရာဇန်နကာ) ကာကွယ်ဆေးအလုံး သန်း ၁၁၀ဝ မှာယူထားရာမှာ သန်း ၃၀ သာ ပြည်ပကို ပေးပို့ခဲ့ပြီး လက်ရှိ ထုတ်လုပ်ပြီးသား သန်း ၁၉၀ နီးပါးကလည်း ပြည်ပ ပို့ခွင့်မရ ဖြစ်နေပါတယ်။
SII အနေနဲ့ လက်ရှိအခြေအနေမှာ အိန္ဒိယပြည်တွင်း လိုအပ်ချက်အတွက်သာ ထုတ်လုပ်နေပြီး ပြည်ပတင်ပို့ဖို့ အတွက်ကတော့ ၂၀၂၁ နှစ်ကုန်မှတော့ လုပ်နိုင်တော့မယ့် အနေအထားရှိတယ်လို့ ပြောဆိုနေပါတယ်။
အာဖရိကတိုက်ဘက်မှာဆိုရင်တော့ ရရှိပြီးသား ကိုဗစ်ကာကွယ်ဆေးကို ဖြန့်ချိထိုးပေးရာမှာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့တဲ့အတွက် သက်တမ်းလွန် ကိုဗစ် ကာကွယ်ဆေးတွေ ဖျက်ဆီးပစ်ရတဲ့ အခြေအနေ ရှိနေပြန်ပါတယ်။
အခုလို ရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် လက်ရှိ G7 အစည်းအဝေးမှာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေး အရှိန်မြှင့်ဖို့နဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေ တိုးချဲ့ဖို့ အစီအစဉ်တွေ ထွက်လာဖို့လည်း အများက မျှော်မှန်းထားကြပါတယ်။








