ကနေဒါနိုင်ငံသား ၂ ယောက်ကို သူလျှိုမှုနဲ့ တရုတ်က တရားစွဲ

မိုက်ကယ်စပါးဗား(ဘယ်) နဲ့ မိုက်ကယ်ကိုဘရစ် (ညာ)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မိုက်ကယ်စပါးဗား(ဘယ်) နဲ့ မိုက်ကယ်ကိုဘရစ် (ညာ)

တရုတ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ကို ၁၈ လအကြာမှာ သူလျှိုမှုနဲ့ တရားစွဲလိုက်ပါပြီ။

သံတမန်ဟောင်းတယောက်ဖြစ်တဲ့ မိုက်ကယ်ကိုဗရစ်နဲ့ စီးပွားရေးသမား တယောက်ဖြစ်တဲ့ မိုက်ကယ်စပါးဗားဆိုတဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်က ဖမ်းဆီးထားခဲ့တာပါ။

တရုတ်ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဟွာဝေးရဲ့ အမှုဆောင် အရာရှိ မန်ဝမ်ကျိုးကို ကနေဒါနိုင်ငံ ဗန်ကူးဗား မြို့မှာ အမေရိကန်ရဲ့ တောင်းဆိုချက်အရ ကနေဒါက ဖမ်းဆီးလိုက်ပြီးနောက်မှာ သူတို့နှစ်ယောက်လည်း အဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကနေဒါဘက်ကတော့ လုပ်ကြံဖမ်းဆီးတာလို့ ဆိုပေမယ့် တရုတ်ကတော့ မန်ဝမ်ကျိုးကို ဖမ်းလို့ လက်တုံ့ပြန်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ကို ပြည်ပအဖွဲ့အစည်းအတွက် ထောက်လှမ်း သူလျှိုလုပ်မှုနဲ့ သူတို့နှစ်ယောက်စလုံးကို တရားစွဲဆိုထားပါတယ်။တရုတ် တရားစီရင်ရေး စနစ်ဟာ ကွန်မြူနစ်ပါတီထိန်းချုပ်မှုအောက်မှာရှိပါတယ်။

တရားစွဲခံရရင် အပြစ်စီရင်ခံရဖို့ဟာ ၁၀၀ ရာနှုန်းနီးပါးရှိတယ်လို့ ဘေဂျင်းက ဘီဘီစီ သတင်းထောက် စတီဖင်မက်ဒေါ်နယ်က မှတ်ချက်ပေးပါတယ်။

ဖြစ်စဥ်အချိန်ဇယား

ဟွာဝေးကုမ္ပဏီတည်ထောင်သူရဲ့ သမီးဖြစ်သလို ဘဏ္ဍာရေး အရာရှိချုပ်လည်းဖြစ်တဲ့ မန်ဝမ်ကျိုးကို ဗန်ကူးဗားမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

သူဟာ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အမေရိကန်ရဲ့ ပန်ကြားချက်အရ ကနေဒါက သူ့ကို ဖမ်းဆီးခဲ့တာပါ။သူ့ကို အမေရိကန် အစိုးရလက်လွှဲပြောင်း မပေးအပ်ရေး အတွက် ရုန်းကန်ကြိုးစားဆဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံသားတွေကို ဒီဇင်ဘာလ ၁၀ ရက်မှာ ထိန်းသိမ်းခဲ့ပါတယ်။၂၀၁၉ ခုနှစ် မေလမှာ တရားဝင် ဖမ်းဆီးခဲ့ပါတယ်။ နောက် ၁၃ လခွဲအကြာမှာ တရားစွဲဆိုပါတယ်။

နိုင်ငံရေး ရည်မှန်းချက်နဲ့ သူတို့ကို လုပ်ကြံဖမ်းဆီးတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုးက စက်တင်ဘာလမှာ စွပ်စွဲပြောဆိုပါတယ်။

မိုက်ကယ်ကိုဗရစ်ဟာ အဖမ်းဆီးခံရချိန်နောက်ပိုင်း ရှေ့နေနဲ့ရော မိသားစုနဲ့ပါ တွေ့ခွင့်မရဘဲ သံရုံးနဲ့သာ တွေ့ခွင့်ရတယ်လို့ သူ့ရဲ့ အလုပ်ရှင်ဖြစ်တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က ဆိုပါတယ်။

မိုက်ကယ်ကိုဗရစ်ဟာ တရုတ်အစိုးရ အဖွဲ့အစည်းတွေမှာ ပါဝင်တဲ့ တရုတ်အရာရှိတွေ၊ ပညာရှင်တွေ၊ သုံးသပ်သူတွေနဲ့ တွေ့ဆုံအလုပ်တွေလုပ်ရတယ်လို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ကဆိုပါတယ်။

တရုတ်အဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်အရ သူဟာ ကွန်ဖရင့်များစွာကို တက်ရောက်ခဲ့ပါတယ်။

တရုတ်ရုပ်မြင်သံကြားနဲ့ တခြားမီဒီယာတွေမှာ ဒေသတွင်း အရေးတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ ပေးသူ အဖြစ်နဲ့ သူဟာ ခဏခဏပါဝင်တတ်ပါတယ်။

တရုတ်ပြည်အတွက် အန္တရာယ်ရှိမယ့်ဟာ ဘာကိုမှ သူမလုပ်ခဲ့ပါဘူးလို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ အိုင်စီဂျီက ဆိုပါတယ်။

မိုက်ကယ်စပါးဗားဟာ မိသားစုနဲ့လည်း မတွေ့ရ၊ ရှေ့နေလည်း ငှားခွင့်မရဘဲ ဒီနှစ်ဆန်းကတည်းက သံတိုင်တွေနောက်ရောက်ခဲ့တယ်လို့ မိုက်ကယ်စပါးဗား လွတ်မြောက်ရေး ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မိုက်ကယ်စပါးဗားဟာ စိတ်အားထက်သန်သူ၊ ရိုးသားသူ၊ အလွန်ပျော်တတ်သူဖြစ်ပြီး မှားယွင်းဖမ်းဆီးခံရတာလို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

သူတို့နှစ်ယောက်စလုံးကို တနေ့ ၆ နာရီကနေ ၈ နာရီအထိ မေးမြန်း စစ်ဆေးတယ်လို့ ၂၀၁၉ ခုနှစ် ဧပြီလတုန်းက သတင်းရရှိပါတယ်။ တခါတရံမှာ သူတို့ဟာ သဘာဝမဟုတ်တဲ့ အလင်းရောင်အောက်မှာ ၂၄ နာရီလုံးလုံးနေရတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ သူတို့ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။

မန်ဝမ်ကျိုး နောက်ဆုံးအခြေအနေ

ကနေဒါနိုင်ငံမှာ မန်ဝမ်ကျိုးကို အိမ်ချုပ်ချုပ်နှောင်ဖမ်းဆီးထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကနေဒါနိုင်ငံမှာ မန်ဝမ်ကျိုးကို အိမ်ချုပ်ချုပ်နှောင်ဖမ်းဆီးထား

သူ့အမှုကို ဆက်လက်ဆောင်ရွက်ဖို့ ကနေဒါ တရားရုံးက ပြီးခဲ့တဲ့လက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒီအမှုဟာ နှစ်ထပ်ကွမ်း ရာဇဝတ်မှုသင့်တယ်လို့ တရားသူကြီးတဦးက ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ အမေရိကန်ပြည်ထောင်စုမှာရော ကနေဒါမှာပါ နှစ်နိုင်ငံစလုံးမှာ တရားစွဲဆိုခံရနိုင်တယ်ဆိုတဲ့ သဘောပါ။

အမေရိကန် ပိတ်ဆို့အရေးယူမှုကို ကျင့်သုံးဖို့ ကနေဒါကို ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့ မန်ဝမ်ကျိုးရဲ့ ရှေ့နေ ရစ်ချတ်ပက်က အငြင်းအခုံပြုပါတယ်။

ဗန်ကူးဗားက အိမ်ချုပ်ဘဝကို အသေးစိတ်ဖော်ပြတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို မန်ဝမ်ကျိုးက အထိန်းသိမ်းခံရပြီး ၁ နှစ်အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ တနှစ်ကျော် အတွင်းမှာ လက်ရှိအခြေအနေကို ရင်ဆိုင် လက်ခံဖို့ သင်ယူခဲ့ပါတယ်။ လူမသိသူမသိဖြစ်မှာကို မပူပန်တော့ပါဘူး” လို့သူကဆိုပါတယ်။

“စာအုပ်တအုပ်ကို အစအဆုံးဖတ်ဖို့ အချိန်ရလာသလို ရေဆေးပန်းချီကားတချပ်ကိုလည်း သေသေချာချာ ရေးဆွဲချိန်ရလာပါတယ်”လို့ ဆိုပါတယ်။