ဘရက်ဇစ် - ယူကေ အီးယူကအထွက်မှာ ဘယ်လို သဘောတူညီချက်တွေ ယူလိုက်သလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကေနိုင်ငံက ဥရောပသမဂ္ဂ အီးယူက နုတ်ထွက်ဖို့ ၂၀၁၆ ခုနှစ်ကတည်းက ပြည်တွင်းမှာ မဲပေး ဆုံးဖြတ်ခဲ့တယ်ဆိုပေမယ့် ထွက်ပြီးနောက်ပိုင်း နှစ်ဖက် ဆက်ဆံရေး ဘယ်လိုရှိမလဲ ဆိုတာ နှစ်ဖက် သဘောတူညီမှု မရနိုင်ခဲ့တဲ့အတွက် လေးနှစ်လောက် ကြန့်ကြာနေခဲ့ရပြီး ယခု ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီမှုရပြီးတဲ့ အချိန်ကျမှ တကယ်တမ်း နုတ်ထွက်မှု ပြီးမြောက်သွားတယ်လို့ ဆိုနိုင်ပါတယ်။
ယူကေနိုင်ငံ အီးယူက နုတ်ထွက်အပြီး နှစ်ဖက် ဆက်ဆံရေးဆိုင်ရာ သဘောတူညီချက်တွေမှာ ကုန်သွယ်ရေးအပိုင်းက အခရာ အကျဆုံး ဖြစ်တဲ့အတွက်လည်း အခုလို ကြန့်ကြာနေခဲ့ရတာ ဖြစ်ပြီး ဒီသဘောတူညီချက် မူရင်းဟာ စာမျက်နှာ ၁၂၀ဝ ကျော် ရှည်တဲ့အထိ အသေးစိတ် ကျယ်ပြန့်တဲ့ စာတမ်းကြီး တခုလည်း ဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက် စာတမ်းကြီးထဲက အဓိကကျတဲ့ အချက် ၇ ချက်ကို ကြည့်ရအောင်။

၁။ ကုန်သွယ်ရေး
ယူကေနဲ့ အီးယူ ကုန်သွယ်ရေး သဘောတူညီချက်အရ -
- အပြန်အလှန် ကုန်စည်တွေအပေါ် အခွန်ကောက်မှာ မဟုတ်သလို ပမာဏအရ ကန့်သတ်ချက် (ခွဲတမ်း) ပါရှိမှာ မဟုတ်ဘဲ ဒီအခြေအနေ အသက်ဝင်မှုက ၂၀၂၁ ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်မှာ ဖြစ်ပါတယ်။
- ဒါပေမယ့် ယခင် ယူကေ အီးယူအဖွဲ့ဝင်အဖြစ် ရှိစဉ်က မလုပ်ခဲ့တဲ့ နယ်စပ်အဝင်အထွက် စစ်ဆေးမှုတွေတော့ ရှိလာမှာ ဖြစ်ပြီး လုံခြုံရေး ဆိုင်ရာနဲ့ အကောက်ခွန် ကြေညာစာတမ်းတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ဖြစ်ပါတယ်။
- ယူကေနိုင်ငံဘက်က တိရစ္ဆာန်ဆိုင်ရာ သွင်းကုန်တွေနဲ့ ပတ်သက်လို့ကတော့ အီးယူဘက်က ကန့်သတ်ချက်အသစ်တွေ ရှိလာမှာ ဖြစ်ပြီး ဥပမာအားဖြင့် မချက်ပြုတ်ရသေးတဲ့ အစားအစာတွေဖြစ်တဲ့ ဝက်အူချောင်းနဲ့ ဘာဂါအသားပြားတွေကို အီးယူဘက်ကို တင်သွင်းရာမှာ အပူချိန် အနုတ် ၁၈ ဒီဂရီ စင်တီဂရိတ်အောက် အေးခဲထားပြီးမှ တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်။
ဒီလို သတ်မှတ်ချက်တွေရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
အခုလို ကုန်သွယ်ရေး သဘောတူညီချက် ရလိုက်တဲ့အတွက် ယခင် နှစ်ဖက် သဘောတူညီချက်မရရင် ဖြစ်လာနိုင်တဲ့ တချို့ နှစ်ဖက်သွင်းကုန် ပစ္စည်းတွေ ဈေးကြီးသွားနိုင်တဲ့ အခြေအနေကို တားဆီးနိုင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေဘက်ကလည်း နယ်စပ်တွေမှာ ရှိလာနိုင်တဲ့ လုပ်ထုံးလုပ်နည်း အသစ်တွေအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပြီး ယခင် တင်ပြစရာမလိုဘဲ အခုမှ တင်ပြဖို့ လိုလာတဲ့ စာရွက်စာတမ်းတွေ မပြည့်စုံဘူးဆိုရင် ကုန်ပစ္စည်း အဝင်နောက်ကျပြီး ပုတ်သိုး ပျက်စီးလွယ်တဲ့ ကုန်စည်တွေ ထိခိုက်တာ၊ အစရှိတဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှု အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

၂။ ဝန်ဆောင်မှုများနဲ့ ပညာအရည်အချင်း အသိအမှတ်ပြုမှု
ယူကေနဲ့ အီးယူ ကုန်သွယ်ရေး သဘောတူညီချက်အရ
- ယူကေနိုင်ငံအတွင်းက စီးပွားရေး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ ဗိသုကာ လုပ်ငန်းနဲ့ စာရင်းအင်း လုပ်ငန်းတွေ အနေနဲ့ ယူကေက အီးယူအဖွဲ့အတွင်း ရှိစဉ်က အီးယူ ဈေးကွက်မှာ အလိုအလျောက် ဝန်ဆောင်မှုပေးနိုင်ခွင့် ရှိရာကနေ အကန့်အသတ်တွေ ရှိလာမှာ ဖြစ်ပါတယ်။
- ဒါ့အပြင် ယူကေနိုင်ငံက ဆရာဝန်၊ စားဖိုမှူးနဲ့ ဗိသုကာ ပညာရှင် အစရှိတဲ့ လုပ်ငန်းခွင် ပညာအရည်အချင်း ပြည့်မီမှု အသိအမှတ်ပြု လက်မှတ်တွေကို အီးယူက ယခင်လို ထပ်မံ အစစ်အဆေးမရှိ အသိအမှတ် ပြုတော့မှာ မဟုတ်ဘဲ ကန့်သတ်မှုတွေ ရှိလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို သတ်မှတ်ချက်တွေရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
ဒီလို နှစ်ဖက် စီးပွားရေး ဝန်ဆောင်မှုနဲ့ ပညာအရည်အချင်း အသိအမှတ်ပြုမှု ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ယူကေ စီးပွားရေး လုပ်ငန်းတွေဘက်က ကိုယ်နဲ့ ဆက်ဆံတဲ့ အီးယူ နိုင်ငံတခုချင်းရဲ့ ကန့်သတ်ချက်တွေအရ လိုက်နာ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။
ယူကေနိုင်ငံတွင်းမှာ အရည်အချင်းသတ်မှတ်ချက်တွေ ရရှိထားသူတွေအနေနဲ့ အီးယူနိုင်ငံတွေမှာ သူတို့ရဲ့ ဝန်ဆောင်မှုတွေ ရောင်းချဖို့ ပိုခက်ခဲသွားပါမယ်။ အရည်အချင်းသတ်မှတ်ချက် ရထားသူတွေ အနေနဲ့ ဒါတွေကို ဆက်လက်အသိအမှတ်ပြုမပြုဆိုတာကို နိုင်ငံတခုချင်းစီရဲ့ စည်းမျဉ်းတွေနဲ့ စစ်ကြည့်ဖို့ လိုလာပါမယ်။
ဒါပေမယ့် ဒီလို ဝန်ဆောင်မှုပေးတဲ့ အပိုင်းနဲ့ ပတ်သက်လို့ ပိုမို လွယ်ကူစေဖို့အတွက် နှစ်ဖက် ဆက်လက် ဆွေးနွေးမှုတွေ လုပ်သွားဖို့ကိုလည်း ယူကေနဲ့ အီးယူတို့ သဘောတူထားကြပါတယ်။

၃။ ခရီးသွားလုပ်ငန်း
ယူကေနဲ့ အီးယူ ကုန်သွယ်ရေး သဘောတူညီချက်အရ
- အီးယူနိုင်ငံတွေကို သွားရောက်တဲ့ ယူကေနိုင်ငံသားတွေ အနေနဲ့ ရက်ပေါင်း ၁၈၀ ကာလအတွင်း ရက် ၉၀ ထက်ပိုပြီး ကြာနိုင်မယ့် ခရီးစဉ်တွေအတွက် ပြည်ဝင်ခွင့် ဗီဇာ လေ ျှာက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
- ယူကေနိုင်ငံသားတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အီးယူနိုင်ငံတွေကို ယူဆောင်သွားရာမှာ အသုံးပြုရတဲ့ လက်ရှိ အိမ်မွေးတိရစ္ဆာန် ပြည်ဝင်ခွင့် စာအုပ်တွေကို အီးယူဘက်က အသိအမှတ်ပြုတော့မှာ မဟုတ်ပါဘူး။
- ဒါပေမယ့် ယူကေနိုင်ငံသားတွေမှာ ရှိထားပြီးတဲ့ အီးယူနယ်ပယ်အတွင်း ကျန်းမာရေး အာမခံ ဆိုင်ရာ ကတ်ပြား EHIC တွေရဲ့ သက်တမ်း ကုန်ဆုံးမှု ပြီးတဲ့အထိတော့ ဒီကတ်ပြား ကိုင်ဆောင်တဲ့ ယူကေနိုင်ငံသားတွေကို အီးယူဘက်က အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။
- ယူကေနိုင်ငံက လက်ကိုင်ဖုန်း ကွန်ရက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ ယူကေ အီးယူအဖွဲ့ဝင်ဖြစ်စဉ်မှာ လိုက်နာရတဲ့ ပြည်ပရောက် ဖုန်းခေါ်မှုနဲ့ အင်တာနက် အသုံးပြုမှု အပိုဆောင်း အခကြေးငွေ မကောက်ဖို့ ကန့်သတ်ချက်တွေကို ၂၀၂၁ ဇန်နဝါရီလ ၁ ရက်နေ့က စလို့ လိုက်နာစရာ လိုတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယူကေနဲ့ အီးယူ နှစ်ဖက် အာဏာပိုင်တွေကတော့ နှစ်ဖက် လက်ကိုင်ဖုန်း ကွန်ရက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြည်ပရောက် ဖုန်းခေါ်မှုနဲ့ အင်တာနက် အသုံးပြုမှု ဆိုင်ရာ အခကြေးငွေတွေဟာ ပွင့်လင်းမြင်သာမှုရှိပြီး မျှတစေဖို့ တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
ဒီလို သတ်မှတ်ချက်တွေရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
ယူကေအစိုးရဟာ ယူကေနိုင်ငံသားတွေ အီးယူနိုင်ငံတွေကို ခရီးသွားရာမှာ အကျုံးဝင်တော့မှာ မဟုတ်တဲ့ EHIC ကတ်ပြားစနစ်အစား ယူကေနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အာမခံ ကတ်ပြားစနစ်ကို အစားထိုးမယ်လို့ ကြေညာထားပြီး အသေးစိတ်ကို မထုတ်ပြန်သေးပါဘူး။
ယူကေနိုင်ငံသားတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္တာန်တွေကို အီးယူနိုင်ငံတွေကို ခေါ်သွားရာမှာ ယခင်လို လွယ်ကူမှု မရှိတော့ဘဲ ပိုမို ရှုပ်ထွေးတဲ့ ပြင်ဆင်မှုတွေ ပါဝင်တဲ့ ကျန်းမာရေး ကင်းရှင်းကြောင်း လက်မှတ်ကို သွားတဲ့ အကြိမ်တိုင်းအတွက် အသစ်တခုရယူပြီး တင်ပြရမှာ ဖြစ်ပါတယ်။
ယူကေနိုင်ငံက လက်ကိုင်ဖုန်း ကွန်ရက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ အီးယူနိုင်ငံတွေကို သွားတဲ့ ယူကေနိုင်ငံသားတွေ ပြည်ပရောက် ဖုန်းခေါ်မှုနဲ့ အင်တာနက် အသုံးပြုရာမှာ အပိုဆောင်း အခကြေးငွေ စပြီး သတ်မှတ်လာနိုင်တဲ့အတွက် ခရီးမသွားခင်မှာ ကိုယ်အသုံးပြုတဲ့ ကုမ္ပဏီရဲ့ သတ်မှတ်ချက် အသစ်တွေကို စစ်ဆေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

၄။ ငါးဖမ်းခွင့်
ယူကေနဲ့ အီးယူ ကုန်သွယ်ရေး သဘောတူညီချက်အရ
- ယူကေနိုင်ငံဟာ မိမိရေပိုင်နက်အတွင်းက ဖမ်းမိရရှိတဲ့ ငါးအရေအတွက် ဝေစုကို လာမယ့် ငါးနှစ်ခွဲ ကာလအတွင်း ယခင် အီးယူအဖွဲ့ဝင် ဖြစ်စဉ်ကထက် ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။
- အဲဒီ ငါးနှစ်ခွဲကာလ ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်က စလို့ ယူကေနိုင်ငံက အီးယူအဖွဲ့ဝင် နိုင်ငံတွေရဲ့ ငါးဖမ်းသင်္ဘောတွေကို ယူကေ ရေပိုင်နက်အတွင်း မလာဖို့ တားမြစ်မိန့် ထုတ်ခွင့် ရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီးယူဟာ ယူကေဘက်က တင်သွင်းလာတဲ့ ငါးတွေကို သွင်းကုန်ခွန် စကောက်တ့ တုံ့ပြန်မှုတွေလည်း လုပ်လာနိုင်ပါတယ်။
ဒီသတ်မှတ်ချက်တွေရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
ငါးဖမ်းခွင့် ကိစ္စဟာ ယူကေနဲ့ အီးယူတို့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက် ရဖို့အရေးမှာ နောက်ဆုံး တခုအနေနဲ့ရော အခက်ခဲဆုံး အနေနဲ့ပါ ကြန့်ကြာနေခဲ့ရတဲ့ ကိစ္စဖြစ်ခဲ့ပြီး ဒီနှစ်ဖက်သဘောတူညီချက်ကို မကျေနပ်တဲ့ ယူကေ ငါးဖမ်းလုပ်သားတွေလည်း ရှိနေပါတယ်။
ဒီ ငါးဖမ်းခွင့် ကိစ္စနဲ့ ပတ်သက်လို့ ၂၀၂၆ အရောက်မှာ ယူကေနဲ့ အီးယူတို့ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပြီး နှစ်ဖက် အကြိတ်အနယ် ဆွေးနွေးရမှုတွေလည်း ထပ်ဖြစ်လာနိုင်ပါတယ်။

၅။ ဥရောပတရားရုံးနဲ့ အခြားအငြင်းပွားမှုများ
ယူကေနဲ့ အီးယူ နှစ်ဖက် ကုန်သွယ်ရေး သဘောတူညီချက်အရ
- အီးယူရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ဥရောပတရားရုံး (ECJ) ဖွဲ့စည်းပုံမှာ ယူကေ ပါဝင်တော့မှာ မဟုတ်ပါဘူး။
- ဒါကြောင့် ယူကေနဲ့ အီးယူတို့ နှစ်ဖက်ညှိနှိုင်းလို့မရတဲ့ တရားရေး အငြင်းပွားမှုတွေကို အခြား လွတ်လပ်တဲ့ ခုံရုံး တခုခုမှာ ဆုံးဖြတ်စေရမှာ ဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်ရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
ECJ ရဲ့ ယူကေနိုင်ငံအတွင်း အာဏာသက်ရောက်မှု အခန်းကဏ္ဍကို လေ ျှာ့ချဖို့ ဆိုတာဟာ ယူကေနိုင်ငံ အီးယူက ထွက်ရေးအပေါ် ထောက်ခံသူတွေရဲ့ အဓိက လိုလားချက် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အီးယူအဖွဲ့ဝင် ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး နယ်စပ် အတားအဆီး ထားဖို့ ခက်ခဲတဲ့ မြောက်အိုင်ယာလန်ကတော့ အီးယူရဲ့ ကုန်သွယ်ရေး စည်းကမ်းတချို့ကို ဆက်လက် လိုက်နာရဦးမှာ ဖြစ်တဲ့အတွက် ECJ ရဲ့ မြောက်အိုင်ယာလန်အတွင်း အာဏာသက်ရောက်မှုက အတိုင်းအတာ တခုအထိ ရှိနေနိုင်ပါတယ်။
ယူကေနဲ့ အီးယူတို့ရဲ့ ကုန်စည်စံချိန်စံညွှန်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေဟာ နှစ်ဖက် ကွဲလွဲမှု များလာမယ် ဆိုရင်တော့ အနာဂါတ်မှာ နှစ်ဖက် သွင်းကုန်တချို့အပေါ် အခွန်ကောက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

၆။ လုံခြုံရေးနဲ့ ဒေတာအချက်အလက်
ယူကေနဲ့ အီးယူ နှစ်ဖက် ကုန်သွယ်ရေး သဘောတူညီချက်အရ
- ယူကေနိုင်ငံဟာ အီးယူရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက် ပြုစုထားမှုတွေကို ယခင်လို အတားအဆီးမရှိ ကြည့်ရှုနိုင်မှာ မဟုတ်ပေမယ့် ကြိုတင်ခွင့်တောင်းရင်တော့ ကြည့်ရှုခွင့်ရပါမယ်။
- ယူကေနိုင်ငံဟာ အီးယူရဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းဖြစ်တဲ့ ဥရောပရဲ ယူရိုပိုးလ် (Europol) အဖွဲ့ဝင် မဟုတ်တော့ဘူး ဆိုပေမယ့် ယူရိုပိုးလ် ဌာနချုပ်မှာတော့ ယူကေ ရဲဌာနရဲ့ ဝန်ထမ်းတွေ ဆက်လက် ထားရှိပါမယ်။
- ယူကေနိုင်ငံအနေနဲ့ အီးယူက သတ်မှတ်ထားတဲ့ အချက်အလက် စောင့်စည်း ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာစရာ မလိုတော့ဘူး ဆိုပေမယ့် ယူကေဘက်က ရှိိပြီးသား အချက်အလက် စောင့်စည်း ထိန်းသိမ်းရေး စည်းကမ်းတွေကို မပြင်ဆင်ဘူး ဆိုရင် အနည်းဆုံး လာမယ့် လေးလလောက်အထိ နှစ်ဖက် အချက်အလက် ဖလှယ်မှု နဂိုအတိုင်း ရှိမယ်လို့လည်း ဆိုပါတယ်။
ဒီသတ်မှတ်ချက်တွေရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
ယူကေနိုင်ငံရဲ့ ယူရိုပိုးလ်နဲ့ ဆက်ဆံမှု ပုံစံဟာ အမေရိကန်နိုင်ငံက ယူရိုပိုးလ်နဲ့ ဆက်ဆံတဲ့ ပုံစံနဲ့ အလားသဏ္ဍန် တူတယ်လို့ ဆိုနိုင်ပါတယ်။
အချက်အလက်တွေ သိမ်းဆည်းမှုနဲ့ အသုံးချမှုဆိုင်ရာ စည်းကမ်းတွေ နှစ်ဖက် သဘောတူညီမှု ရဖို့ကို ယူကေနဲ့ အီးယူတို့ အဆုံးအဖြတ်ယူဖို့ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

၇။ ပညာရေး
ယူကေနဲ့ အီးယူ နှစ်ဖက် ကုန်သွယ်ရေး သဘောတူညီချက်အရ
- အီးယူရဲ့ ပညာရေးအစီအစဉ်တခုဖြစ်တဲ့ အီးယူနိုင်ငံအချင်းချင်းကြား ကျောင်းသား ဖလှယ်တဲ့ Erasmus အစီအစဉ်မှာ ယူကေနိုင်ငံ ပါဝင်တော့မှာ မဟုတ်ပါဘူး။
- ဒါပေမယ့် မြောက်အိုင်ယာလန်ကတော့ အိုင်ယာလန် အစိုးရနဲ့ သဘောတူညီထားမှုရဲ့ အစိတ်အပိုင်းအရ Erasmus အစီအစဉ်မှာ ဆက်လက် ပါဝင်နေဦးမှာ ဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်ရဲ့ ဆိုလိုရင်းနဲ့ အကျိုးဆက်
အခုလို ယူကေက အီးယူနိုင်ငံအချင်းချင်း ကျောင်းသား ဖလှယ်တဲ့ အစီအစဉ်မှာ မပါဝင်တော့ဘူး ဆိုပေမယ့် လက်ရှိ အီးယူနိုင်ငံ အသီးသီးက ကျောင်းတွေမှာ စတင်သင်ကြားနေပြီးသား ကျောင်းသားတွေအနေနဲ့ ပညာသင်ကြားမှုအထောက်အပံ့တွေ ဆက်လက် ရရှိမှာ ဖြစ်ပါတယ်။
ယူကေနိုင်ငံဟာ အီးယူရဲ့ Erasmus အစီအစဉ်နေရာမှာ ယူကေ သင်္ချာပညာရှင် အလန် ကျူးရင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ နာမည်ပေးထား ကျူးရင်း အစီအစဉ်ကို အစားထိုးမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ အီးယူနိုင်ငံတွေအပါအဝင် နိုင်ငံတကာက ယူကေနဲ့ သဘောတူညီမှု ရတဲ့ ကျောင်းတွေနဲ့ ကျောင်းသား ဖလှယ်လက်ခံမယ့် အစီအစဉ်ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စတင်မယ်လို့ ဆိုပါတယ်။












