အိန္ဒိယနာမည်ကြီး လူဆိုးတယောက်ကို ရဲကပစ်ခတ်သတ်ဖြတ်

ဓာတ်ပုံ ရင်းမြစ်, EPA
အိန္ဒိယမြောက်ပိုင်း အူတရာပရာဒက်ရှ်ပြည်နယ်မှာ ရဲ ၈ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ ဗီးကတ်စ်ဒူဘေးကို ရဲက ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
ရဲ ၈ ယောက်အသတ်ခံရပြီးနောက် ဗီးကတ်စ်ဒူဘေးဟာ တပတ်နီးပါးကြာအောင် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ကြာသပတေးနေ့ကမှ အနီးနားပြည်နယ်တခုဖြစ်တဲ့ မက်ဒယာပရာဒက်ရှ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဒူဘေးကို အူတရာပရာဒက်ရှ်ပြည်နယ်ဆီ ပို့ဆောင်စဥ် ကားတိမ်းမှောက်ခဲ့ပါတယ်။ သူဟာ ရဲတယောက်ရဲ့ သေနတ်ကို ခိုးယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ရဲက ပြောပါတယ်။
ရဲမှူးချုပ်မိုဟစ်အဂါဝါက အိန္ဒိယပီတီအိုင် သတင်းဌာနကို ဖြေကြားရာမှာ ဒူဘေးကို ရာဇဝင်လူဆိုးတယောက်လို့ဆိုပြီး သူဟာ လက်နက်မချဘဲ ရဲတွေကို ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် ပစ်သတ်လိုက်တာလို့ဆိုပါတယ်။
ဒါပေမယ့် အိန္ဒိယရဲအဖွဲ့ဟာ အင်အားအလွန်အကျွံသုံးတယ်လို့ စွပ်စွဲခံရလေ့ရှိတဲ့ အတွက် ရဲပြောဆိုချက်ကို တချို့က သံသယဖြစ်ကြပါတယ်။
ဗီးကတ်စ်ဒူဘေးက ဘယ်လိုလူလဲ
ဒူဘေးဟာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ရာဇဝတ်သားတယောက်လို့ အူတရာပရာဒက်ရှ်ပြည်နယ်မှာ ပြောဆိုတတ်ကြပါတယ်။
လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှု၊ ပြန်ပေးမှု၊ မီးရှို့မှု၊ အဓိကရုဏ်းမှုတွေ အပါအဝင် သူ့ကိုစွဲဆိုထားပြီး မစစ်ဆေးရသေးတဲ့ အမှုပေါင်း ၆၀ ကျော်ရှိပါတယ်။
၂၀၀၁ ခုနှစ်မှာ သူဟာ ပြည်နယ်ဝန်ကြီးတယောက်ကို ရဲစခန်းထဲမှာ သတ်ဖြတ်ခဲ့တယ်လို့လည်း အစွပ်စွဲခံထားရပါတယ်။ အဲဒီတုန်းက သူအဖမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အာမခံနဲ့ ပြန်လွတ်သွားပါတယ်။ အမှုတော်တော်များများမှာ သူဟာ အဲသလိုနည်းမျိုးနဲ့ လွတ်မြောက်သွားတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MP POLICE
ဒူဘေးမှာ နိုင်ငံရေးအဆက်သွယ်ကောင်းတွေရှိတယ်လို့ ပြောကြပါတယ်။ သူအပြင်ထွက်တိုင်းမှာ လက်နက်ကိုင်လူတစုနဲ့ ခြံရံပြီးထွက်လေ့ရှိပါတယ်။ သူ့အမှုတွေမှာ သက်သေလိုက်တဲ့သူတွေဟာ သူတို့သက်သေထွက်ဆိုချက်တွေကို ပြောင်းလဲထွက်ဆိုတာမျိုး၊ တရားရုံးကို မလာတော့တာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။
၂၀၀၀ ခုနှစ်ကျော်ကာလတခုမှာတုန်းက ဆယ်ကျော်သက်အရွယ် ဒူဘေးဟာ ရွာမှာ လူတွေကို ရိုက်နှက်မှုနဲ့ အစစ်ဆေးခံရချိန် နိုင်ငံရေးသမားတယောက်က အာမခံနဲ့ လာထုတ်သွားပြီး သူ့အမှုကို မှတ်တမ်းတောင် မတင်ခဲ့ပါဘူး။ အဲဒီကတည်းက ဒူဘေးဟာ အူတရာပရာဒက်ရှ်မြေအောက်လောကမှာ ကျော်ကြားလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရဲမှတ်တမ်းမှာ သူ့အမှုတွေ တခုပြီး တခုတိုးလာပြီး မိုက်ဂုဏ်တက်လာပါတယ်။ ဒါပေမယ့်သူ့ကို အရေးမယူနိုင်ခဲ့ပါဘူး။
ဒူဘေးဟာ နိုင်ငံရေးနယ်ထဲမှာတောင် ဝင်စမ်းကြည့်ဖူးပါတယ်။ သူရော သူ့မိန်းမရောဟာ ဒေသန္တရရွေးကောက်ပွဲမှာ မဲနိုင်ဖူးပါတယ်။
သူ့ရည်မှန်းချက်ဟာ ပြည်နယ်လွှတ်တော်အမတ်ဖြစ်ရေးပဲလို့ နိုင်ငံရေးသတင်းထောက်တယောက်က ဆိုပါတယ်။ အခုသေဆုံးချိန်မှာ သူဟာ နိုင်ငံရေးနယ်ထဲဝင်ဖို့ ပြင်ဆင်နေချိန် ဖြစ်ပါတယ်။
ဒူဘေးသေဆုံးခဲ့ပုံ
ဒူဘေးဟာ ရဲတယောက်ရဲ့ သေနတ်ကိုလုယူပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တယ်လို့ ရဲက ဆိုပါတယ်။ လက်နက်ချဖို့ ငြင်းဆိုပြီး ရဲတွေကို ပြန်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရဲအဖွဲ့က ပြန်ပစ်ရာမှာ ဒူဘေး ဒဏ်ရာအကြီးအကျယ် ရခဲ့ပါတယ်။ မိနစ်အနည်းငယ်အကြာမှာ သူ့ကိုဆေးရုံခေါ်သွားစဥ်သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါမျိုးဟာလည်း အူတရာပရာဒက်ရှ်မှာ ကြားနေကျ ဇာတ်လမ်းမျိုးပါ။
ယိုဂီအဓိယာနတ် အာဏာရပြီးကတည်းက ရဲကပစ်ခတ်သမျှဟာ ခုခံပစ်ခတ်တာချည်းပဲလို့ ဆိုလေ့ရှိပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဓိယာနတ်ဟာ ဟန္ဒီအမျိုးသားရေးပါတီဖြစ်တဲ့ ဘရာတီယာဂျနာတာပါတီကဖြစ်ပြီး ပြည်နယ်တွင်းမှာ ဥပဒေစိုးမိုးဖို့ ရွေးကောက်ပွဲမှာ ကတိပေးခဲ့သူပါ။

ဓာတ်ပုံ ရင်းမြစ်, EPA
သူအာဏာရတဲ့ ပထမတနှစ်အတွင်းမှာ ရဲက ပြန်လည်ခုခံပစ်ခတ်မှုဖြစ်စဥ် ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ သူ့အတိုက်အခံနိုင်ငံရေးသမားတွေက သူ့လက်ထက်မှာ ရဲအဖွဲ့ဟာ အင်အားအလွန်အကျွံသုံးစွဲလေ့ရှိတယ်လို့ စွပ်စွဲကြပါတယ်။
ဒူဘေးသေဆုံးမှုနဲ့ ပတ်သက်တဲ့ တရားဝင်ထုတ်ပြန်ချက်အပေါ်မှာ တချို့က လူမှုကွန်ရက်ကနေ သံသယဝင်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။ ရဲဆီမှာ ကိုယ့်ဘာသာလက်နက်ချလာတဲ့လူတယောက်ဟာ ဘာ့ကြောင့်ထွက်ပြေးမှာလဲ၊ ဘယ်လိုလုပ်ပြီး ရဲတယောက်ရဲ့သေနတ်ကို လုယူနိုင်မှာလဲလို့ မေးခွန်းထုတ်ကြပါတယ်။
ရဲက မက်ဒရာပရာဒက်ရှ်က ဘုရားကျောင်းတခုမှာ သူ့ကို ဇာတ်လမ်းဆန်ဆန် ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ အတိုက်အခံပါတီတွေကတော့ ဒူဘေးဟာ တပတ်ကျော် ထွက်ပြေးလွတ်မြောက်ပြီးနောက် လူသိရှင်ကြား လက်နက်ချ အဖမ်းခံခဲ့တာလို့ ဆိုပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေက ဒူဘေးကို တရားရုံးရှေ့မှောက်ရောက်တဲ့အထိ ဘေးကင်းကင်းနဲ့ခေါ်ဆောင်သွားပြီး ရုံးတင်စစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့မှာ ရဲ ၈ ယောက်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပြီးကတည်းက ဒီအကြောင်းဟာ အိန္ဒိယသတင်းစာတွေရဲ့ ခေါင်းကြီးသတင်းဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက အပြန်အလှန်ပစ်ခတ်စဥ် ဒူဘေးရဲ့ လက်ထောက်နှစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ ဒူဘေးတို့ရွာနားရဲစခန်းက ရဲအရာရှိတယောက်ဟာလည်း တရားခံပြေးတွေကို ကူညီမှုနဲ့ အဖမ်းခံထားရပါတယ်။ ရဲအရာရှိတွေဟာ အရင်အမှုတခုအတွက် ပြီးခဲ့တဲ့အပတ်မှာ လိုက်လံရှာဖွေစဥ် အမြင့်ကနေ ပစ်ခတ်ခံခဲ့ရတဲ့ အတွက် ၈ ယောက်အထိ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။








