ဂျပန်မှာ ကလေးမွေးနှုန်းမြင့်ဖို့ အေအိုင်နည်းပညာသုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံမှာ ကလေးမွေးနှုန်းကျဆင်းနေတာကို ပြန်မြင့်တက်ဖို့အတွက် ဉာဏ်ရည်တုလို့ခေါ်တဲ့ အေအိုင်နည်းပညာသုံးပြီး အိမ်ထောင်ဖက်ရှာပေးဖို့ စီစဉ်နေကြပါတယ်။
နောက်နှစ်ကစပြီး ဂျပန်အစိုးရဟာ အေအိုင်သုံးပြီး အိမ်ထောင်ဖက်ရှာပေးဖို့ စလုပ်နေတဲ့ ဒေသန္တရအစိုးရတွေကို ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ဂျပန်မှာ ကလေးမွေးတဲ့အရေအတွက်ဟာ ၈၆၅၀၀၀ အောက်ကို ကျဆင်းခဲ့ပြီး ဒါဟာ စံချိန်တင်အနည်းဆုံး ကလေးမွေးဖွားမှုနှုန်း ဖြစ်ပါတယ်။
ကမ္ဘာမှာ သက်ကြီးလူဦးရေပိုများလာနေပြီး ကလေးမွေးဖွားမှုနှုန်းမှာလည်း အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ ဂျပန်နိုင်ငံဟာ ကလေးမွေးနှုန်း ပြန်မြင့်တက်ဖို့ နည်းလမ်းတွေ ရှာဖွေနေခဲ့တာပါ။
အခုနောက်ဆုံး ကြိုးပမ်းမှုကတော့ အေအိုင် နည်းပညာကို သုံးပြီး ကလေးမွေးနှုန်းပြန်တက်လာဖို့ ဖြစ်ပါတယ်။
နောက်နှစ်မှာဆိုရင် ဂျပန်အစိုးရဟာ ဒေသန္တရအာဏာပိုင်တွေကို ဒေါ်လာ ၁၉ သန်းနဲ့ ညီမျှတဲ့ ယန်းငွေ ၂ ဘီလီယံကို ချပေးဖို့ ရှိပါတယ်။
နေရာအများအပြားမှာတော့ အိမ်ထောင်ဖက်ရှာပေးတဲ့ ဝန်ဆောင်မှုတွေကို လူတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်ပေးနေတာ ရှိပြီးသားပါ။
အေအိုင် နည်းပညာကို အသုံးပြုလာကြတဲ့သူတွေလည်း ရှိပါတယ်။
အေအိုင်နည်းပညာကို သုံးခြင်းအားဖြင့် အိမ်ထောင်ဖက်ရှာပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုတဲ့သူတွေက သူတို့အကြောင်း ဖြည့်သွင်းပေးတဲ့အခါ အေအိုင်က ပိုပြီး အဆင့်မြင့်မြင့် စိစစ်အကဲဖြတ်ပေးမယ်လို့ မျှော်လင့်နိုင်စရာ ပိုရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ လက်ရှိ ရှိပြီးသားနည်းစနစ်မှာက ဖြည့်သွင်းရတဲ့အချက်အလက်တွေက အကန့်အသတ်ရှိပါတယ်။ ဥပမာ ဝင်ငွေဖော်ပြတာ၊ အသက်အရွယ် ဖော်ပြတာလောက်ပဲ ရှိကြပါတယ်။ နောက်ပြီး အိမ်ထောင်ဖက်ရှာတဲ့သူအချင်းချင်းက လိုချင်တဲ့အချက်တွေကို အတိအကျ ကိုက်ညီမှ ရလဒ် ထွက်လာတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အစိုးရက ပေးအပ်မယ့် ရန်ပုံငွေအကူအညီနဲ့ အေအိုင်နည်းပညာကို အဆင့်မြင့်မြင့်အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။
အေအိုင် ဉာဏ်ရည်တု နည်းပညာက တခြားအချက်အလက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဥပမာ ဝါသနာတွေနဲ့ တန်ဖိုးထားမှု ဆိုတဲ့ အချက်အလက်တွေကိုပါ အေအိုင်က ထည့်သွင်းစဉ်းစားပေးလာမှာ ဖြစ်ပါတယ်။
''ကျွန်တော်တို့က ဒေသန္တရအစိုးရတွေကို အေအိုင်သုံးပြီး အိမ်ထောင်ဖက်ရှာပေးဖို့ အစီအစဉ်တွေကို လက်ရှိလည်း လုပ်နေတာမျိုး၊ ဒါမှမဟုတ် စလုပ်မှာမျိုးတွေမှာ အကူအညီပေးဖို့ စီစဉ်နေပါတယ်။ နိုင်ငံရဲ့ ကလေးမွေးနှုန်း ကျဆင်းနေတာကို ပြောင်းပြန်လှန်နိုင်မယ်လို့ မျှော်လင့်ပါတယ်'' လို့ ဂျပန်အစိုးရဝန်ကြီးတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
ဂျပန်မှာ ၂၀၁၇ တုန်းက လူဦးရေ ၁၂၈ သန်းထိ ရှိခဲ့ပေမယ့် အခုရာစုနှစ်ကုန်မှာ ၅၃ သန်းအောက်ထိ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်မှုတွေ ရှိနေပါတယ်။
ဒါပေမယ့် တချို့ပညာရှင်တွေကလည်း အခုလို အေအိုင်သုံးပြီး အိမ်ထောင်ဖက်ရှာပေးတာထက် ကောင်းတဲ့နည်းလမ်းတွေရှိတယ်၊ ဥပမာ ဝင်ငွေနည်းတဲ့သူတွေက အိမ်ထောင်တစ်ခုထူထောင်ဖို့ စိတ်ဝင်စားမှုနည်းတာကြောင့် သူတို့ကို အကူအညီပေးပြီး လူမှုဖူလုံရေးအစီအစဉ်တွေ လုပ်ပေးတာ၊ ကလေးထိန်းအစီအစဉ်တွေအတွက် အကူအညီပေးတာမျိုးတွေလည်း လုပ်ပေးသင့်တယ်လို့ ထောက်ပြကြပါတယ်။










