ကိုရိုနာဗိုင်းရပ်စ်- ကူးစက်မှု တိုးလာလို့ ဘေဂျင်း အသွားအလာ ရပ်တန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူ သန်း ၂၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရုတ်တရက်မြင့်လာလို့ လူသန်းပေါင်းများစွာ ကန့်သတ်ချက် အသစ်တွေနဲ့ နေထိုင်နေကြရပါတယ်။
ဇွန်လ ၁၇ ရက်မှာ ကူးစက်မှု အသစ် ၃၁ ခု ထပ်တွေ့ခဲ့လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကူးစက်မှု ၁၃၇ ခု အထိ ရှိလာပါတယ်။
အခုလို ရုတ်တရက် တိုးမလာခင်က တရုတ်နိုင်ငံရဲ့မြို့တော်မှာ ၅၇ ရက် အထိ ဒေသတွင်း ကူးစက်သူ မရှိခဲ့ပါဘူး။
ဒီကူးစက်ပြန့်ပွားမှုဟာ မြို့တော်ရဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက် ၈၀ ရာခိုင်နှုန်းကို ရောင်းချနေတဲ့ ရှင်ဖန်တီစျေးကြီးက စခဲ့တာလို့ ယူဆရပါတယ်။
ရှင်ဖန်တီစျေးရဲ့ မန်နေဂျာနဲ့ တခြားတာဝန်ရှိသူတွေကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
တားမြစ်မှု အသစ်တွေက ဘာတွေလဲ
နေရာ ၂၇ ခု လောက်ကို ကူးစက်မှု အန္တရာယ် အသင့်အတင့်အဆင့်ရှိတဲ့နေရာတွေလို့ သတ်မှတ်ထားပြီး စျေးနားက နေရာ တစ်ခုကိုတော့ ကူးစက်မှု အန္တရာယ် များတဲ့နေရာလို့ သတ်မှတ်ထားပါတယ်။
ကူးစက်မှု အန္တရာယ် များတဲ့နေရာနဲ့ အသင့်အတင့် ရှိတဲ့နေရာတွေက လူတွေ မြို့ထဲက ထွက်ခွင့်မရှိဘဲ ကူးစက်မှု အန္တရာယ်နည်းတဲ့နေရာတွေက လူတွေကိုတော့ ထွက်ခွင့်ပေးထားပါတယ်။
သူတို့တွေ ထွက်မယ်ဆိုရင်တော့ ပိုးကူးစက်မှု မရှိဘူးဆိုတဲ့ ဆေးစစ်အဖြေရှိဖို့ လိုပါတယ်။
ဒါပေမဲ့ ဆေးစစ်ချက် ရဖို့က ခက်နေပါတယ်။ ဆေးစစ်ဌာန သုံးခုက ဇူလိုင်လ အထိ စစ်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီ စင်တာတွေရဲ့ အပြင်မှာလည်း တန်းစီနေတဲ့ လူတန်းကြီးတွေ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြို့ကို အဆင်း၊အတက်လုပ်မယ့် လေယာဥ်ခရီး ၁၂၀၀ ကျော်လည်း ဖျက်လိုက်ပါတယ်။
ရထားခရီးစဥ်တွေကိုတော့ အနည်းဆုံး ဇူလိုင် ၉ ရက် အထိ လျှော့ထားပါတယ်။
မူလတန်း၊အလယ်တန်းနဲ့ ကောလိပ်တွေလည်း ရပ်ထားပါတယ်။ အားကစား အသင်းတွေလည်း ကစားခွင့် မရှိဘဲ ရေကူးကန်တွေ နဲ့ ကိုယ်လက်လေ့ကျင့် အားကစားခန်းမတွေ လည်း ပိတ်ထားရပါတယ်။
ဒါပေမဲ့ လမ်းတွေကိုတော့ ဖွင့်ထားပါတယ်။ ရုံးတွေနဲ့ စက်ရုံတွေလည်း လည်ပတ်နေဆဲ ဖြစ်ပါတယ်။
မြို့ကို အန္တရာယ်ဖြစ်နိုင်ခြေ ဒုတိယအမြင့်ဆုံးအဆင့် အရေးပေါ်သတိပေးချက်ထုတ်ထားပါတယ်။
ဖေဖော်ဝါရီလကူးစက်စဥ်ကနဲ့ အခုအခြေအနေ ကွာခြားချက်က အခုအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရရုံးတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဆက်ဖွင့်နေသေးတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ တစ်ခုလုံးအနေနဲ့ဆိုရင် အခုလပိုင်းတွေမှာ ကူးစက်မှုတွေကို ထိန်းထားနိုင်ခဲ့ပါတယ်။
မတ်လအစပိုင်းမှာ ကူးစက်သူ ရှစ်သောင်း ကျော်သွားပြီးနောက်ပိုင်း ကူးစက်သူ ၃၂၀၀ လောက်ပဲ ထပ်တိုးခဲ့ပါတယ်။








