ဥရောပမှာ ကိုရိုနာကူးစက်မှု သိသိသာသာ ပြန်တက်

A scientist works at a laboratory analysing coronavirus swabs in Glasgow, Scotland (10 June 2020)

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, WHO ရဲ့ ဥရောပ ဒေသဆိုင်ရာ မှတ်တမ်းတင်ချက်တွေအရ နေ့စဉ် ကိုဗစ် - ၁၉ ရောဂါဖြစ်သူအသစ် ၂၀, ၀၀၀ နီးပါးထိရှိလာ

ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်ဖို့အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးနေတဲ့အချိန်မှာပဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအသစ် တိုးလာတာကို လနဲ့ချီတဲ့ ကာလအတွင်း ပထမဆုံးအကြိမ် ပြန်တွေ့လာနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။

နိုင်ငံပေါင်း ၁၁နိုင်ငံမှာ ကူးစက်မှုနှုန်း အရှိန်မြင့်လာနေပြီး ဗိုင်းရပ်စ်ပိုးပြန့်ပွားတာ ပြန်ဖြစ်လာတာက "သိပ်ကို သိသိသာသာ" ဖြစ်နေတယ်လို့ ဒေသဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ Hans Henri Kluge က ဆိုပါတယ်။

အဲဒီ ၁၁ နိုင်ငံက အာမေးနီးယား၊ ဆွီဒင်၊ မော်လ်ဒိုဗာ၊ မြောက်မက်ဆီဒိုးနီးယား၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ကာဂျစ္စတန်၊ ယူကရိန်းနဲ့ ကိုဆိုဗိုတို့ ဖြစ်ပါတယ်။

ပြန့်ပွားမှုတွေပြန်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိတယ်ဆိုတဲ့ သူ့ရဲ့ သတိပေးထားတာတွေက အခုတော့ တကယ်ဖြစ်လာခဲ့ပြီလို့လည်း သူက ပြောပါတယ်။

တကယ်လို့သာ ဒီအတိုင်းပဲဆက်ကြည့်နေကြမယ်ဆိုရင် ကျန်းမာရေးစနစ်တွေ "ဆိုးရွားအခြေအနေကို ရင်ဆိုင်ရသွားနိုင်တယ်" လို့ သူက သတိပေးပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝင်ရောက်လုပ်ကိုင်တဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ နဲ့ အာရှအလယ်ပိုင်းက နိုင်ငံပေါင်း ၅၄ နိုင်ငံနဲ့ နယ်မြေ ၇ ခုအတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်သူ ၂.၆ သန်းရှိပြီး လူပေါင်း ၁၉၅, ၀၀၀ ယောက် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

နေ့စဉ်လည်း ကူးစက်ခံရသူ အသစ် ၂၀, ၀၀၀ နီးပါးရှိနေသလို လူပေါင်း ၇၀၀ ကျော် အသက်ဆုံးနေရဆဲပါ။

ဂျာမနီ နဲ့ ပြင်သစ်က ကျန်းမာရေးဝန်ကြီးတွေက WHO ကိုသူတို့ ထောက်ခံ ပံ့ပိုးသွားမှာဖြစ်ကြောင်း ဂျီနီဗာမှာ ပြောကြားခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျာမနီ နဲ့ ပြင်သစ်က ကျန်းမာရေးဝန်ကြီးတွေက WHO ကိုသူတို့ ထောက်ခံ ပံ့ပိုးသွားမှာဖြစ်ကြောင်း ဂျီနီဗာမှာ ပြောကြားခဲ့

"အဲဒီနိုင်ငံတွေထဲက ၁၁ နိုင်ငံမှာ ကူးစက်တာတွေက အရှိန်မြန်နေပြီး ကူးစက်မှုနှုန်းပြန်မြင့်တက် လာနေတာက တကယ့်ကို သိသိသာသာဖြစ်နေပြီ၊ ဘာမှမလုပ်ဘဲထားမယ်ဆိုရင်တော့ ကျန်းမာရေး စနစ်တွေ ဆိုးဆိုးရွားရွားဖြစ်တာပြန်ကြုံရမှာပဲ" လို့ သူက ဆိုပါတယ်။

ပိုလန်၊ ဂျာမနီ၊ စပိန်၊ အစ္စရေး စတဲ့ နိုင်ငံတွေမှာတော့ အန္တရာယ်များတဲ့ ပြန့်ပွားမှုတွေဖြစ်လာတဲ့အခါ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်တာတွေ လုပ်ခဲ့ကြပြီး ကျောင်းတွေ၊ ကျောက်မီးသွေး မိုင်းတွင်းတွေ၊ အစားအစာ ထုတ်လုပ်ရေးလုပ်ငန်း တွေမှာ စည်းမျဉ်းတွေကို သေသေချာချာ ချမှတ်ခဲ့ သလို လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အလျင်အမြန်လုပ်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

"နွေရာသီကုန်လို့ ဆောင်ဦးရာသီစလာတဲ့အချိန်ဆိုရင် ကိုဗစ်-၁၉ အပြင် ရာသီတုပ်ကွေး၊ အဆုတ်ရောင်ရောဂါနဲ့ တခြား ရောဂါတွေလည်းဖြစ်လာမှာမို့ ပြင်ဆင်ထားဖို့လိုတယ်၊ ဒီ ဗိုင်းရပ်စ်ပိုးဟာ အားလုံးရဲ့ ရပ်ရွာအသိုင်းအဝိုင်းမှာ လှည့်လည်ပျံ့နှံ့နေဦးမှာဖြစ်ပြီး၊ အခုအချိန်အထိ ထိရောက်တဲ့ ကုထုံးလည်း မရှိသေးသလို၊ ထိရောက်တဲ့ ကာကွယ်ဆေးလည်း မပေါ်သေးဘူး" လို့ ဒေါက်တာ Kluge က သတိပေးပါတယ်။

ကြာသပတေးနေ့က နောက်ထပ် သီးခြားတိုးတက်မှုတခုကတော့ ဂျာမနီနဲ့ ပြင်သစ်တို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သူတို့ ရန်ပုံငွေတွေ ကူမယ်လို့ ကတိပေးခဲ့တာပါ။

ဂျာမနီက ယူရိုငွေ ၅၀၀ သန်း ( အမေရိကန် ဒေါ်လာ ၅၆၀ သန်း) နဲ့ ကျန်းမာရေး ကိရိယာ ပစ္စည်းတွေ ဒီနှစ်အတွင်း ထောက်ကူမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပြောခဲ့သလို ပြင်သစ်ကလည်း ယူရိုငွေ ၅၀ သန်း တိုက်ရိုက်ကူမှာဖြစ်ပြီး လီယွန်မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ သုတေသနဌာနအတွက် ယူရိုငွေ ၉၀ သန်း ထောက်ပံ့မှာပါ။