ကိုဗစ်လူနာတွေအတွက်ဆေး အိန္ဒိယနဲ့ ပါကစ္စတန် ထုတ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန်သက်သာချိန် မြန်ဆန်စေတဲ့ဆေး ရမ်ဒက်စ်ဆီဗီယာ Remdesivir ကို ထုတ်လုပ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီးတစ်ခုနဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီတွေ သဘောတူ စာချုပ် ချုပ်ခဲ့ပါတယ်။
အမေရိကန်ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ် နဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် ဆေးတွေ ထုတ်ဖို့ သဘောတူခဲ့ကြတယ်လို့ ဂိလိယတ်က ဒီသီတင်းပတ်ထဲမှာ ကြေညာခဲ့တာပါ။
ဒီဆေးတွေ ဖြန့်ချိနိုင်မယ့် နိုင်ငံတွေကိုလည်း ဂိလိယတ်က ကြေညာထားပါတယ်။
ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။
ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။
တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။
ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို တားပေးပါတယ်။
အမေရိကန် ကုမ္ပဏီနဲ့ သဘောတူညီချက်အရ Cipla၊ Ferozsons၊ Hetero ၊ Jubilant Lifesciences နဲ Mylan ကုမ္ပဏီတို့ကို ဆေးထုတ်လုပ်ဖို့ လိုအပ်တဲ့ နည်းပညာ အချက်အလက်တွေ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ ဆေးကို ဘယ်လောက်နဲ့ရောင်းမယ်၊ ဘယ်အချိန် စထုတ်မယ်ဆိုတာတွေ ပြောဖို့ စောလွန်းသေးတယ်လို့ ဟိုက်ဒရာဘတ် အခြေစိုက် ပုဂ္ဂလိကပိုင် Hetero Labs က အုပ်ချုပ်မှု ဒါရိုက်တာက ပြောပါတယ်။
ဇွန်လလောက်ကျရင် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိလာမှာပါလို့ သူက ပြောပါတယ်။
အမေရိကန် ဒေါ်လာ တစ်ဘီလျံနဲ့ လည်ပတ်နေတဲ့ ဒီဆေးကုမ္ပဏီဟာ အိတ်ချ်အိုင်ဗီဆေး ထုတ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုလည်း ဖြစ်ပြီး လူနာ ငါးသန်းလောက်အတွက် ဆေးတွေ ထုတ်နေတာပါ။
ဆေးဝါးအမျိုးအစား ၃၀၀ လောက်ကို ကမ္ဘာအနှံ့ဖြန့်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အိန္ဒိယဆေးသုတေသနကောင်စီက အကြီးတန်းပညာရှင်တစ်ယောက်ကတော့ အိန္ဒိယ ကုမ္ပဏီတွေက ဆေးထုတ်နိုင်ပြီဆိုရင် နိုင်ငံထဲမှာ ဒီဆေးသုံးတဲ့ကိစ္စ စဥ်းစားမယ်လို့ ပြောပါတယ်။
"အစောပိုင်း အချက်အလက်တွေအရ ဒီဆေးက ထိရောက်တယ်ဆိုတာတော့ တွေ့ရတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကလုပ်နေတဲ့ စမ်းသပ်မှု နောက်ထပ်အဆင့်တွေနဲ့ တခြားကုမ္ပဏီတွေက ရော လုပ်နိုင်ဦးမလားဆိုတာ ကြည့်ဦးမယ်"လို့ သူက ပြောပါတယ်။
ဒီဆေးကို လူနာတွေနဲ့ စမ်းသပ်တာကို ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါ ဆိုင်ရာ အမေရိကန် အမျိုးသား သိပ္ပံ NIAID က လူ ၁၀၆၃ ဦးမှာ လုပ်ခဲ့တာပါ။
ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်းမှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေမှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။
ဒါ့အပြင် စမ်းသပ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုလူတွေမှာ ပိုအကျိုးရှိတယ်စတဲ့ အချက်အလက်တွေကိုလည်း အသေးစိတ်မထုတ်ပြန်လို့ မသိရသေးပါဘူးလို့ ဘီဘီစီ ကျန်းမာရေးနဲ့ သိပ္ပံသတင်းထောက် ဂျိမ်းဂယ်လေဟာက ပြောပါတယ်။








