အသားဖြူခရင်မ်ကို နာမည်ပြောင်းရုံနဲ့ အသားမည်းရင် မနှစ်ခြိုက်တာတွေ အဆုံးသတ်သွားမှာလား

Fair and Lovely ခရင်မ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ဂီတာ ပန်ဒီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ ဒေလီ။

နာမည်ကျော် လူသုံးကုန် ကုမ္ပဏီကြီး ယူနီလီးဗား (Unilever) က သူ့ရဲ့ရောင်းအားအကောင်းဆုံး အသားဖြူခရင်မ် ကုန်အမှတ်တံဆိပ် " Fair and Lovely - (အသား) လတ်လတ်လေး နဲ့ ချစ်စရာလေး" ကို Fair ဆိုတာဖြုတ်ပြီး Lovely ဆိုတဲ့ အမည်ကို ပြောင်းတော့မယ်လို့ ကြေညာပါတယ်။

ယူနီလီးဗားနဲ့ သူ့ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ လက်ခွဲကုမ္ပဏီ Hindustan Unilever Limited (HUL) ကို အသားမည်းတာကို မလိုမုန်းထားတဲ့သဘောထား (Colourism) ကို အားပေးနေတယ်၊ အသားညိုတဲ့၊ မည်းတဲ့ အမျိုးသမီးတွေ ကိုယ့်အသားအရေဟာ မလှဘူး၊ မကောင်းဘူးဆိုတဲ့ မလုံခြုံတဲ့စိတ်ကို ဖြစ်စေတဲ့အတွက် အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်တာတွေ ရှိလာနေခဲ့တာပါ။

လှုပ်ရှားတက်ကြွသူတွေက ကုမ္ပဏီရဲ့ အခုလို လုပ်ဆောင်ချက်ကို ကြိုဆိုကြပေမယ့် ဒါဟာ လုံလောက်တဲ့ အထိ လုပ်လာတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။

အိန္ဒိယအပါအဝင် အာရှနိုင်ငံတွေမှာ အသားဖြူ ခရင်မ်က ရောင်းအားကောင်းနေကြဆဲပါ။

လူမည်းအမျိုးသား ဂျော့ခ်ျ ဖလွိုက် သေဆုံးခဲ့ပြီးနောက်ပိုင်း ကမ္ဘာတလွှားမှာ အသားအရောင်ခွဲခြားရေးနဲ့ပတ်သက်လို့ အကြီးအမားကို ဆန့်ကျင်နေလာကြတဲ့အချိန်မှာ အမေရိကန်ရဲ့ ဂျွန်ဆင် အင် ဂျွန်ဆင် (Johnson and Johnson ) ကုမ္ပဏီက အာရှနဲ့ အရှေ့အလယ်ပိုင်းမှာ သူတို့ရဲ့ သိပ်နာမည်ကျော်တဲ့ အသားဖြူ ခရင်မ် နှစ်မျိုးကို မထုတ်လုပ်တော့ဘူး၊ မရောင်းချတော့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

ဂျွန်ဆင် အင် ဂျွန်ဆင်က သူတို့ ကုန်တွေရဲ့ တံဆိပ်နာမည်တွေ အပေါ် အထူးပြုပြီးပြောလာကြတာတွေကို ကြည့်ပြီး အခုလိုလုပ်လာတာဖြစ်ပြီး သူတို့ကုမ္ပဏီက ကြေညာတဲ့ စာသားတွေထဲ "ကျန်းမာတဲ့ အသားအရေဟာ လှပတဲ့အသားအရေ" ပါ ဆိုတာကို တွေ့ရပါတယ်။

ယူနီလီးဗားရဲ့ Fair and Lovely အသားဖြူ ခရင်မ် ဟာ အိန္ဒိယမှာ အရောင်းရဆုံး ခရင်မ်ဖြစ်ပြီး နှစ်စဥ် ရောင်းရငွေ အမေရိကန် ဒေါ်လာ ၃၁၇ သန်း ရနေတာပါ။

၁၉၇ဝ နှစ်တွေ ကတည်းက ဈေးကွက်ထဲကို ဝင်လာတဲ့ ဒီ ခရင်မ်ကို အသားဖြူတာ၊ အသားလတ်တာက လှတယ်လို့ ခံယူကြတဲ့ နိုင်ငံတွေက လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေက နှစ်စဉ် ဆေးဘူးပေါင်း သန်းပေါင်းများစွာ ဝယ်ယူသုံးစွဲကြတာပါ။

ဘောလိဝုဒ် ထိပ်တန်း ရုပ်ရှင်သရုပ်ဆောင် မင်းသားတွေ၊ မင်းသမီးတွေကလည်း Fair and Lovely ခရင်မ် လူးလိုက်ရင် အသားလေးတွေ လတ်လာပြီး ချစ်သူရှာလို့ရမယ်၊ အလုပ်ကောင်းကောင်းရမယ် ဆိုတာမျိုး ပုံဖော်ကြော်ငြာပြီး ဒီ အသားဖြူ ခရင်မ် သုံးစွဲဖို့ အားပေးခဲ့ကြပါတယ်။

Fair and Lovely အသားဖြူ ခရင်မ်က အာရှနိုင်ငံအတော်များများမှာ နာမည်ကျော်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Fair and Lovely အသားဖြူ ခရင်မ်က အာရှနိုင်ငံအတော်များများမှာ နာမည်ကျော်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင်းမှာတော့ အွန်လိုင်းမှာ ပန်ကြားလွှာတွေ လက်မှတ်ထိုးကာ လှုပ်ရှားကြတဲ့ change.org အနည်းဆုံး သုံး ခုလောက်မှာ ကမ္ဘာတလွှားကလူတွေ လက်မှတ်ထိုးပြီး ယူနီလီးဗားကို ဒီအသားဖြူ ခရင်မ်တွေ မရောင်းတော့ဖို့ ပန်ကြားတဲ့ လှုပ်ရှားမှုတွေ ပေါ်လာခဲ့ပါတယ်။

ကြာသပတေးနေ့ နေ့လယ်ပိုင်းမှာ ယူနီလီးဗားက သူတို့ ခရင်မ် အတွက် နာမည်သစ်တခုကို ပြောင်းမယ်လို့ ကြေညာခဲ့ပြီး ထုတ်ပြန်ချက်ထဲမှာ "လတ်လတ် Fair တို့၊ ဖြူဖြူ White တို့၊ နုနု Light တို့ ဆိုတဲ့ စကားလုံးတွေက အလှအပအတွက် စံထားစရာ စကားလုံးတွေ အဖြစ်ဖြစ်သွားတာကို သူတို့အနေနဲ့ မှန်ကန်တယ်လို့ မမြင်ပါဘူး၊ ဒီအတွက် အမှန်ကိုပြင်ချင်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ဒီခရင်မ် ထုတ်လုပ်ရောင်းချနေတာကို ရပ်ဆိုင်းဖို့ ပန်ကြားလွှာတင်ခဲ့တဲ့ထဲက အမျိုးသမီး တယောက်ဖြစ်တဲ့ ချန်ဒရာနာ ဟီရန်က ယူနီလီးဗားရဲ့ ကြေညာချက်ဟာ လမ်းကြောင်းတခုကို အပြောင်းအလဲဖြစ်စေတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် (အသားအရောင်) မျိုးစုံကို လက်သင့်ခံနိုင်ဖို့ အရေးအတွက် ပထမဆုံး ခြေလှမ်းလေးသာ ဖြစ်ပါတယ်တဲ့။

"ကျွန်မအနေနဲ့ သူတို့ ထုတ်ကုန်ရဲ့ နဂို ပကတိ အကြောင်းရင်းကို ပြန်ကြည့်စေချင်ပါတယ်၊ သူတို့ ဘယ်လိုပဲ နာမည်ပြောင်းပြောင်း အသားလတ်စေတဲ့၊ အသားဖြူစေတဲ့ ခရင်မ် ဆိုတာက ဆက်ရှိနေတာပဲလေ" လို့ သူက ပြောပါတယ်။