ဧပြီလ ၁၈ ရက် စနေညချမ်း နိုင်ငံတကာ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ

ဓာတ်ပုံ ရင်းမြစ်, AFP
ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၄ ဉီး ဖမ်းဆီး ခံရ
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကြားကပဲ ဟောင်ကောင် မှာတော့ ဒီမိုကရေစီ အရေး လှုပ်ရှားသူ ၁၄ ဦး ဖမ်းဆီး ခံလိုက်ရပါတယ်။
ဖမ်းခံရသူတွေထဲမှာ ဒီမိုကရေစီ ရရှိရေး တောင်းဆိုဖို့ စတင်လှုပ်ရှား ခဲ့ကြသူ တွေ ဖြစ်တဲ့ မာတင် လီ၊ အဲလ်ဘတ် ဟို စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ လည်း ပါဝင်ပါတယ်။
နောက်ပြီး ဟောင်ကောင်က နာမည်ကျော် ထုတ်ဝေသူ ဂျင်မီ လိုင် လည်း ဖမ်းဆီး ခံရတဲ့ အထဲမှာ ပါဝင်နေပါတယ်။
သူတို့တွေဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဟောင်ကောင်မှာ ပေါ်ပေါက်ခဲ့တဲ့ လူ သိန်းနဲ့ချီတဲ့ ဆန္ဒပြမှုတွေကို ဦးဆောင်သူတွေလည်း ဖြစ်ကြပါတယ်။
ဒီလို ဖမ်းဆီးမှုတွေကြောင့် ဟောင်ကောင် အစိုးရ ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်တယ်လို့ နိုင်ငံရေး သမားတွေက ပြောပါတယ်။

ဂျပန်က ကျန်းမာရေး စောင့်ရှောက်မှု ပြိုလဲနိုင်
ဂျပန် နိုင်ငံမှာတော့ ကိုဗစ် ၁၉ ကူးစက်မှုတွေကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ စနစ် ပြိုလဲ သွား နိုင်တယ်လို့ ဆေးဝန်ထမ်းတွေက သတိပေး ပြောကြား နေပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကျန်းမာရေး ဌာနမှာ ဝန်ထုပ် ဝန်ပိုး ဖြစ်လာ နေပြီး ဆေးရုံ အရေးပေါ်ဌာနတွေမှာ လေဖြတ် ဝေဒနာ နဲ့ နှလုံး ရောဂါ ခံစား နေရသူတွေကို ကုသပေးဖို့ ငြင်းဆန်မှု တချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ ကိုဗစ် တိုက်ဖျက်ရေး အစီအစဉ်ဟာ အဆင့်သင့် မဖြစ်သေးဘူးလို့ လန်ဒန် ကင်းစ်ကောလိပ် က ဂျပန် ဆေးပညာရှင် ဒေါက်တာ ခန်ဂျီ ရှီဘူရ က ဆိုပါတယ်။ ဒါ့အပြင် ကပ် ရောဂါ အတွက် ဂျပန်ဟာ မပြင်ဆင် ထားခဲ့တာ သိသာနေပြီး နာတာရှည် ရောဂါ တွေ အတွက်ပဲ အဓိက ဦးတည် လုပ်ဆောင် နေခဲ့တယ်လို့ ထောက်ပြ ပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်တုန်း က ဆိုရင် ကိုယ်ပူချိန် မြင့်တက်နေလို့ ဆေးရုံကား နဲ့ သွားခေါ်လာရတဲ့ လူနာ တစ်ဦး ကို ဆေးရုံ တွေက လက်ခံကုသပေးဖို့ ငြင်းဆန် ခဲ့ကြဖူးပါတယ်။
ဂျပန်ဟာ ကနဦးတုန်း က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ် နိုင်တဲ့ အနေ အထား မျိုး ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ တစ် နိုင်ငံလုံး ရေးပေါ် အခြေအနေ တစ်ရပ် ကို ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ကြေညာ ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ပါကစ္စတန် ဘာသာရေး အခမ်းအနားကိစ္စ သမ္မတ ကိုယ်တိုင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း
ပါကစ္စတန် မှာလည်း ကိုဗစ် ၁၉ ကာကွယ်ရေး အတွက် ဘာသာရေး အခမ်း အနား တွေ ဘယ်လို ကျင်းပ သင့်တယ် ဆိုတာ ကို အဖြေထုတ် နိုင်ဖို့ အတွက် သမ္မတ ကိုယ်တိုင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း နေပါတယ်။
လောလောဆယ်မှာ လူမှု သီးခြား နေရေး ဆိုပြီး တစ်ဦး နဲ့ တစ်ဦး အကြား ကန့်သတ် ထားတဲ့ အကွာ အဝေးမှာ နေဖို့ နဲ့ ဗလီ တွေမှာ ဘာသာရေး အခမ်း အနား တွေ မလုပ်ဘဲ လူ ၅ ဦး ထက် ပိုပြီး မစုဖို့ အစိုးရ က ညွှန်ကြား ထားပါတယ်။
ဒါပေမယ့် ဒီ ညွှန်ကြားချက် ကို မလိုက်နာ တဲ့ ဘာသာရေး ခေါင်းဆောင် တွေလည်း ရှိနေတာကြောင့် အစိုးရ အနေနဲ့ အခက်အခဲ ရှိနေပါတယ်။
နောက်ပြီး ရှေ့လာမယ့် အပတ်တွေမှာ ကျရောက်မယ့် အစ္စလာမ် ဘာသာဝင် တွေရဲ့ ရာမာဒန် ဥပုသ် လ မှာလည်း လူစုလူဝေး မလုပ် အောင် ဘယ်လို လုပ်ကြ မလဲ ဆိုတာကို အဓိက ထား ဆွေးနွေး နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သုံးပြီးသား PPE တွေ ပြန်သုံးဖို့ တောင်းဆိုတဲ့ ယူကေအစိုးရကို ဆရာဝန်အသင်း ဝေဖန်
ယူကေ ဆေးရုံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကုသပေး နေတဲ့ ဝန်ထမ်းတွေ အနေနဲ့ အသုံးပြုပြီးသား တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံတွေကို ပြန်လည် အသုံးပြု ပေးဖို့ တောင်းဆို ခဲ့တဲ့ အစိုးရ ရဲ့ လုပ်ရပ် ကို ဗြိတိန် ဆရာဝန် များ အသင်းကြီး က ပြစ်တင် ဝေဖန် လိုက်ပါတယ်။
အစိုးရ ရဲ့ ပံ့ပို့ပေးမှု အားနည်း တာကြောင့် ဆရာဝန်တွေ အနေနဲ့ သေရေ ရှင်ရေး အခြေအနေ ကို ကြုံတွေ့ ရနိုင်ပြီး ကိုရိုနာ တိုက်ဖျက်ရေး အတွက် ဆေးရုံ မှာ လာရောက် တာဝန် ထမ်းဆောင်တဲ့ ဆရာဝန် ဦးရေ လျော့နည်း သွား နိုင်တယ် လို့လည်း ဆိုနေပါတယ်။
ဗြိတိန် ဆေးရုံတွေမှာ တစ်ကိုယ်ရေသုံး ဝတ်ရုံတွေ၊ မျက်နှာဖုံးတွေ နဲ့ လက်အိပ် တွေ လျော့နည်း လာနေတာကြောင့် အသုံးပြု လို့ ရသေးတဲ့ ဝတ်စုံတွေကို ပြန်လည် အသုံးပြုဖို့ ကျန်းမာရေး ဝန်ကြီး က မနေ့က တိုက်တွန်း ခဲ့တာပါ။
ဒီလို ကာကွယ်ရေး ဝတ်စုံတွေ နည်းပါး နေတဲ့ အခြေအနေ မျိုးဟာ လက်ခံ နိုင်စရာ မရှိဘူးလို့ ရွိုင်ရယ် သူနာပြု တက္ကသိုလ် ဘက်ကတည်း ဝေဖန် နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
စပိန်မှာ တစ်ရက်အတွင်း သေဆုံးသူ ၅၆၅ ယောက်ရှိ
ဥရောပ က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရမှု မြင့်မားနေတဲ့ စပိန် နိုင်ငံမှာ လည်း ၂၄ နာရီ အတွင်း ၅၆၅ ယောက် သေဆုံး သွားခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူ က နှစ်သောင်း ကျော် ရှိနေပါပြီ။
ပြီးခဲ့တဲ့ တစ်ရက် အတွင်း သေဆုံးမှု အရေအတွက် လျော့ကျ သွားတယ် ဆိုပေမယ့် ကူးစက်ခံရမှု တစ်သိန်း ကိုးသောင်းကျော် ရှိနေပြီး၊ အမေရိကန် ပြီးရင် ဒုတိယ အများဆုံး ကူးစက်ခံနေရတာ ဖြစ်ပါတယ်။
မကြာခင် ကာလမှာ နိုင်ငံ တဝန်း က ကန့်သတ် ပိတ်ပင် ထားတာတွေကို ပြန်လည် ဖြေလျော့ ပေး နိုင်မယ်လို့လည်း စပိန် ကျန်းမာရေး ဝန်ကြီး က ပြောဆို ထားပါတယ်။
ဒီတပတ် အစောပိုင်းတုန်း မှာတော့ မက်ဒရစ် မြို့က ဆောက်လုပ်ရေး လုပ်သား တွေနဲ့ စက်ရုံ လုပ်သားတွေကို လုပ်ငန်းခွင် ပြန်လည် ဝင်ရောက် နိုင်တယ်လို့ အစိုးရက ညွှန်ကြား ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန်မှာ ကန့်သတ်ပိတ်ပင်မှုတွေ လျှော့ချ
အီရန် နိုင်ငံ မြို့တော် တီဟီရန်မှာတော့ ကန့်သတ် ပိတ်ပင်မှုတွေကို လျှော့ချ လိုက်ပြီး အသေးစား စီးပွားရေး လုပ်ငန်း တချို့ ကို အစိုးရက ပြန်လည် ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။
ဒါပေမယ့် လူစုလူဝေး မလုပ်ဖို့၊ စားသောက်ဆိုင်တွေ၊ အားကစားခန်းမ တွေ၊ အစိုးရစာသင်ကျောင်းတွေ၊ ဗလီတွေကို တော့ ပိတ်ထားဖို့ ညွှန်ကြား နေဆဲ ဖြစ်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူ ၇၃ ယောက် သေဆုံး ခဲ့ရပြီး စုစုပေါင်း သေဆုံးသူ ငါးထောင်ကျော် ရှိနေပြီလို့ အီရန် အစိုးရ က သတင်းထုတ် ပြန်ထား ပါတယ်။
အစိုးရ ရဲ့ သေဆုံးသူ စာရင်း ဟာ တမင် လျှော့ပေါ့ တွက်ချက်ပြီး ထုတ်ပြန် ထားတာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။
အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ အစိုးရ ထုတ်ပြန်ချက်ထက် ၂ ဆ ကျော် ရှိနိုင် တယ်လို့ လေ့လာသူတွေက ပြောဆို နေပါတယ်။








