ဘေဂျင်းမှာ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်မှုတွေဖြစ်

ဘေဂျင်းမြို့ ယူကွမ် အရှေ့ဈေးနားက လူနေရပ်ကွက်တစ်ခုမှာ အကန့်အသတ်တွေ ချထားပြီးအစောင့်တွေနဲ့ စောင့်ကြပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေဂျင်းမြို့ ယူကွမ် အရှေ့ဈေးနားက လူနေရပ်ကွက်တစ်ခုမှာ အကန့်အသတ်တွေ ချထားပြီးအစောင့်တွေနဲ့ စောင့်ကြပ်နေ

ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားနေပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ရောဂါကူးစက်မှုအသစ် ၃၆ ခု ထပ်ဖြစ်ခဲ့ပါတယ်။

စနေနေ့တုန်းကလည်း ရောဂါကူးစက်မှု ၃၆ ခု တွေ့ခဲ့ပါတယ်။ဒီ့အရင် ရက်ပေါင်း ၅၀ ကျော်လောက် ဘေဂျင်းမြို့မှာ ရောဂါကူးစက်သူ မရှိခဲ့ပါဘူး။

နောက်ထပ် ရောဂါကူးစက်ပြန့်ပွားမယ့် အန္တရာယ် ကြီးမားနေဆဲပဲလို့ တရုတ် ဒုတိယဝန်ကြီးချုပ် ဆွန်ချွန်လန်းက သတိပေးလိုက်ပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တာတွေ လုပ်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

အဲဒီလို ရောဂါကူးစက်မှုတွေ ထပ်ဖြစ်တာဟာ ဘေဂျင်းမြို့ရဲ့အကြီးဆုံး လက်ကားဈေးကြီးနဲ့ ဆက်စပ်နေပါတယ်။

အဲဒီဈေးက မန်နေဂျာနဲ့အတူ ဒေသန္တရတာဝန်ရှိသူတွေကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်။

ဘေဂျင်းမြို့နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဒါမှမဟုတ် သံသယလူနာတွေကို တခြားပြည်နယ် ၃ ခုဖြစ်တဲ့ လီယောင်နင်း၊ ဟီဘေးနဲ့ စီချွမ် ပြည်နယ်တွေမှာလည်း တွေ့ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘေဂျင်းမြို့ဈေးမှာ ပြည်ပကတင်သွင်းတဲ့ ဆယ်မွန်ငါးတွေ ခုတ်တဲ့ စဥ့်နီတုံးတွေပေါ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ခဲ့တဲ့အတွက် မြို့ပေါ်က စူပါမားကက်တွေမှာ ရောင်းနေတဲ့ ငါးတွေ အကုန်ပြန်သိမ်းခဲ့ရတယ်လို့အဲဒီက မီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။

တရုတ်အစိုးရ ကျန်းမာရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘေဂျင်းမြို့မှာ ရောဂါကူးစက်မှုအသစ် ကြာသပတေးနေ့က တစ်ခု၊ သောကြာနေ့က ခြောက်ခု ထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။

စနေနေ့မှာတော့ ရောဂါကူးစက်ခံထားရသူ ၃၆ ဦး ဘေဂျင်းမြို့မှာ တွေ့ခဲ့ပါတယ်။ အားလုံးဟာ အဲဒီ ဇင်ဖာဒီ ဈေးနဲ့ ဆက်နွယ်နေပါတယ်။ အဲဒီဈေးဟာ အာရှတိုက်ရဲ့ အကြီးဆုံးလက်ကားဈေးကြီး ဖြစ်တယ်လို့ တရုတ်အစိုးရသတင်းဌာနခွဲတစ်ခု ဖြစ်တဲ့ CGTN သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီဈေးကို ချက်ချင်းပဲ လော့ခ်ဒေါင်း ချလိုက်ပြီး အနားက ရပ်ကွက် ၁၁ ခုမှာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

ဒီနေ့ တနင်္လာနေ့မှာ ဈေးနားတစ်ဝိုက်က နောက်ထပ် ရပ်ကွက် ၁၀ ခုမှာလည်း ကန့်သတ်မှုတွေ ချမှတ်လိုက်တယ်လို့ CGTN သတင်းမှာ ဖော်ပြထားပါတယ်။

ဧည့်သည် ဒါမှမဟုတ် ပစ္စည်းပို့တာတွေ ခွင့်မပြုဘဲ ရပ်ကွက်သားတွေကိုတော့ အဝင်အထွက် လုပ်ခွင့်ပေးထားပါတယ်။

ဈေးနားက အထက်တန်းကျောင်းတွေနဲ့ ကလေးထိန်းကျောင်းတွေကို ပိတ်ခိုင်းထားလိုက်ပြီး ဒီကနေ့ ပြန်ဖွင့်ဖို့ရှိတဲ့ မူကြိုကျောင်းတွေလည်း ပြန်မဖွင့်သေးဘဲ ရက်ရွှေ့လိုက်တယ်လို့ Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ရောဂါ ကူးစက်ပြန့်ပွားမှုဟာ ဒီလို ဈေးမျိုးတစ်ခုနဲ့ ဆက်နွယ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရောဂါ ကူးစက်ပြန့်ပွားမှုဟာ ဒီလို ဈေးမျိုးတစ်ခုနဲ့ ဆက်နွယ်နေ

တရုတ်ကွန်မြူနစ်ပါတီရဲ့ အကောင်းဆုံးနဲ့အဆိုးဆုံး လုပ်ဆောင်ချက်တွေ

(ဘေဂျင်းမြို့က တရုတ်ရေးရာ သတင်းထောက် စတီဖန် မက်ဒေါနယ်လ်ရဲ့ သုံးသပ်ချက်)

အခုချိန်မှာ ရောဂါကူးစက်ဖြစ်ပွားမူ အရေအတွက်ဟာ သိပ်ကြီးမားတဲ့ပုံ ရှိချင်မှ ရှိမှာပါ။

ဒါပေမဲ့ ရက်ပေါင်း ၅၀ ကျော်လောက် ရောဂါကူးစက်ခံရသူမရှိခဲ့ရာကနေ အခုလို ရောဂါကူးစက်သူတွေ ပြန်တွေ့လာရတာကြောင့် ဘေဂျင်းမြိုမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယ တစ်ကျော့ အကြီးအကျယ် ကူးစက်ပြန့်ပွားလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဒီတော့ မေးစရာ ဖြစ်လာတာက ဒီလိုမျိုး လုပ်နေရင် တစ်ခုခု ဖြစ်လာတဲ့အခါ ဖွင့်ဟပြောဖို့ ကြောက်လာကြပြီး ဖုံးကွယ်တာတွေ လုပ်လာနိုင်တာမို့ ဒီလို လုပ်တာဟာ အလုပ်ဖြစ်မလား ဆိုတာပါ။

အထူးသဖြင့် အခု ရောဂါကူးစက်ခံထားရသူတွေဟာ ဘေဂျင်းမြို့ရဲ့ သားငါးနဲ့ ဟင်းသီးဟင်းရွက် ၈၀ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေတဲ့၊ နေ့စဉ် လူ ထောင်သောင်းချီ လာရောက်ကြတဲ့ ဒီလက်ကားစျေးကြီးနဲ့ ဆက်စပ်နေတယ်ဆိုတာကို ခြေရာခံ စစ်ဆေးတွေ့ရှိထားလို့ပါ။

ဒါကို တုံ့ပြန်ဆောင်ရွက်ရာမှာ သမ္မတ ရှီကျင့်ဖျင် လက်အောက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး လုပ်ရပ်တွေကို ထပ်တွေ့လာရပြန်ပါတယ်။

ဖန်တိုင်းခရိုင် အစိုးရအဖွဲ့ ဒုတိယအကြီးအကဲကို ရာထူးကနေ ဖယ်ရှားလိုက်သလို ဟွာရှင်းဒေသရဲ့ပါတီအတွင်းရေးမှူးကိုလည်း ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဇင်ဖာဒီဈေးရဲ့ မန်နေဂျာလည်း အလုပ်ထုတ် ခံခဲ့ရသလို ဈေးရဲ့ တခြားတာဝန်ရှိသူတွေလည်း ပါတီရဲ့စည်းကမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆင့်ခေါ် မေးမြန်းတာကို ခံခဲ့ကြရပါတယ်။

လူတွေကို သီးသန့် ခွဲထားရာမှာ မြန်ဆန်ခဲ့မှုနဲ့ လုပ်ဆောင်နိုင်ခဲ့မှုအား၊ ရောဂါပိုးရှိမရှိ လူအများကြီးကိုစစ်ဆေးနိုင်ခဲ့မှု စတာတွေက အတော့် ကို ချီးကျူးစရာပါ။ ဒါပေမဲ့ တာဝန်ရှိသူတွေကို ရာထူးကနေ ထုတ်ပယ်ပစ်တာကတော့ သိပ်မကောင်းလှပါဘူး။

မြင်နိုင်စွမ်း မရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက် ကူးစက်ရောက်ရှိလာတာဟာ သူတို့ကြောင့် ဖြစ်တယ်ဆိုမှသာ တာဝန်ရှိသူတွေကို ဒီလိုရာထူးကနေ ထုတ်ပယ်သင့်တာပါ။

ဘေဂျင်းမြို့မှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံတဝန်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ် အမျိုးအစားနဲ့ မတူဘဲ တစ်ခြား တစ်နေရာကနေ ရောက်လာပုံရတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန (CDC) ရဲ့ရောဂါဗေဒပညာရှင် က ပြောပါတယ်။

အခုအခါ အဲဒီစျေးက စျေးဝန်ထမ်း တစ်သောင်းလောက်ကို ပိုးရှိမရှိ စစ်ဖို့ လုပ်နေပါတယ်။

ဘေဂျင်းမြို့နဲ့ တရုတ်နိုင်ငံက နေရာအများစုမှာ ပုံမှန် သွားလာလှုပ်ရှားမှုတွေ စလုပ်နေချိန်မှာပဲ အခုလိုကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ ဖြစ်လာခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှုတွေ ချထားဆဲ ဖြစ်ပေမဲ့ လူတွေ သတိကြီးကြီးနဲ့ အလုပ်ခွင် ပြန်ဝင်နေကြပြီး ကျောင်းသူကျောင်းသားတွေလည်း ကျောင်းပြန်တက်နေကြချိန် ဖြစ်ပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images