ချာလီအက်ဘ်ဒိုး မဂ္ဂဇင်းတိုက်ဟောင်းနားမှာ ဓားထိုးတိုက်ခိုက်မှု ဖြစ်

ပဲရစ်မြို့က အခင်းဖြစ်ရာနေရာနားကို လူတွေ မလာကြဖို့ ညွှန်ကြားထား

ဓာတ်ပုံ ရင်းမြစ်, EVN/David Cohen

ဓာတ်ပုံ ပုံစာ, ပဲရစ်မြို့က အခင်းဖြစ်ရာနေရာနားကို လူတွေ မလာကြဖို့ ညွှန်ကြားထား

ပြင်သစ်နိုင်ငံပဲရစ်မြို့က ချာလီအက်ဘ်ဒိုး Charlie Hebdo မဂ္ဂဇင်းတိုက်ရဲ့ ရုံးဟောင်းနားမှာ ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။

ဓားထိုးတိုက်ခိုက်ခဲ့သူလို့ ယူဆရသူ တစ်ဦးကို ဘက်စတီး အဆောက်အဦးအနားမှာ ဖမ်းဆီးမိခဲ့ပါတယ်။ နောက် မသင်္ကာဖွယ် လူတစ်ဦးကိုလည်း ထိန်းသိမ်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှု ကာကွယ်ရေး ရဲတပ်ဖွဲ့က တာဝန်ယူ စုံစမ်းစစ်ဆေးနေပါတယ်။

ပဲရစ်မြို့ အရှေ့ပိုင်းက အဲဒီရပ်ကွက်ကို အတားအဆီးတွေနဲ့ လုံခြုံရေး ချထားလိုက်ပါတယ်။ အဲဒီနေရာကို မသွားကြဖို့ လူထုကို ညွှန်ကြားထားပါတယ်။

ဓားမ ဒါမှမဟုတ် အသားခုတ်ဓား လို့ ဆိုတဲ့ ဓားတစ်ချောင်းကို Boulevard Richard Lenoir လမ်းနားမှာ ရှာတွေ့ခဲ့ပါတယ်။

ဖမ်းမိခဲ့သူရဲ့ အဝတ်အစားပေါ်မှာ သွေးတွေ ပေနေတယ်လို့ ပြင်သစ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အစောပိုင်းသတင်းတွေကတော့ လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

လူ ၁၂ ဦးသေဆုံးခဲ့ရတဲ့ ၂၀၁၅ ခုနှစ်က Charlie Hebdo မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခဲ့တဲ့ ဂျီဟာ့ဒ်ဝါဒီ နှစ်ဦးကို ကူညီခဲ့သူတွေလို့ စွပ်စွဲခံထားရသူ ၁၄ ဦးအပေါ် တရားရုံး ကြားနာ စစ်ဆေးမှု စတင်နေချိန်မှာပဲ ဒီ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ပွားရာနေရာမှာ ရဲတွေ ထူထူထပ်ထပ် ချထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ပွားရာနေရာမှာ ရဲတွေ ထူထူထပ်ထပ် ချထား

အခု ဒဏ်ရာရခဲ့သူနှစ်ဦးဟာ ရုပ်မြင်သံကြားကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေ ဖြစ်တယ်လို့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပြပါတယ်။

" အဲဒီဝန်ထမ်း နှစ်ဦးက လမ်းမမှာ ဆေးလိပ် ထွက်သောက်နေကြတာပါ။ အော်သံတွေ ကြားလို့ ပြတင်းပေါက်ကနေ ထွက်ကြည့်လိုက်တော့ သူတို့ထဲကတစ်ဦး သွေးတွေ ပေနေပြီး လမ်းမပေါ်မှာ လူတစ်ယောက်က သူ့ကို ဓားမ တစ်ချောင်းနဲ့ လိုက်ခုတ်နေတာ တွေ့ရပါတယ်" လို့ အဲဒီ Premières Lignes ရုပ်မြင်သံကြားဌာနက နောက်ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

အဲဒီ ရုပ်မြင်သံကြားကုမ္ပဏီဟာ Charlie Hebdo မဂ္ဂဇင်းတိုက် ရုံးဟောင်း တည်ရှိရာ Boulevard Richard Lenoir လမ်းနားက Rue Nicolas Appert လမ်းငယ်မှာ ရုံးစိုက်တာ ဖြစ်ပါတယ်။

Charlie Hebdo မဂ္ဂဇင်းတိုက်ကတော့ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးကတည်းက လျှို့ဝှက်နေရာတစ်ခုကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဗီဒီယို ပုံစာ, Charlie Hebdo အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို ရုံးထုတ်