သြစတြေးလျသတင်းထောက်က 'နိုင်ငံ လုံခြုံရေးကို အန္တရာယ်ပေးခဲ့တယ်' လို့ တရုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဩစတြေးလျသတင်းထောက် အမျိုးသမီး သီတင်းပတ်အတော်ကြာ တရုတ်မှာ ထိန်းသိမ်းခံထားရတာဟာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တယ်လို့ တရုတ်က ပြောပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ တရုတ် ကမ္ဘာတလွှား ရုပ်သံ ကွန်ရက် (China Global Television Network - CGTN) က တင်ဆက်သူ ချန်လိုင်း (Cheng Lei) ဟာ "တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးတဲ့ ရာဇဝတ်မှု" လုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ်မှာအလုပ်လုပ်နေတဲ့ နောက်ဆုံးလက်ကျန် သြစတြေးလျ သတင်းထောက် နှစ်ယောက် ဆစ်ဒနီမြို့ကို အင်္ဂါနေ့က ပြန်ရောက်လာပြီးတဲ့အချိန်မှာ တရုတ်အစိုးရရဲ့ အဲဒီ ကြေညာချက်ထွက်လာတာပါ။
အိမ်ကိုပြန်ရောက်လာတဲ့ သတင်းထောက် နှစ်ယောက်ကတော့ သြစတြေးလျ ရုပ်သံလွှင့် ကော်ပိုရေးရှင်း (Australian Broadcasting Corporation - ABC) က ဘေလ် ဘတ်တဲလ် နဲ့ Australian Financial Review (AFR) က မိုက်ခ် စမစ် တို့ပဲဖြစ်ပါတယ်။
သူတို့ကိုလည်း တရုတ်အာဏာပိုင်တွေက နိုင်ငံတွင်းက ထွက်ခွာခွင့်မပေးခင် မေးမြန်းတာတွေလုပ်ခဲ့ပါတယ်။ ဘတ်တဲလ်ကို မေးတာတွေကတော့ သူ တရုတ်မှာနေပြီး သတင်းပို့တာ၊ အလုပ်လုပ်တာတွေနဲ့ မပတ်သက်ဘူး၊ မစ္စ ချန်းအကြောင်း ကိုပဲ မေးတာလို့ သူ့ရဲ့ ABC သတင်းဌာနက ဆိုပါတယ်။
သြစတြေးလျနဲ့ တရုတ်နိုင်ငံအကြား ဒီနှစ်အနည်းငယ်အတွင်းမှာ ဆက်ဆံရေးတွေ ချွတ်ယွင်းလာခဲ့ပါတယ်။
တရုတ်ဟာ သြစတြေးလျ လူမှုအသိုင်းအဝိုင်းအတွင်း ဝင်ရောက်စွက်ဖက်လွှမ်းမိုးနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာခဲ့သလို၊ ကိုရိုနာဗိုင်းရပ်စ် ဘယ်ကအစပြုဖြစ်လာသလဲလို့ စောကြောမယ့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကို ကင်ဘာရာမှာရှိတဲ့ အစိုးရက ထောက်ခံပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးက ပိုဆိုးလာခဲ့ပါတယ်။
တရုတ်မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များ ကလပ်က ၂၀၂၀ ခုနှစ် ပထမ ၆ လအတွင်းမှာပဲ စံချိန်တင်အဖြစ် နိုင်ငံခြားသား သတင်းထောက် ၁၇ ယောက် ပြည်နှင်ခံခဲ့ရတယ်လို့ တနင်္လာနေ့က ပြောပါတယ်။
သတင်းထောက် ချန်လိုင်း ဘာတွေကြုံနေရလဲ
သြစတြေးလျနိုင်ငံသူ ချန်လိုင်းဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ CGTN တီဗီသတင်းဌာနအတွက် ဘေဂျင်းမှာအခြေစိုက် အလုပ်လုပ်တဲ့ သတင်းထောက်တယောက်ဖြစ်ပြီး သူဟာ လူသိများပြီး အများလေးစားခံရတဲ့ စီးပွားရေး သတင်းထောက် တယောက်ပါ။
သြဂုတ်လအတွင်းက ရက် တရက်မှာ သူ ရုပ်မြင်သံကြားပေါ်ကလည်း ပျောက်သွားသလို၊ သူ့ မိတ်ဆွေတွေ၊ သူ့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ရုတ်တရက်ပြတ်သွားခဲ့ပါတယ်။ နောက်ပိုင်းတော့ တရုတ်အစိုးရက အမည်မဖော်တဲ့ နေရာတခုမှာ သူ့ကို ထားထားပေးပြီး စောင့်ကြည့်နေတယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီလိုကြေညာပေမယ့်လည်း ဘာအမှုနဲ့စွဲသလဲဆိုတာကို မပြောပါဘူး။ ဒါပေမဲ့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက် လီကျန်းက တရုတ်အစိုးရဟာ သူ့ကို "အမျိုးသားလုံခြုံရေးကိစ္စတွေ" နဲ့ ပတ်သက်ပြီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ပြောပြီး အာဏာပိုင်တွေက "ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရတာတွေကို လုပ်နေတာ" လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပြီလို့လည်း အဲဒီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ ဒါပေမဲ့ စွပ်စွဲချက် အသေးစိတ်ကို သူက ဘာမှပြောမသွားပါဘူး။ ချန်လိုင်းက "ရာဇဝတ်မြောက်တဲ့ လုပ်ရပ်" လုပ်တယ်လို့သာ ပြောသွားပါတယ်။
ဒါပေမဲ့အများကတော့ ချန်လိုင်းထိန်းသိမ်းခံရတာဟာ သြစတြေးလျနိုင်ငံသူ ဖြစ်တယ်ဆိုတဲ့အချက်က အဓိကအနေနဲ့ ပါမယ်လို့ ယုံကြည်ကြပါတယ်။
ဘာကြောင့် သြစတြေးလျနဲ့ တရုတ်ကြား ဆက်ဆံရေးက ချွတ်ယွင်းလာသလဲ
နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေ အများအပြားရှိပြီး တဖက်နဲ့ တဖက် အကြီးအကျယ် အပြန်အလှန်မှီခိုနေကြတာပါ။ ဒါပေမဲ့ သြစတြေးလျ လူမှုအသိုင်းအဝိုင်းအတွင်းကို တရုတ်ရဲ့ စွက်ဖက်လွှမ်းမိုးတာတွေရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေပေါ်လာခဲ့ပြီးတဲ့နောက် ဆက်ဆံရေးက ဆိုးလာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဘယ်ကစဖြစ်လာတာလဲ နိုင်ငံတကာစုံစမ်းရေးကို ဒီနှစ်ထဲမှာ ဩစတြေးလျကထောက်ခံလိုက်တဲ့ အခါမှာတော့ အခြေအနေတွေက ပိုဆိုးသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါတွေအပေါ် တရုတ်က လက်တုံ့ပြန်ဆောင်ရွက်တယ်လို့ မြင်ကြတာတွေကတော့ သြစတြေးလျက တင်ပို့တဲ့ အမဲသား၊ ဘာလီနဲ့ ဝိုင်တို့ကို ဘေဂျင်းက ကန့်သတ်ချက်တွေလုပ်လိုက်တာပါ။ သြစတြေးလျမှာ လူမျိုးရေးခွဲခြားတာတွေရှိတယ်လို့လည်း တရုတ်က သူ့ဆီက ခရီးသွားတွေနဲ့ ကျောင်းသားတွေကို သတိပေးလိုက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။
တရုတ်မှာ "ထင်ရာမြင်ရာ ဖမ်းဆီးခံရတာတွေ" ကြုံရနိုင်တယ်လို့ သြစတြေးလျအစိုးရက သူ့နိုင်ငံသားတွေကို ဇူလိုင်လအတွင်းက သတိပေးသလို၊ တရုတ်ကို ခရီးသွားလာမှုတွေကိုလည်း သတိပေးထားပါတယ်။
ကင်ဘာရာမှာရှိတဲ့ အစိုးရက ရှင်ကျန်းပြည်နယ်နဲ့ ဟောင်ကောင်က လူ့အခွင့်အရေးကိစ္စတွေကိုလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူတို့ နိုင်ငံသား ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ယန် ဟန်ဂျွန် (Yang Hengjun) တယောက် ဘာမှ တရားရုံးမတင်ဘဲ အဖမ်းခံနေရာကနေ အခုဆိုရင် ၁၉ လတိုင်လာပြီဖြစ်လို့ ပြန်လွှတ်ပေးဖို့ကိုလည်း တရုတ်အစိုးရကို တိုက်တွန်းထားပါတယ်။








