လော့ခ်ဒေါင်းအောက်က ဒလိုင် လားမားရဲ့ အမြော်အမြင်

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ဘေးဆိုက်နေတဲ့ကာလအတွင်းမှာလည်း တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင်ဟာ အကောင်းမြင်နိုင်ဖို့အကြောင်းရင်းတွေကို ရှာကြည့်နိုင်ပါတယ်။ လူတွေက တစ်ယောက်နဲ့ တစ်ယောက်ကူညီဖေးမပေးကြတယ်လို့ ဘီဘီစီ သတင်းထောက် Justin Rowlatt ကို သူက မိန့်ပါတယ်၊ တကယ်လို့သာ ဒီကမ္ဘာမြေပေါ်က သန်း ၇၀၀၀ သောလူသားတွေ "တသားတည်းပဲဆိုတဲ့စိတ်" မွေးလာကြမယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုရဲ့ ပြဿနာတွေကို ဖြေရှင်းရေးအတွက် သူတို့ညီညွတ်လာကြမယ်လို့ လည်း ဘုန်းတော်ကြီးက ဆိုပါတယ်။

ကျွန်တော်သူနဲ့ ပထမဆုံးအကြိမ်ဆုံတုန်းက ကျွန်တော့် ပါးကို သူက လိမ်ဆွဲခဲ့ဖူးပါတယ်။

တစ်ယောက်ယောက်က ခင်ဗျားပါးကို လိမ်ဆွဲရင် အတော်ခပ်ဆန်းဆန်းပဲထင်မိမှာပေါ့၊ သူ့ကို ယုံကြည်ကြသူတွေ အနေနဲ့ ဘုရားတစ်ဆူလိုအလေးထားခံရ သူကအခုလို နှုတ်ဆက်တာကို မယုံစရာတောင်ဖြစ်နိုင်ပါတယ်။

ဟုတ်ပါတယ်၊ ဒလိုင် လားမားဟာ သူ့ကို အင်တာဗျူးတဲ့ သတင်းထောက်တွေကို အပျော်စိတ်ထားပြီး စနောက်တတ်တဲ့ သူပါ။

ကျွန်တော်တို့သူ့ကို အခုနောက်ဆုံးတွေ့တာကတော့ ဗီဒီယို ကွန်ဖရင့်ကောလ် က တစ်ဆင့်ကနေပါ၊ အဲဒီမှာလည်း သူ့ရဲ့ နှုတ်ဆက်ပုံအမူအရာကကော ဘယ်လောက်ထူးခြားပါလေမလဲ၊ တွေးကြည့်လို့ မပေါ်နိုင်ခဲ့ပါဘူး။

ဒလိုင် လားမားဟာ ခပ်သွက်သွက်ပဲ မြင်ကွင်းထဲရောက်လာပြီး ကင်မရာရဲ့အရှေ့က ခုံမှာလာထိုင်တယ်၊ သူ့ သင်္ကန်းကိုပုံစံကျအောင် ပြင်ရုံရင်း၊ ပြုံးလို့ပါ။

ပြုံးပြုံးရယ်ရယ်နဲ့ "၅ နာရီ ခွဲ"လို့ဆိုရင်း "အတော်စောသလား" တဲ့၊ မျက်လုံးဝင့်ပြရင်းမေးပါတယ်။

ကျွန်တော်တို့ ၂ ယောက်လုံး ရယ်ဖြစ်ကြပါတယ်၊ သူ ကျွန်တော့်ကို စနောက်ပြန်ပါပြီ။

တိဘက်ဘုန်းတော်ကြီးက အင်တာဗျူးလက်ခံမယ်ဆိုတော့ ကျွန်တော်သိပ်ကို ဝမ်းမြောက်ပျော်ရွှင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူ့အတွင်းရေးမှူးက အိန္ဒိယ စံတော်ချိန် မနက် ၉ နာရီလို့အကြောင်းကြားလာတော့ အပျော်က နည်းနည်းလေး ပြန်ငုပ်သွားရပါတယ်။

အဲဒါဆိုရင် ယူကေက အချိန် မနက် ၄ နာရီခွဲပေါ့။ သဘောကတော့ ရုံးကို မနက် ၃ နာရီခွဲ ရောက်ရမယ် ဆိုတာပါ။

အင်တာဗျူးအတွက် ထုတ်လုပ်သူနေရာက စီစဉ်ပေးတဲ့ James Bryant က ဘုန်းတော်ကြီးရဲ့ အတွင်းရေးမှူးကနေ တဆင့် နည်းနည်းညှိကြည့်တော့ အိန္ဒိယ အချိန် မနက် ၁၀ နာရီ ကို လှိုက်လှိုက်လှဲလှဲနဲ့ သဘောတူပေးကြပါတယ်။

ဒီတော့ အရင်သီတင်းပတ် ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီမှာ ကျွန်တော် လန်ဒန်က ဘီဘီစီ ရုံးရောက်နေပြီး အိန္ဒိယမြောက်ပိုင်းက ဒရမ်ဆာလာနဲ့ ချိတ်ထားတဲ့ ဗီဒီယိုလင့်ခ်လိုင်းက မြင်ကွင်းတွေကို တွေ့နိုင်ခဲ့ပါပြီ။

ဝန်းကျင်မြင်ကွင်းတွေကတော့ သိပ်ကိုကွဲပြားလွန်းလှပါတယ်။

ကျွန်တော်က ခပ်ဖျော့ဖျော့မီးရောင်အောက်က လွတ်နေတဲ့ခုံတန်းက တနေရာမှာထိုင်လို့ပါ၊ တစ်ဘက်မှာတော့ ဟိမဝန္တာတောင်တန်းတွေရဲ့အခြေတစ်နေရာမှာရှိတဲ့ တောင်ကုန်းလေးတခုပေါ်က ကျောင်းတော်မှာ ရွှေဝါရောင်သင်္ကန်းတွေ ရုံထားတဲ့ သံဃာတော်တွေက ခမ်းနားတဲ့ အခန်းတခန်းအတွင်းမှာ ကေဘယ်လ်ကြိုးတွေကို နေရာချလို့၊ ကင်မရာတွေကို ချိန်ညှိလို့ နဲ့ လှုပ်ရှားသက်ဝင်လို့နေပါတယ်။ ကြည်လင်တဲ့ အလင်းရောင်ဟာ ကျောင်းတော်ရဲ့ ပြတင်းပေါက်တွေကနေ ထိုးဝင်ဖြာကျနေပါတယ်။

လော့ခ်ဒေါင်းချထားတာကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ရေခဲပြင်ဖုံး နေတဲ့တောင်ထိပ်တွေကိုမြင်နေရတဲ့ အဲဒီ ကျောင်းတော်လိုနေရာမှာထက် တခြားနေရာတွေမှာ ပိုအားထုတ်ရုန်းကန်နေရပါတယ်၊ ဒလိုင် လားမားကလည်း အဲဒီလို အသိအမှတ်ပြုပါတယ်။

အဝေးရောက် ဒလိုင်း လားမားရဲ့ ကျောင်းတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဝေးရောက် ဒလိုင်း လားမားရဲ့ ကျောင်းတော် (ဒရမ်ဆလာ နားက McLeod Ganj မှာရှိ)

"ဒီမှာ ကျွန်တော်တို့ သိပ်သန့်ရှင်းတဲ့ရေရတယ်၊ လေကလည်း သိပ်ကိုသန့်စင်ပါတယ်၊ ကျွန်တော် ဒီမှာ သိပ်ငြိမ်းငြိမ်းချမ်းချမ်းနေပါတယ်" လို့ ပြောရင်း သူ့ထုံးစံအတိုင်း အကျယ်ကြီး ရယ်နေပြန်ပါတယ်။

ဒီထိတ်လန့်စရာ ကမ္ဘာ့ကပ်ကာလမှာ ရောဂါခံစားနေရသူတွေ၊ စိုးရိမ်နေကြသူတွေ အတွက် သူအမြဲတွေးတယ်၊ သူမေတ္တာပို့တယ်၊ အဲဒီလိုတစ်ချိန်တည်းမှာပဲ သူက အလေးထားအတုယူအားကျစရာတွေ၊ ချီးကျူးဂုဏ်ပြုစရာတွေလည်းရှိတယ် လို့ ဆိုပါတယ်။

ဒလိုင် လားမားက ပြုံးနေရင်းနဲ့ "လူတွေအများကြီးပဲ၊ သူတို့အပေါ်ကျလာနိုင်တဲ့ အန္တရာယ်ကို အမှုမထားပဲ သူတပါးကို အကူအညီတွေပေးကြတယ်၊ ဒါသိပ်ကို ချီးကျူးစရာပါ" လို့ ပြောပါတယ်။

"ကျွန်တော်တို့ ဝမ်းနည်းစရာအခြေအနေတွေကြုံလာရရင် အဲဒီအခြေအနေတွေက ကိုယ်ချင်းစာနာတတ်တဲ့ လူသားတို့ရဲ့ နက်ရှိုင်းတဲ့ ဂုဏ်တန်ဖိုးကို ပိုပြီးပေါ်ထွက်လာစေတယ်"

"ပုံမှန်လိုအချိန်မှာ အဲဒီဂုဏ်တန်ဖိုးကို လူတွေက သိပ်မတွေးကြပေမယ့် တခြားသူတပါးတွေ ခံစားနေကြရတာကိုတွေ့ရင် ချက်ချင်းကိုပဲတုံ့ပြန်ကူညီကြတာပါ" လို့သူက မိန့်ပါတယ်။

ကြောက်ရွံ့ထိတ်လန့်နေသူတွေ၊ စိုးရိမ်နေကြသူတွေကို ဘယ်လိုများ အကြံပြုချင်ပါလဲလို့ မေးရာမှာ သူ ဖြေခဲ့တာတွေပါ။

သိပ်အများကြီး မစိုးရိမ်အောင် ကြိုးစားကြည့်ဖို့ အရေးကြီးတယ် လို့လည်း သူက အကြံပေးပါတယ်။

McLeod Ganj က နှာခေါင်းစည်း တပ်ထားတဲ့ ဘုန်းကြီးတပါး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, McLeod Ganj က နှာခေါင်းစည်း တပ်ထားတဲ့ ဘုန်းကြီးတပါး

"ကိုယ်တိုင်ကြုံနေရတဲ့ အခြေအနေတစ်ခုကို ကျော်လွှားဖို့ လမ်းတစ်ခုရှိတယ်ဆိုရင်၊ အဲဒါကို ကြိုးစားဖို့ပဲ၊ စိုးရိမ်နေစရာမလိုပါဘူး"

"တကယ်လို့ ကျော်လွှားစရာ ဘာလမ်းမှမရှိဘူးဆိုပါတော့၊ အဲဒီအခါလည်း ဘာမှပူပင်စရာမလိုပါဘူး၊ ကိုယ်က ဘာမှလုပ်နိုင်တာမှမဟုတ်တာ။ ဟိုးအရင်ခေတ်ကလိုပဲ၊ ဖြစ်နေတာကို လက်ခံလိုက်ရုံပါပဲ" လို့ သူက ရှင်းပြပါတယ်။

ဒလိုင် လားမားဟာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ သက်တော် ၈၅ နှစ်ပြည့်တော့မှာပါ။

"ကိုယ့်ကိုယ်ကို သိပ်အိုသွားပြီလို့ ကျွန်တော်မတွေးဘူး၊ လူအိုတယောက်ဟာ ဘာမှအသုံးမကျဘူး လို့လည်း ကျွန်တော်မတွေးပါဘူး"

"လူငယ်တွေဆိုတာ သန်မာတယ်၊ သူတို့စိတ်တွေက လန်းဆန်းတယ်၊ သူတို့အနေနဲ့ ကမ္ဘာကြီးပိုကောင်းလာဖို့ လုပ်ပေးနိုင်ကြပါတယ်၊ ဒါပေမဲ့ သူတို့ သိပ်ကို စိတ်လှုပ်ရှားတက်ကြွလွန်းနေပါတယ်" လို့ သူက ရယ်သွမ်းသွေးရင်း ပြောပါတယ်။

"အသက်ကြီးသူတွေက အတွေ့အကြုံတွေပိုရှိတော့ လူငယ်တွေကို သင်ကြားပေးရင်းနဲ့ သူတို့ကို ကူညီနိုင်ပါတယ်၊ သူတို့ အေးဆေးဖို့အတွက် ကျွန်တော်တို့ ပြောနိုင်ပါတယ်" သူ ကပြောရင်း ထပ်ရယ်ပြန်ပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

သူ ဒီအချိန်မှာအလေးထားဖို့အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့အရေးတွေထဲက တခုဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကိုဖြေရှင်းဆောင်ရွက်ကြဖို့အရေးမှာ လူငယ်တွေက ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်မယ်ဆိုတာကို သူက ယုံကြည်ပါတယ်။

သူ့ ဘဝသက်တမ်းအတွင်းမှာ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို သူမြင်ခဲ့ရပြီလို့ သူက ပြောပါတယ်၊ သူ့ လူငယ်ဘဝကို ပြန်အောက်မေ့ပြီးပြောတဲ့အချိန်မှာ သူဟာ အတော့်ကို စိတ်လှုပ်ရှားတက်ကြွနေတဲ့ပုံလည်း ရှိပါတယ်။

၁၉၃၅ ခုနှစ် အတွင်း တိဘက်ကုန်းမြေမြင့်က ခေါင်သီလှတဲ့ ရွာတစ်ရွာမှာ အခု (၁၄ ယောက်မြောက်) ဒလိုင် လားမား ဖွားမြင်ခဲ့တာပါ။

သေသူရဲ့ ဝိညာဉ် သံသရာလည်တယ်ဆိုတဲ့ ယုံကြည်မှုအရ (၁၃ ယောက်မြောက်) ဒလိုင် လားမား ကို ပြန်ဝင်စားသူ (tulku) အဖြစ်သူ့ကို ၁၉၃၇ မှာ သတ်မှတ်ခဲ့ကြပါတယ်။

"ကျွန်တော် တိဘက်မှာနေတုန်းက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ဘာ ဗဟုသုတမှ မရှိခဲ့ပါဘူး၊ (သဘာဝ ပတ်ဝန်းကျင်ဆိုတာ) အမြဲတမ်း ရှိနေမယ်၊ ရနေမယ်လို့ ပဲ ထင်ထားခဲ့တာ၊ အဲဒီတုန်းက ဘယ်စမ်းချောင်းက ဖြစ်ဖြစ် ကျွန်တော်တို့ ရေ သောက်လို့ရတယ်လေ"

သူ အိန္ဒိယကို ရောက်လာတဲ့အချိန်၊ ကမ္ဘာကိုသူပတ်ပြီး ခရီးသွားတဲ့အချိန်တွေမှာတော့ သဘာဝ ပတ်ဝန်းကျင်က ဘယ်လောက်ပျက်စီးနေပြီလဲဆိုတာ သူ သိလာခဲ့ပါတယ်။

"ဒရမ်ဆလာကို ၁၉၆၀ မှာ ရောက်တယ်၊ အဲဒီဆောင်းတွင်းမှာ နှင်းတွေက အများကြီးကျတယ်၊ နောက်နှစ်တွေတိုင်းမှာတော့ နှင်းကျတာက ပိုပို နည်းလာတယ်လေ"

တိဘက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးက "ကမ္ဘာကြီးပူနွေးလာနေတာကို ကျွန်တော်တို့ သိပ်ကို အရေးထားသင့်ပြီ" လို့ မိန့်ကြားပါတယ်။

ဟိမဝန္တာတောင်ခြေ McLeod Ganj အရပ်မှာ မြူတွေ ထူနေစဉ် (ဇန်နဝါရီ ၂၀၁၇)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟိမဝန္တာတောင်ခြေ McLeod Ganj အရပ်မှာ မြူတွေ ထူနေစဉ် (ဇန်နဝါရီ ၂၀၁၇)

ကမ္ဘာအနေနဲ့ ရုပ်ကြွင်းလောင်စာဆီတွေအပေါ်မှီခိုနေရတာကနေ ပြောင်းလဲဖို့၊ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်တဲ့ကဏ္ဍတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံကြဖို့ သူက တိုက်တွန်းပါတယ်။

အရေးကြီးတစ်ခုအနေနဲ့ သူပြောပြတာက ကျွန်တော်တို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်သူ့ကိုမှ မမှီခိုဘဲ သီးသန့်နေနိုင်ကြတဲ့ လူတွေမဟုတ်ပါဘူးတဲ့၊ ကျွန်တော်တို့ အစိတ်အပိုင်းတရပ် အဖြစ် ပါဝင်နေတဲ့ လူမှုအသိုင်းအဝိုင်းကို မှီခိုနေရတဲ့သူတွေသာဖြစ်တယ် လို့ဆိုတာပါ။

"သင့်မိသားစု ဘယ်လောက်ချမ်းသာနေပါစေ၊ လူမှုအသိုင်းအဝိုင်းဆိုတာမရှိရင် သင်ဘယ်လိုမှ မရှင်သန်နိုင်ဘူး" လို့ သူက ဆိုပါတယ်။

"အတိတ်မှာတုန်းကတော့ လူတွေက ဒါ ငါ့ (ဥရောပ၊ အာရှ စသည်) တိုက်၊ ဒါ ငါ့ နိုင်ငံ၊ ဒါ ငါ့ ကိုးကွယ်ရာဘာသာ စသဖြင့် အဲဒါတွေအပေါ် အများကြီးအလေးပေးကြတယ်၊ အခုတော့ အဲဒီလို တွေးခေါ်စဉ်းစားတာမျိုးက ခေတ်မရှိတော့ပါဘူး၊ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ လူသားပေါင်း သန်း ၇၀၀၀ ဟာ တို့ တသားတည်းဆိုတဲ့ စိတ်မျိုးရှိဖို့ တကယ့်ကို လိုအပ်နေပါပြီ"

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကနေ ထွက်ပေါ်လာမယ့် အပေါင်းလက္ခဏာဆောင်ဖြစ်ထွန်းမှုတွေထဲက တစ်ခုအနေနဲ့ အဲဒီ တသားတည်းဖြစ်စိတ် ဖြစ်လာနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဗိုင်းရပ်စ်ကပေးလာတဲ့ ခြိမ်းခြောက်မှုကို ကမ္ဘာက တုံ့ပြန်ဖို့ မြန်မြန်ဆန်ဆန်နိုးထခဲ့ပေမယ့် ဆယ်စုနှစ်တွေ နဲ့ချီပြီး တိုးတိုး ဖြစ်လာနေတဲ့ ကမ္ဘာကြီးပူနွေးလာနေပြီဆိုတဲ့ ခြိမ်းခြောက်မှုက ပိုပြီးစိမ့်ဝင်ပျံ့နှံ့လာနေပြီလို့ သူက ဆိုပါတယ်။

အလျင်အမြန်တုံ့ပြန်ဖို့မလိုဘူးလို့ မှတ်ထင်နေကြပေမယ့် ထိန်းလို့ သိမ်းလို့မရမယ့် အခြေအနေအထိ အမြန်ရောက်သွားနိုင်တာကို သူ စိုးရိမ်ပါတယ်။

အဲဒီ စိန်ခေါ်မှုနဲ့ ဆက်နွယ်နေတာတစ်ခုကလည်း ဒလိုင် လားမားအမြဲတွေးနေတဲ့ အရေးတွေထဲက တစ်ခုပါ၊ အဲဒါကတော့ ပညာရေး ပါ။

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

"ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားခံစားမှုတွေကို ဘယ်လိုပြောင်းလဲယူမလဲဆိုတဲ့အပေါ် ကမ္ဘာတခုလုံးက အခုထက်ပိုပြီး အာရုံစိုက်ပေးဖို့လိုတယ်"

"ဒါတွေက ပညာရေးထဲမှာ အစိတ်အပိုင်းအဖြစ်ထည့်ရမှာ၊ ဘာသာရေးမဟုတ်ဘူးနော်၊ အေးချမ်းတဲ့စိတ်ဆိုတာ ဘာလဲ၊ အေးချမ်းတဲ့စိတ်ကို ဘယ်လိုရအောင်လုပ်ရမလဲဆိုတာကို သိအောင်လုပ်တဲ့ ပညာရေး၊ အဲဒါ သိပ်ကိုအရေးကြီးပါတယ်"

ဒီလိုနဲ့ အင်တာဗျူးရဲ့ အခက်အခဲဆုံး အပိုင်းကို ရောက်လာပါတယ်၊ ကျွန်တော်က ဒလိုင် လားမား ပျံလွန်တော်မူရင်၊ အတိအကျဆိုရရင် သူ့ကို ပြန်ဝင်စားမယ့်အရေးနဲ့ ပတ်သက်လို့ မေးချင်တာပါ။

ဒါက သူ့တစ်ဦးတည်းအရေးတင်မဟုတ်ပါဘူး၊ သူကွယ်လွန်ရင် ဘာဖြစ်လာမှာလဲ ဆိုတာတွေက တိဘက် ဗုဒ္ဓဘာသာနဲ့ တိဘက် လွတ်လပ်ရေး လှုပ်ရှားမှုအနာဂတ်အတွက် အဓိကကျပါတယ်။

တိဘက်ဒေသကို သူတို့ပိုင်နက်အဖြစ်သတ်မှတ်ဖို့ တရုတ်က ၁၉၅ဝမှာ သူတို့တပ်တွေကို စေလွှတ်ခဲ့ပါတယ်။

ဒါကို တရားမဝင်ကျူးကျော်သိမ်းပိုက်တာလို့မြင်တဲ့အတွက် တိဘက်လူမျိုးအများအပြားက အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။

တိဘက်ပြည်သူတွေရဲ့ ဘာသာရေးအရအလေးအမြတ်ခေါင်းဆောင် ဒလိုင် လားမားဟာ ဒီ ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ဦးသျှောင်ပြယုဂ်ပါ။

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

သူကွယ်လွန်သွားရင် တိဘက်လို "ကြီးမြတ်သော ခေါင်းဆောင်ကြီး" လို့ အဓိပ္ပါယ်ရတဲ့ ဒလိုင် လားမား ဆိုတာကို ဆက်ခံတဲ့ အစဥ်အလာတွေလည်း နိဋ္ဌိတံသွားမှာပါလို့ သူတချိန်တုန်းက ပြောဖူးခဲ့ပါတယ်။

"အဲဒီ (အစဉ်အလာ) ဟာတွေက ဒီ ကြီးကျယ်တဲ့ လားမား နဲ့အတူ ပြီးဆုံးသွားမှာပါ" ကို အခုလည်း သူ ကျွန်တော့်ကို ပြောပါတယ်၊ သူ့ရင်ဘတ်ကို လက်ညိုးထိုးပြရင်း၊ ရယ်ရင်း နဲ့ပါ။

ဘာဖြစ်လာမလဲဆိုတာကို တိဘက်နဲ့ မွန်ဂိုလီးယားမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဆုံးဖြတ်ပါလိမ့်မယ် လို့ သူက ပြောပါတယ်။

(၁၄ ယောက်မြောက်) ဒလိုင် လားမားရဲ့ ဝိညာဉ် နောက် တစ်ပါးဆီမှာ ပြန်ဝင်စားမှာလား ဆိုတာကို သူတို့ ဆုံးဖြတ်ကြပါလိမ့်မယ်။

အဲဒီလုပ်ငန်းစဥ်က အခက်အခဲတွေ၊ အန္တရာယ်တွေရှိနိုင်ပါတယ်၊ တိဘက် ဗုဒ္ဓဘာသာမှာ ဒုတိယ ဩဇာအကြီးဆုံး ဘုန်းတော်ကြီး အဖြစ် ပြန်ဝင်စားတယ်လို့ အခု ဒလိုင် လားမား က သတ်မှတ်ခဲ့တဲ့ ကလေးအရွယ် ပန်ချင် လားမား က ၁၉၉၅ ခုနှစ်အတွင်းမှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီ ပန်ချင် လားမားဟာ ဒလိုင် လားမား ပြန်ဝင်စားမယ့်သူ ရှာဖွေရေးမှာ ဦးဆောင်ရမယ့် သူပါ။

ဒါတွေနဲ့ ပတ်သက်လို့ သူ့ကို ယုံကြည်ကိုးကွယ်သူတွေ ဆုံးဖြတ်ရမယ့်အရေးပါ၊ သူ့ ကိစ္စမဟုတ်ဘူးလို့ ဆိုပါတယ်။

ရယ်ရင်းနဲ့ "ကျွန်တော်ကတော့ အဲဒါတွေ စိတ်မဝင်စားဘူး" လို့ ပြောပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

သူ့ နာမည်က နာမည်ကောင်းနဲ့ ရှိနေစဥ်၊ သူ့အနေနဲ့ လူ့ လောကကို ထောက်ကူတာတွေလုပ်နိုင်နေစဥ်မှာပဲ သူ့နောက်ဆုံးနေ့ဆိုက်ရောက်လာဖို့ သူမျှော်လင့်တယ်လို့ ဆိုပါတယ်။

"အဲဒီအခါကျ ပြီးဆုံးသွားပြီပေါ့" သူက နောက်တခါ ရယ်ရင်း ပြောပါတယ်။

အဲဒီ စကားနဲ့ပဲ ကျွန်တော်တို့ရဲ့ အင်တာဗျူးလည်း ပြီးဆုံးခဲ့ပါတယ်။