၁၇ နှစ်အကြာမှာ ပထမဆုံး အမေရိကန် ဖက်ဒရယ် အကျဉ်းသားကို ကွပ်မျက်

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန်က သေဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ လူသတ်တရားခံ ဒန်နီရယ် လူးဝစ် လီ ကို ဆေးထိုးပြီး ကွပ်မျက်ခဲ့ပါတယ်။
ဒါဟာ အမေရိကန်က ဖက်ဒရယ် အကျဉ်းသားတွေကို ကွပ်မျက်မှုတွေ မလုပ်တော့တာ ၁၇ နှစ်ကြာမြင့်ခဲ့ပြီး နောက်မှာ ပထမဆုံး ပြန်လုပ်တဲ့ သေဒဏ်စီရင်ချက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ သေဒဏ်ချမှတ်မှုဟာ တရားဥပဒေအရ မဆုံးဖြတ်နိုင်တာတွေ၊ စိန်ခေါ်ချက်တွေ ရှိတယ်ဆိုပြီး တရားသူကြီး တစ်ဉီး က ဆုံးဖြတ်လို့ နှောင့်နှေးခဲ့ရပါတယ်။
လူသတ်တရားခံဘက်ကတော့ ဆေးထိုးသတ်မယ့် အဆုံးအဖြတ်ဟာ ရက်စက် လွန်းပြီး မလျော်ကန်တဲ့ ပြစ်ဒဏ် ဖြစ်တယ်လို့ ငြင်းချက် ထုတ်ပါတယ်။
ဒါပေမဲ့ တရားရုံးချုပ် တရားသူကြီး ၅ ဦး ထဲက ၄ ဦးဟာ ထောက်ခံမဲ ပေးခဲ့ပြီး သေဒဏ်စီရင်ချက်ကို မူလ အတိုင်း ဆက်လုပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒေါ်နယ် ထရမ့် အစိုးရက သေဒဏ် ပြစ်ဒဏ် တွေကို ပြန်လည် ကျင့်သုံးမယ်ဆိုပြီး ပြောဆို ခဲ့ဖူးပါတယ်။
ဒန်နီရယ် လူးဝစ် လီကို ဇူလိုင်လ ၁၄ ရက်နေ့ အစောပိုင်းက အင်ဒီယားနား ပြည်နယ် အကျဉ်းထောင် တာရေး ဟေ့တ် မှာ ပြစ်ဒဏ် စီရင် ခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို အကြောင်းပြပြီး သူ့ရဲ့ မိသားစုဝင်တွေက ပြစ်ဒဏ်စီရင်မှုကို အချိန်ဆွဲနိုင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။
ဒန်နီရယ် သတ်ဖြတ်ခဲ့ သူတွေရဲ့ မိသားစုဝင် ဖြစ်တဲ့ အသက် ၈၁ နှစ်အရွယ် အာလင်း ပီတာဆန် ကတော့ တရားခံကို တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ပဲ ထားဖို့ လိုလားခဲ့တာပါ။
ဒန်နီရယ် လူးဝစ် လီ ဟာ ၁၉၉၆ ခုနှစ်တုန်း က အာကန်ဆတ်ပြည်နယ်မှာ မိသားစုဝင် ၃ဦးကို သတ်ဖြတ်ပြီး အလောင်းတွေကို ရေကန်ထဲ ပစ်ချ ဖျောက်ဖျက်မှုကို ကျူးလွန် ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ သေဒဏ်ပြစ်ဒဏ်ကို ဇူလိုင်လ ၁၃ မှာ စီရင်ဖို့ အမိန့်ချမှတ်ထားပေမဲ့ တရားရုံးတစ်ခု က တားမြစ်ခဲ့တဲ့ အတွက် နောက်တစ်ရက် မှာ သေဒဏ် စီရင်ခံရတာဖြစ်ပါတယ်။
အောက်တရားရုံးရဲ့ စီရင်မှုကို တရားရုံးချုပ်က ပြန်လည် စစ်ဆေး ခဲ့ပြီး တရားသူကြီးတွေက မူလ ပြစ်ဒဏ်အတိုင်း ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မကြာခင် ကာလမှာလည်း သေဒဏ် ပြစ်ဒဏ် စီရင်မှုတွေကို တွေ့လာ ရနိုင်ပါတယ်။ အနီးစပ်ဆုံးကာလမှာ ကွပ်မျက်ဖို့ အမိန့်ချမှတ် ခံထားရတဲ့ ဖက်ဒရယ် အကျဉ်းသား ၃ယောက် ရှိပါတယ်။
၁) ဝက်စ်လေ အီရာ ပါကေး - အသက် ၁၆ နှစ်အရွယ် မိန်းကလေး ကို သတ်ဖြတ်ပြီး၊ အလောင်းကို မီးရှို့ ဖျောက်ဖျက်မှုနဲ့ ၂၀၀၃ ခုနှစ်မှာ သေဒဏ် အမိန့်ချမှတ် ခံထားရ။
၂) ဒတ်စ်တင် လီ ဟွန်ကန် - အသက် ၆ နှစ် နဲ့ ၁၀ နှစ် အရွယ် မိန်ကလေးငယ် ၂ ဦးအပါအဝင် လူ၅ဦး ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှု အတွက် ၂၀၀၄ ခုနှစ်မှာ သေဒဏ် အမိန့်ချမှတ် ခံထားရ။
၃)ကိတ် ဒွိန်း နယ်လ်ဆင် - အသက် ၁၀ နှစ် အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှု အတွက် ၂၀၀၁ ခုနှစ်မှာ သေဒဏ် အမိန့် ချမှတ် ခံထားရ။









