ကိုဗစ်-၁၉ ကူးခံနေရတဲ့ သမ္မတထရမ့် ရာထူးတာဝန်ဆက်မယူနိုင်တော့ရင် ဘာဆက်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, Reality Check သတင်းအဖွဲ့
- ရာထူးတာဝန်, BBC News
ရွေးကောက်ပွဲတွေလုပ်ဖို့ တစ်လသာသာပဲ အလိုမှာ သမ္မတဒေါ်နယ်ထရမ့် ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
သူ နေမကောင်းဖြစ်သွားရင် ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့ မေးခွန်းတွေလည်း တစ်သီတစ်တတန်းကြီး ထွက်လာပါတယ်။
မဲဆွယ်ပွဲတွေမှာ သူဘယ်လို ဆက်လုပ်မှာလဲ
သူ ပိုးကူးစက်ခံနေရကြောင်း အောက်တိုဘာ ၁ ရက်နေ့မှာ စသိတာဆိုတော့ ၁၀ ရက် သီးခြားခွဲနေဖို့လိုပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁၅ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ သမ္မတလောင်းနှစ်ဦးရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကိုတော့ သူ ပါဝင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။
ဖလော်ရီဒါမှာ ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၂ ရက်က လုပ်ဖို့ စီစဉ်ထားတဲ့ မဲဆွယ်ပွဲကိုတော့ ဖျက်လိုက်ရပါတယ်။
စီစဉ်ပြီးသား တခြားမဲဆွယ်ပွဲတွေကိုလည်း ရက်ရွှေ့ဆိုင်းတာ၊ ဖျက်တာတွေ လုပ်ရပါလိမ့်မယ်။
ရွေးကောက်ပွဲရက်ရွှေ့တာမျိုးရော ဖြစ်နိုင်မလား
သမ္မတအနေနဲ့ ကိုဗစ်ကြောင့် အပြင်မထွက်နိုင်ဘဲ သီးခြားခွဲနေရမှာ ဖြစ်တဲ့အတွက် သူ့ရဲ့ မဲဆွယ်နိုင်စွမ်းအပေါ်တော့ ထိခိုက်မှာပါ။ ဒီလိုဆိုရင် ရွေးကောက်ပွဲကို ရက်ရွှေ့တာမျိုးရော ဖြစ်နိုင်မှာလား၊ ဘယ်လို အခြေအနေမျိုးဆိုရင် ရွေးကောက်ပွဲ ရွှေ့လို့ရသလဲ မေးစရာ ရှိလာပါတယ်။
အမေရိကန် အခြေခံဥပဒေအရ သမ္မတရွေးကောက်ပွဲတွေကို နိုဝင်ဘာလရဲ့ ပထမဆုံး အင်္ဂါနေ့မှာ လုပ်ရပါတယ်၊ လေးနှစ်တစ်ကြိမ်ပါ။ ဒီနှစ်မှာတော့ အဲဒီနေ့ဟာ နိုဝင်ဘာ ၃ ရက်နေ့ကျပါတယ်။
အဲဒီရက်ကို ရွှေ့မရွှေ့ဆိုတာက သမ္မတက မဆုံးဖြတ်နိုင်ပါဘူး။ လွှတ်တော်အမတ်တွေကပဲ လုပ်နိုင်ပါတယ်။
ရက်ရွှေ့ဖို့ အဆုံးအဖြတ်ကို လွှတ်တော် နှစ်ရပ်စလုံးက အမတ်အများစုရဲ့ သဘောတူညီချက်ရဖို့ လိုပါတယ်။ ဒါကတော့ ဖြစ်နိုင်ဖို့ ခက်ပါလိမ့်မယ်။ အောက်လွှတ်တော်မှာက ဒီမိုကရက်အမတ်တွေက အများစုရှိနေလို့ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရွေးကောက်ပွဲ ရက်ကို ရွှေ့မယ်ဆိုရင်တောင် အမေရိကန် အခြေခံဥပဒေက သမ္မတတစ်ယောက်ရဲ့ အစိုးရသက်တမ်းက လေးနှစ်ပဲရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် လက်ရှိသမ္မတထရမ့်ရဲ့ သက်တမ်းက ၂၀၂၁ ဇန်နဝါရီ ၂၀ မွန်းတည့်ချိန်မှာ အလိုလိုကို ကုန်ဆုံးသွားမှာပါ။
နောက်ပြီး ရွေးကောက်ပွဲရက်ရွှေ့မယ်ဆိုရင် အခြေခံဥပဒေကို ပြင်ဖို့လည်း လိုပါတယ်။ အခြေခံဥပဒေပြင်ဖို့ဆိုတာက အတော်မလွယ်ပါဘူး၊ ဖက်ဒရယ်လွှတ်တော်နှစ်ရပ်က ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေက အမတ် သုံးပုံနှစ်ပုံက သဘောတူအတည်ပြုရမယ်၊ ပြီးရင်လည်း ပြည်နယ် စုစုပေါင်းရဲ့ လေးပုံ သုံးပုံက သဘောတူရပါတယ်။ ဖြစ်ဖို့ ခက်ပါတယ်။
သမ္မတက ဆက်တာဝန် မထမ်းဆောင်နိုင်တော့ရင်ရော
အခုအထိတော့ သမ္မတထရမ့်မှာ ရောဂါလက္ခဏာက အပျော့စားပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ သူ သိပ်နေမကောင်းဖြစ်သွားပြီး သူ့တာဝန်တွေကို မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဘာလုပ်ရမလဲဆိုတာ အခြေခံ ဥပဒေမှာ အခုလို ပြဋ္ဌာန်းထားပါတယ်။
အခြေခံဥပဒေရဲ့ ပြင်ဆင်ချက် အမှတ်၂၅ အရ သမ္မတဟာ ဒုတိယသမ္မတကို တာဝန်လွှဲပေးနိုင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ဒုသမ္မတ မိုက်ပင့်စ်က ယာယီသမ္မတဖြစ်လာမှာပါ။ နေပြန်ကောင်းလာရင်တော့ သမ္မတထရမ့်က သူ့တာဝန်ကို ပြန်ယူနိုင်ပါတယ်။ အဲဒီလို အစဉ်အလာမျိုး သမ္မတရော်နယ်ရေဂင်နဲ့ သမ္မတဂျော့ချ်ဒဗလျူဘုရှ်တို့ လက်ထက်တွေမှာ ရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတက ကိုယ်တိုင် တာဝန်လွှဲမပေးနိုင်လောက်အောင် မကျန်းမမာ ဖြစ်နေတယ်ဆိုရင်တော့ အစိုးရအဖွဲ့နဲ့ ဒုတိယသမ္မတတို့က သမ္မတဟာ ရာထူးတာဝန်ဆက်မထမ်းဆောင်နိုင်တော့ဘူးလို့ ကြေညာပြီး မိုက်ပင့်စ်က တာဝန်ကို လွှဲယူလိုက်နိုင်ပါတယ်။
မစ္စတာပင့်စ်ကိုယ်တိုင်ပါ သိပ်ကို နာမကျန်းဖြစ်နေရင်တော့ သမ္မတကိုဆက်ခံရေးဥပဒေအရ အောက်လွှတ်တော်ဥက္ကဌဖြစ်သူက တာဝန်လွှဲယူရနိုင်ပါတယ်။ လက်ရှိ အဲဒီနေရာမှာ ရှိသူက ဒီမိုကရက်လွှတ်တော်အမတ် နန်စီပလိုစီပါ။
ဒါပေမယ့် အဲဒီအထိ ဖြစ်လာမယ်ဆိုရင်တော့ ဥပဒေကြောင်းချင်းရာအရ ငြင်းခုံတိုက်ပွဲတွေ ဖြစ်လာနိုင်စရာ ရှိတယ်လို့ အခြေခံဥပေဒရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
နန်စီပလိုစီကလည်း ဒီရာထူးကို မယူချင်ဘူး၊ ဒါမှမဟုတ် ယူလို့ မရနိုင်ဘူးဆိုရင်တော့ ဒီတာဝန်ကို ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေထဲက ဝါရင့်အမတ်ကြီးတစ်ယောက်ကို ပေးရမှာပါ။
သူကတော့ အခု လက်ရှိအနေအထားအရ အသက် ၈၇ နှစ်ရှိနေပြီဖြစ်တဲ့ မစ္စတာ ချားလ်စ် အီး ဂရပ်စလီပါ။ ဒါဆိုရင်လည်း အစောက ပြောသလိုပဲ ဥပဒေပိုင်းဆိုင်ရာ ငြင်းခုံမှု ကန့်ကွက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ထရမ့် ရွေးကောက်ပွဲမဝင်နိုင်တော့ရင် သမ္မတလောင်းနေရာမှာ ဘယ်သူဖြစ်လာမှာလဲ
ပါတီတစ်ခုက သူတို့ရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ထားသူက အကြောင်း တစ်ခုခုကြောင့် အရွေးမခံနိုင်တော့ဘူးဆိုရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ သမ္မတက ဆက်တာဝန်မယူနိုင်ရင် ဒုတိယသမ္မတ မိုက်ပင့်စ်က သမ္မတနေရာမှာ တာဝန်ယူရမယ်ဆိုပေမယ့် ရွေးကောက်ပွဲမှာကျတော့ သူက ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း အလိုအလျောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ပါတီက ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် တရားဝင် ရွေးထားပြီးသားမို့လို့ပါ။
ပါတီရဲ့ စည်းမျဉ်းအရတော့ နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလီကန်ပါတီအမျိုးသားကော်မတီ (RNC) အဖွဲ့ဝင် ၁၆၈ ယောက်က ပါတီရဲ့ သမ္မတလောင်းကို မဲပေး ရွေးကြရပါမယ်၊ ဒီအထဲမှာ လက်ရှိ ဒုတိယသမ္မတ မိုက်ပင့်စ်လည်း သမ္မတလောင်းဖြစ်လာနိုင်ပါတယ်။
မိုက်ပင့်စ်ကို ရွေးလိုက်မယ်ဆိုရင်တော့ သူ့နေရာအတွက် ဒုတိယသမ္မတလောင်းကို ထပ်ရွေးကြရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမိုင်းမှာတော့ ရီပတ်ဘလီကန်ရော ဒီမိုကရက်တွေပါ တရားဝင်အဆိုပြုပြီးသား သူတို့ပါတီရဲ့ သမ္မတလောင်းကို လူစားထိုးရွေးတာမျိုး မရှိခဲ့ဖူးသေးပါဘူး။
ပေးပြီးသားကြိုတင်မဲတွေကိုရော ဘယ်လို လုပ်မှာလဲ
ဒီနေရာမှာလည်း မရေရာမှုတွေ ပြဿနာကြီးတွေ ရှိနိုင်တယ်လို့ အမေရိကန်ရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ လူသန်းပေါင်းများစွာက သူတို့ပါတီရဲ့ သမ္မတလောင်းကို အမည်တပ်ရွေးချယ်ကြောင်း စာတိုက်က မဲတွေ ပေးပြီးနေပါပြီ။
တချို့ ပြည်နယ်တွေမှာလည်း လူကိုယ်တိုင် ကြိုတင်မဲသွားပေးတာတွေ လုပ်နေပါပြီ။
ကယ်လီဖိုးနီးယားတက္ကသိုလ်က ဥပဒေပါမောက္ခ ရစ်ခ်ဟေဆန်ကတော့ အလုပ်မလုပ်နိုင်တော့တဲ့ သမ္မတအမည်နဲ့ပဲ မဲစာရွက်တွေကို လူတွေက ဆက်မဲပေးတာတွေ လုပ်နေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်ရွေးကောက်ပွဲက သမ္မတကို တိုက်ရိုက်ရွေးကြရတာမဟုတ်ဘဲ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်တွေကပဲ ရွေးရတာဆိုတော့ တချို့ ပြည်နယ်တွေက ဥပဒေတွေမှာ အစားထိုးအမည်တင်လာတဲ့ သမ္မတလောင်းကို အဲဒီလို ကိုယ်စားလှယ်တွေက မဲပေးဖို့ ခွင့်ပြုနိုင်သလားဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။
သမ္မတတစ်ယောက်က ဆက်မပြိုင်တော့ဘူးဆိုရင် သမ္မတလောင်းအမည်ပြောင်းလိုက်တာမျိုး မလုပ်နိုင်ဘူးလား
ဘာပဲ ဖြစ်ဖြစ် သမ္မတထရမ့်ရဲ့ အမည်က မဲစာရွက်ပေါ်မှာ ဆက်ရှိနေလိမ့်မယ်လို့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ ဥပဒေပါမောက္ခ ရစ်ချတ် ပလိုက်ဒ်စ်က ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီအနေနဲ့ တရားရုံးကို လျှောက်ထားပြီး သမ္မတလောင်းအမည်ကို ပြောင်းလဲတာမျိုး လုပ်နိုင်ပေမယ့် တကယ့် လက်တွေ့အရတော့ အဲဒီလို လုပ်ဖို့ အချိန်မရှိတော့ပါဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။








