၁၉၆၈။ ။ရာချီတဲ့ ဗီယက်နမ်အမျိုးသမီးတွေကို အိပ်မက်ဆိုး မက်စေတဲ့နှစ်

ရေးသားသူ။ ။လီချန်

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ကြုံရအပြီး ငါးနှစ်အကြာ ညန်သီထိုင် အသက် ၁၆ နှစ်အရွယ်က ရိုက်ထားတဲ့ ဓါတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ကြုံရအပြီး ငါးနှစ်အကြာ ညန်သီထိုင် အသက် ၁၆ နှစ်အရွယ်က ရိုက်ထားတဲ့ ဓါတ်ပုံ

တမိသားစုလုံးနီးပါး အသတ်ခံရတဲ့ ညန်သီထိုင်

၁၉၆၈ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ခင်းမှာ အသက် ၁၁ နှစ် အရွယ် ညန်ဟာ သူတို့ ဟာမီးရွာရဲ့ တဖက်စွန်ကနေ အော်သံတွေ ကြားရပြီး ကောင်းကင်မှာ မီးခိုးလုံးတွေ တက်လာတာကို စပြီး မြင်ခဲ့ရပါတယ်။

ဘာဖြစ်တာလဲ သိရအောင် ရွာလမ်းအတိုင်း အပြေးသွားကြည့်တဲ့ အချိန်မှာ တောင်ကိုရီးယား စစ်သားတွေက သူ့ကို သေနတ်တွေနဲ့ ချိန်လိုက်တာတွေ့လို့ သူ့အမေ လေသီသော ဆီ ပြန်ပြေးပြီး ရွာအဝိုင်းခံရပြီ ဆိုတာကို ပြောရပါတယ်။

“ကျွန်မ အမေ့ကို စကားပြောလို့ မဆုံးမီမှာပဲ စစ်သားတွေ အိမ်ထဲ ဝင်လာကြပါတယ်” လို့ ညန်က ပြန်ပြောပြပါတယ်။

နောက်ပိုင်း ထွက်လာတဲ့ အစီအရင်ခံစာတွေအရ အခုလို ရောက်လာတဲ့ စစ်သားတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောင်ကိုရီယား နဂါးပြာ ကမ်းတက် တပ်ရင်းက တပ်သားတွေ ဖြစ်နိုင်ပြီး ဒီ စစ်သားတွေကို သူတို့ တမိသားစုလုံး အပါအဝင် နောက်ထပ် အမျိုးသမီးတယောက်ရယ် ၊သူ့ ကလေးတွေရယ်နဲ့ ညန့်မောင်လေးရဲ့ သူငယ်ချင်း ကောင်လေးကိုပါ အိမ်ရှေ့က ဗုံးခိုကျင်းထဲ ဝင်ခိုင်းတယ်လို့ ဆိုပါတယ်။

ပြီးတာနဲ့ ကျင်းထဲကို လက်ပစ်ဗုံး ပစ်ထည့်လိုက်တော့ ညန်ရဲ့ တဝမ်းကွဲတော်တဲ့ မွေးကင်းစ ကလေးနဲ့ အဒေါ်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဒီလို ပစ်လိုက်တဲ့အချိန်မှာ ညန်ရဲ့ အမေက သူနဲ့ သူ့မောင်လေးကို ကိုယ်လုံးနဲ့ ကာပေးထားခဲ့ပြီး ငါတို့ ဘဝတော့ သွားပါပြီ ဆိုပြီး အော်ဟစ် ငိုယိ်ု ခဲ့တာကို မှတ်မိသေးတယ်လို့ ညန်က ပြောပါတယ်။

“ဗုံးလဲပေါက်ပြီးသွားရော ကျွန်မတကိုယ်လုံးက နာကျင် လောင်ကျွမ်းသွားသလို ခံစားရပြီး နောက်ကျတော့ ဘာမှ မခံစားရတော့ပဲ ထုံသလို ဖြစ်သွားတာ၊ ကျွန်မနဲ့ ကပ်လျက်ကလူတွေရဲ့ သွေးတွေလည်း ကျွန်မကိုယ်ပေါ်မှာ ရွှဲလို့”

ညန်ရဲ့ ၈ နှစ်အရွယ် မောင်လေးကတော့ ဒီပေါက်ကွဲမှု အပြီး ရတဲ့ ဒဏ်ရကြောင့် ခြေထောက် ဖြတ်ပစ်ခဲ့ရပြီး နောက်ဆုံးတော့ ဆေးရုံမှာပဲ ဒဏ်ရာတွေနဲ့ ဆုံးသွားပါတယ်။

နောက်ဆုံးမှာ အဲဒီ ဗုံးခိုကျင်းထဲမှာ ရှိနေခဲ့တဲ့ လူတွေ အားလုံးလိုလို ဒဏ်ရာကြောင့် ကွယ်လွန်ကုန်ကြပြီး ညန်နဲ့ သူ့ရဲ့ ဝမ်းကွဲ မောင်နှမတွေထဲက တယောက်ပဲ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့တဲ့ကြားက အသက်ရှင်ကျန်ရစ် ကြပါတယ်။

ယနေ့ခေတ်မှာ တွေ့ရတဲ့ အမျိုးသမီး ညန်သီထိုင်
ဓာတ်ပုံ ပုံစာ, ယနေ့ခေတ်မှာ တွေ့ရတဲ့ အမျိုးသမီး ညန်သီထိုင်

စစ်သားတွေက သူတို့ကို ဗုံးခိုကျင်းထဲ ဝင်ခိုင်းပြီး လက်ပစ်ဗုံးနဲ့ ဖောက်ခွဲလိုက်အပြီးမှာ အိမ်ကိုလည်း မီးတင်ရှို့လိုက်ကြတယ်လို့ ညန်က ပြောပါတယ်။

စစ်သားတွေ ပြန်သွားအပြီးမှာ အိမ်နီးချင်းတယောက်ဆီကို ဒဏ်ရာတွေနဲ့အတူ ဒယိမ်းဒယိုင်သွားပြီး အကူအညီတောင်းခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီတနေ့တည်းမှာပဲ သူတို့ ဟာမီးရွာက ရွာသူရွာသား ၁၃၅ ယောက်ကျော် အသတ်ခံ ခဲ့ရပြီး တရွာလုံးမှာ အသက်ရှင် ကျန်ရစ်သူ တဒါဇင်လောက်ပဲ ကျန်တယ်လို့ ညန်က ပြောပါတယ်။

တောင်ကိုရီးယား စစ်သားတွေဟာ အဲဒီလို မလုပ်ခင် ကာလမှာလည်း ဟာမီးရွာမှာ မြောက်ဗီယက်နမ် ဗီယက်ကောင်း တပ်သားတွေ ရှိမရှိ လာရှာလေ့ရှိပေမယ့် ဘာ့ကြောင့် အဲဒီ ၁၉၆၈ ဖေဖော်ဝါရီလ ၂၅ ရက်မှာကျမှ ရွာက လူတွေ အသတ်ခံရတာလဲဆိုတာ အခုထိ နားမလည်နိုင်ဘူးလို့ သူက ပြောပါတယ်။

“ဘာလို့ အဲဒီနေ့မှာကျမှ ဒီလောက် ရက်စက်ကြတာလဲ ဆိုတာ ကျွန်မတို့ အခုထိကို နားမလည်နိုင်ပါဘူး။ သုံးလ၊ လေးလ အရွယ် မွေးကင်းစ ကလေးတွေကိုတောင် သူတို့ သတ်ပစ်ကြတယ်”

နောက်ပိုင်းမှ ပြန်သိရသလောက် အခြေအနေအရ အခုလို ဖြစ်ခဲ့တဲ့ ကာလဟာ ဗီယက်နမ် စစ်ပွဲအတွက် အလှည့်အပြောင်း ဖြစ်တဲ့ ကာလဆိုတာကိုတော့ သိရပါတယ်။

အဲဒီနှစ် ၁၉၆၈ ဇန်နဝါရီ လကုန်ပိုင်းလောက်မှာ မြောက်ဗီယက်နမ်သားတွေနဲ့တကွ ကွန်မြူနစ် ဗီယက်ကောင်း စစ်သားတွေက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ “တက်” ဆိုတဲ့ စစ်ဆင်ရေးကို စလုပ်ကြပြီး တောင်ဗီယက်နမ် စစ်သားတွေ၊ အမေရိကန်စစ်သားတွေနဲ့ သူတို့ရဲ့ မဟာမိတ်စစ်သားတွေကို အသေအကြေ တိုက်ခိုက်ကြပါတယ်။

ဒါကို တုံ့ပြန်တိုက်ခိုက်မှုတွေကလည်း ရက်စက်လှပြီး အဲဒီအထဲမှာ အမေရိကန်စစ်သားတွေက ၁၉၆၈ မတ်လမှာ ဗီယက်နမ် အရပ်သားတွေ အပေါ် ကျူးလွန်ခဲ့တဲ့ မေလိုင် အစုလိုက် အပြုံလိုက် အဓမ္မကျင့်မှုနဲ့ သတ်ဖြတ်မှု အဖြစ်ဆိုးကြီးဆိုရင် နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဖြစ်ပါတယ်။

ညန်အနေနဲ့ကတော့ ဟာမီးရွာမှာ သတ်ဖြတ်မှုတွေ ဖြစ်ပြီးပြီးချင်း ဒါနန်း ဒေသက ဆေးရုံတရုံမှာ ဒဏ်ရာတွေ ကုသနေရလို့ ရွာမှာ ဘာဆက်ဖြစ်တယ်ဆိုတာ မသိရပေမယ့် သူ့အကိုကြီး အပြောအရ စစ်သားတွေက နောက်တရက်မှာ လယ်ယာသုံး ထရက်တာ ကားတွေနဲ့ ရောက်လာပြီး ရွာကို ဖြိုဖျက်ရာမှာ သေနေတဲ့ အလောင်းတွေလည်း အပျက်အစီးတွေထဲ ရောပါ ပျောက်ပျက်သွားတယ်လို့ ဆိုပါတယ်။

ဘုံဆန်းဒေသ မြောက်ပိုင်းက ဗီယက်နမ်ရွာတရွာကို တောင်ကိုရီးယား စစ်သားတွေက ဘူဒိုဇာနဲ့ ဖြိုဖျက်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုံဆန်းဒေသ မြောက်ပိုင်းက ဗီယက်နမ်ရွာတရွာကို တောင်ကိုရီးယား စစ်သားတွေက ဘူဒိုဇာနဲ့ ဖြိုဖျက်နေစဉ်

အမေရိကန် အစိုးရက နှစ် ၂၀ ကြာ ဗီယက်နမ် စစ်ပွဲအတွင်း အခုလို ကျူးလွန်ခဲ့တာတွေ အပေါ်တရားဝင် တောင်းပန်တာမျိုး အခုထိ မရှိသေးပဲ စစ်တိုက်ရာမှာ သုံးခဲ့တဲ့ ဓာတုအဆိပ်အတောက်တွေကို ငွေသန်းချီ အကုန်ခံ ရှင်းလင်းတာမျိုး ပြန်လည် လုပ်ပေးခြင်းအားဖြင့် သူတို့ ကျူးလွန်ခဲ့တာတွေ အပေါ် တနည်းတဖုံ ပြန်ပြီး အသိအမှတ် ပြုတာမျိုးပဲ လုပ်ပေးထားပြီး အမေရိကန်ကို အရပ်သား တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံးကလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိကာလမှာ ဗီယက်နမ်နိုင်ငံနဲ့ စီးပွားရေးအရ နီးကပ်တဲ့ ဆက်နွယ်မှုမျိုး ရှိလာတဲ့ တောင်ကိုရီးယားနိုင်ငံကတော့ သူတို့ အဲဒီကာလတုန်းက စေလွှတ်ခဲ့တဲ့ တပ်သား ၃၂၀ဝ၀ဝ လောက်ထဲက အခုလို အရပ်သား သတ်ဖြတ်မှု လုပ်တဲ့ တပ်ရင်းတွေ ရှိခဲ့တယ် ဆိုတာကို ပြီးခဲ့တဲ့နှစ် ၂၀၁၉ စက်တင်ဘာလမှာ ငြင်းချက် ထုတ်ထားပြီး နှစ်ဖက် အစိုးရတွေ စုံစမ်း စစ်ဆေးရေး ကိစ္စကို ပူးတွဲ ဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး အခုလို ကြုံခဲ့ရတဲ့ ညန်အပါအဝင် အခြား ဗီယက်နမ် နိုင်ငံသား ၁၀၂ ယောက်ကို စာပို့ခဲ့ပါတယ်။

ဒါပေမယ့် အခုလို စစ်ဆေးဖို့ ဆိုတဲ့ ကိစ္စကတော့ တကယ်တမ်း ဖြစ်မလာသေးပါဘူး။

လက်ရှိခေတ်မှာ တွေ့ရတဲ့ ချန်သီငိုင်
ဓာတ်ပုံ ပုံစာ, လက်ရှိခေတ်မှာ တွေ့ရတဲ့ ချန်သီငိုင်

သားဖွားသူနာပြု ချန်သီငိုင် ကြုံခဲ့ရတဲ့ အခြေအနေ

ချန်သီငိုင်ဟာ သားဖွားသူနာပြုတယောက်ဖြစ်ပြီး တောင်ဗီယက်နမ်က သူ့မိဘတွေရဲ့ ဆိုင်မှာ ခဏ ကူလုပ်ပေးနေချိန်မှာ အဲဒီ အဓမ္မမှု ကျူးလွန်မယ့်သူက ဆိုင်မှာ ပဲငန်ပြာရည် လာဝယ်ခဲ့ပါတယ်။

အဲဒီ အချိန်က ၁၉၆၇ နွေကာလ ဖြစ်ပြီး တောင်ဗီယက်နမ်တပ်တွေ၊ အမေရိကန်နဲ့တကွ မဟာမိတ်တွေက တဖက်၊ မြောက်ဗီယက်နမ် ကွန်မြူနစ်တွေက တဖက် ဗီယက်နမ်စစ်ပွဲ ဖြစ်နေချိန် ဖြစ်ပြီး အဲဒီလူက ခါးမှာ သေနတ်ထိုးထားပြီး ကျည်ကာ အင်္ကျီမှာလည်း လက်ပစ်ဗုံးက တန်းလန်းချိတ်ထားပြီး ဆိုင်ထဲကို ဝင်လာခဲ့ပါတယ်။

အဲဒီလူက ပိုက်ဆံရှင်းဖို့ အပေး လက်လှမ်းယူလိုက်တဲ့ ချန် ရဲ့ လက်ကို အဲဒီလူက ဆွဲထားပြီး လက်ကိုဆွဲ၊ ဆံပင်ကိုပါ ထပ်ဆွဲကာ ဆိုင်နောက်ထဲ ခေါ်သွားပြီး အဓမ္မ ပြုကျင့်ပါတော့တယ်။

“ကျွန်မ ဘဝတော့ ဆုံးပါပြီလို့ တွေးမိပါတယ်” ဆိုပြီး ချန် က ပြန်ပြောပြပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်ကိုပဲ ဖိလုပ်ပြီး ဒီလို ဖြစ်ခဲ့တာကို မေ့ထားရတယ်လို့ ဆိုပါတယ်။

သူဗိုက်ထွက်လာတဲ့ အချိန်မှာ ဝလာတာပဲလို့ ထင်ခဲ့ပေမယ့် ဗိုက်ထဲက ကလေးလှုပ်သွားသလို ခံစားမိတဲ့ တနေ့မှာတော့ သူ ကိုယ်ဝန်ရှိနေပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။

အဲဒီ ကာလဟာ တောင်ဗီယက်နမ် လူမှုဘဝအတွင်း ကွန်ဖြူးရှပ်ဝါဒက အကြီးအကျယ် လွှမ်းမိုးမှုရှိတဲ့ ကာလဖြစ်တဲ့အတွက် အမျိုးသမီးတွေ လက်မထပ်ခင်မှာ အပျိုစင် အဖြစ်သာ နေရချိန်မှာ ဒီလို သူကိုယ်ဝန်ရှိနေတာကို မိဘတွေက သိတော့ အကြီးအကျယ် ဒေါသထွက်သွားကြပါတယ်။

“အမေနဲ့ အဖေက ကျွန်မကို ချို့ဝှန်း (လင်ကောင်မပေါ်ပဲ ကိုယ်ဝန်ရှိသူ) လို့ ကျိန်ဆဲပြီး အပြင်းအထန် ရိုက်ပါတယ်။ ကျွန်မ အသက်ဆက် မရှင်ချင်တော့လောက်အောင်ကို စိတ်ညစ်ခဲ့ရပါတယ်။”

သူ ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်မအတွက် ဗိုက်ထဲက ကလေးက မသေအောင် အားမွေးပေးနေသလိုပါပဲ” လို့ သူက ဆိုပါတယ်။

၁၉၆၈ ဖေဖော်ဝါရီလမှာ သူကလေးမွေးလာတော့မှပဲ မိဘတွေက သူ့ကို စိတ်ထွက်လာတိုင်းရိုက်တာမျိုးတွေ ရပ်သွားတယ်လို့ ဆိုပါတယ်။

မွေးလာတဲ့ သမီးကလေးကို ချစ်ခင် ကြင်နာစိတ်ကိုတော့ နောက်ပိုင်းမှာ စိုးရိမ်စိတ်က လွှမ်းမိုးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ကလေးကို ပြုစု စောင့်ရှောက်ရမှာက တဖက်၊ ဝင်ငွေအတွက် အလုပ်ပြန် လုပ်ရမှာက တဖက်နဲ့ ဘယ်လို လုပ်ရမှန်းမသိတဲ့ စိုးရိမ်စိတ်က ဝင်လာတော့တာပဲ” လို့ သူက ဆိုပါတယ်။

ချန် က သူ့ကလေးကို “ဝိုင်း” လို့ နာမည်ပေးခဲ့ပြီး နာမည် သုံးလုံးမှာ အလယ်က စာလုံးကို ကင်မ် လို့ ပေးခဲ့ရာမှာ ကင်မ် ဆိုတာက သူ့ကို အဓမ္မကျင့်တဲ့ စစ်သားရဲ့ နာမည် ဖြစ်နေပါတယ်။

တခြားသူတွေ နားလည်ရ ခက်နိုင်ပေမယ့် သူက ကလေး အဖေကို အသိအမှတ်ပြုချင်တဲ့ ဆန္ဒကလည်း ရှိနေတော့ အခုလို နာမည်စာလုံးတွေထဲမှာ အဖေနာမည် ပါအောင် ထည့်ပေးထားတာလို့ ဆိုပါတယ်။

ချန့် ကလေးရဲ့ အဖေဟာ တောင်ဗီယက်နမ်စစ်သားလည်းမဟုတ်သလို အမေရိကန်စစ်သားလည်း မဟုတ်ပဲ ၁၉၆၄က စပြီး ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ဘက်ကနေ ကူတိုက်လာတဲ့ တောင်ကိုရီးယားစစ်တပ်က စစ်သားတဦး ဖြစ်ပါတယ်။

ချန် ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ တညမှာ ကင်မ်က သူ့ကို ပြန်လာရှာတာနဲ့ ကြုံရတယ်လို့ ဆိုပါတယ်။

“သူ ကျွန်မအိမ်ရှေ့ ရောက်လာပြီး ကျွန်မကိုလဲ တွေ့ရော စကားလည်း တခွန်းမှ မပြောဘူး။ တမိနစ်၊နှစ်မိနစ်လောက် ရပ်နေပြီး ပြန်ထွက်သွားရော” လို့ ချန် က ပြောပါတယ်။

ဗီယက်နမ်အလယ်ပိုင်းကွီညောဒေသရောက် တောင်ကိုရီးယား စစ်သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်အလယ်ပိုင်းကွီညောဒေသရောက် တောင်ကိုရီးယား စစ်သားများ

ကင်မ် အခုလို ပြန်ထွက်သွားပြီး သုံးလေးရက် ကြာတဲ့အချိန်မှာ ချန် ဆီကို နောက်ထပ် တောင်ကိုရီးယား စစ်သားတယောက် ထပ်ရောက်လာပါတယ်။

ကင်မ်က သူ့ရဲ့ မြင်းဖြူတပ်ရင်းလို့ ခေါ်တဲ့ တောင်ကိုရီးယား တပ်မ ၂၈ စခန်းချရာ ဗီယက်နမ်တောင်ပိုင်းက တောတောင် ထူထပ်တဲ့ တနေရာကို ချန် ရော ကလေးပါ ခေါ်သွားဖို့ လွှတ်လိုက်တာပါ။ အဲဒီ ဒေသက ချန့် မွေးရပ်ဒေသရဲ့ တောင်ဘက်မှာ ရှိပါတယ်။

အရှက်ရလို့ မပြီးနိုင်တဲ့ အခြေအနေမှာ တကိုယ်တည်းလည်း ဖြစ်နေတဲ့ ချန် အတွက် ရွေးစရာ သိပ်မရှိလို့ လာခေါ်တဲ့ ကားနဲ့အတူ လိုက်သွားပြီး ၂ နှစ်ကြာ သူ့ကို အဓမ္မကျင့်သူနဲ့ နေထိုင်ခဲ့ရပါတယ်။

ဒီကာလအတွင်းမှာ သူရော သူ့ကလေးရဲ့ အသက်အန္တရာယ်ကိုပါ တချိန်လုံး စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“အတင်းအကြပ် ပြုမူတာနဲ့ အဓမ္မကျင့်တာတွေပဲ အလုပ်ခံခဲ့ရတာပါ၊ ချစ်ခြင်းမေတ္တာဆိုတာ မပါပါဘူး” လို့ ချန် က ပြောပါတယ်။

အခုလို နေထိုင်စဉ်မှာ ကင်မ်နဲ့ နောက်ထပ် သမီးကလေးတယောက် ထပ်ရပြီး နောက်ထပ် တပ်စခန်းတနေရာ ထပ်ပြောင်းရချိန်မှာတော့ ကင်မ်က သူတို့ မိသားစုကို ထားသွားတယ်လို့ ဆိုပါတယ်။

အဲဒါနဲ့ ဖူဟျက်ဒေသမှာနေတဲ့ သူ့မိဘတွေအိမ်ကို ပြန်ရောက်သွားခဲ့ရာမှာ ကလေးတွေအတွက် အလုပ် ပင်ပင်ပန်းပန်း လုပ်ပြီး ရှာကျွေးနေခဲ့ရပါတယ်။

ဒီအချိန်မှာ ကင်မ်က ပါ့ခ်လို့ခေါ်တဲ့ သူ့ရဲ့ ရဲဘော်တယောက်ကို လွှတ်လိုက်ပြန်ပါတယ်။

ဒီတယောက်မှာတော့ ပါ့ခ်က ကင်မ်ရှိရာကို ခေါ်မသွားတော့ပဲ ထရန် အလုပ်သွားတဲ့ အချိန်မှာ ကလေးတွေကို စောင့်ရှောက်ပေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရက်မှာ ပါ့ခ်ကလည်း သူ့ကို အဓမ္မပြုကျင့်ပြန်တဲ့အတွက် ယောကျာ်းလေးတယောက် ထပ်မွေးခဲ့ရ ပြန်ပါတယ်။

အခုလို အခြေအနေအထိ ရောက်လာတဲ့ အချိန်မှာတော့ သူ့မိသားစုရဲ့ ဂုဏ်သိက္ခာဟာ ပတ်ဝန်းကျင်မှာ အဖတ်ဆည်မရတော့တဲ့ အခြေအနေ ရောက်သွားပြီ ဖြစ်ပါတယ်။

“ဗီယက်နမ်တွေကိုသတ်ဖို့ တောင်ကိုရီးယားနိုင်ငံသား ခေါ်လာတယ်လို့ ကျွန်မကို ရွာသူရွာသားတွေက စွပ်စွဲပြီး ဝိုင်းကြဉ်ထားကြတယ် ဆိုတော့ ရွာထဲမှာ ဆက်နေဖို့တောင် တော်တော် ခက်လာပါတယ်” လို့ ချန် က ရှင်းပြပါတယ်။

နောက်ပိုင်း မိဘတွေနဲ့အတူ နောက်ထပ် ဒေသတခုမှာ ပြောင်းနေပေမယ့် သူ့ရဲ့ ဂုဏ်သတင်းကလည်း သူနဲ့အတူ လိုက်လာသလို ဖြစ်ရပြန်ပါတယ်။

“ကျွန်မ နာမည် ငိုင် ပါဆိုပြီး လူတွေကို မိတ်ဆက်ပေးရင် သူတို့က သြော်… မငိုင်ဆိုတာ သူကိုး။ ရုပ်ကလေးကတော့ လှပါရဲ့၊ ယောကျာ်းတွေက ထားသွားတယ် ဆိုပြီး ပြောကြပါတယ်”

ဒါ့အပြင် သူ့ကလေးတွေကို ကိုယ်ဝန်ရှိလာတုန်းက ဘာလို့ ဖျက်မချတာလဲ ဆိုပြီးတော့လည်း မေးကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တခြား အမျိုးသမီးတွေ ကလေးမွေးနိုင်အောင် ကူညီပေးရတဲ့ သားဖွားသူနာပြု တယောက် အနေနဲ့ ကိုယ့်ကလေးကို ပြန်သတ်ဖို့ ဆိုတာ တွေးကြည့်ဖို့တောင် မဖြစ်နိုင်တဲ့ ကိစ္စကြီး ဆိုပြီး သူက ငိုသံပါနေတဲ့ အသံနဲ့ ရှင်းပြပါတယ်။

အခုအချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ချန်သီငိုင်က သူ့ရဲ့ သားသမီးတွေဟာလည်း “လိုင်ဇိုင်ဟန်” (မျိုးမစစ်)လို့ ဘဝတလေ ျှာက်လုံး အခေါ်ခံရ၊ ခွဲခြား ဆက်ဆံ လှောင်ပြောင်ခံရတာတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဖခင်ဖြစ်သူဟာလည်း သမီးဖြစ်သူက တောင်ကိုရီးယားလူမျိုးတဦးနဲ့ ကလေးရတဲ့အတွက်ဆိုပြီး ၁၉၇၇ မှာ နေအိမ်အကျယ်ချုပ် ချခံရပြီး ရိုက်နှက် နှိပ်စက်ခံရလို့ ကွယ်လွန်ခဲ့ပါတယ်။

ချန်ကိုယ်တိုင်လည်း ၁၉၇၅ နဲ့ ၁၉၇၈ အကြား ကာလတွေမှာ အဲဒီကိစ္စနဲ့ပဲ ထိန်းသိမ်းရေးစခန်းနဲ့ ထောင်တွေမှာ သုံးကြိမ် ကျခံခဲ့ရပါတယ်။

တောင်ကိုရီးယား စစ်သားတစုနဲ့အတူတွေ့ရတဲ့ မျက်နှာစည်းထားတဲ့ ဗီယက်ကောင်း ကွန်မြူနစ် တပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရသူ တဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား စစ်သားတစုနဲ့အတူတွေ့ရတဲ့ မျက်နှာစည်းထားတဲ့ ဗီယက်ကောင်း ကွန်မြူနစ် တပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရသူ တဦး

အမှန်တရား ဖော်ထုတ်တဲ့ ကူစူးဂျုံနဲ့ အမှားဝန်ခံတဲ့ ရူဂျင်ဆောင်

ကူစူးဂျုံဆိုတဲ့ တောင်ကိုရီယား အမျိုးသမီးတဦးဟာ ၁၉၉ဝပြည့်နှစ်တွေမှာ ပါရဂူဘွဲ့အတွက် ဗီယက်နမ်သမိုင်းကို ပြုစုနေရင်း တောင်ကိုရီယား စစ်တပ်က ဗီယက်နမ်မှာ ရက်ရက်စက်စက် ကျူးလွန်ခဲ့မှုတွေကို ဖော်ပြထားတဲ့ မှတ်တမ်းတစောင်ကို ဗီယက်နမ် နိုင်ငံခြားရေးရုံးက အရာရှိတဦး ဆီက ရခဲ့ပြီး အဲဒီ မှတ်တမ်းကို အခကြေးငွေ ပေးပြီး တရားဝင်တော့ မဟုတ်တဲ့ မိတ္တူ တစောင် ကူးယူထားနိုင်ခဲ့ပါတယ်။

ကူဟာ ဗီယက်နမ်မှာ အနှစ် ၂၀ လောက် နေထိုင်ပြီး ရွာတွေကို သွားရောက်ကာ အဖြစ်ဆိုးတွေ ကြုံခဲ့ရတဲ့ ရွာသားတွေကို မေးမြန်းခဲ့ရာမှာ တောင်ကိုရီးယားစစ်တပ်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၈၀ လောက်ကြောင့် တောင်ဗီယက်နမ် အရပ်သား ၉ဝ၀ဝ လောက် သေဆုံးခဲ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် အခုလို သတ်ဖြတ်မှု ဖြစ်ခဲ့တာတွေကို စုံစမ်းပေးစေချေတဲ့ ရွာသားတွေက သူ့ကို ဆက်သွယ်လာတာတွေလည်း ရှိနေဆဲ ဖြစ်တဲ့အတွက် သူ့စာရင်းထဲမှာ မဝင်သေးတဲ့ သတ်ဖြတ်မှုတွေလည်း ရှိနိုင်သေးတယ်လို့ ကူက ယူဆထားပါတယ်။

ကူ ရဲ့ တဘဝလုံး လိုလို အချိန်ကုန်ခံပြီး အခုလို သုတေသန ပြုတဲ့အတွက် သူ့ကို ပြန်ပြီး ပစ်မှတ်ထားခံရတာတွေလည်း ရှိခဲ့ပါတယ်။

ကူးစူးဂျုံရဲ့ သုတေသန ကို ဖော်ပြပေးတဲ့ သတင်းစာတိုက်ကို တောင်ကိုရီးယား စစ်သားဟောင်း ၂၀ဝ၀ လောက်က ဆိုးလ်မြို့က သတင်းစာတိုက်ကို စစ်ဝတ်စုံ အပြည့်နဲ့ လာရောက် ဖျက်ဆီးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကူးစူးဂျုံရဲ့ သုတေသန ကို ဖော်ပြပေးတဲ့ သတင်းစာတိုက်ကို တောင်ကိုရီးယား စစ်သားဟောင်း ၂၀ဝ၀ လောက်က ဆိုးလ်မြို့က သတင်းစာတိုက်ကို စစ်ဝတ်စုံ အပြည့်နဲ့ လာရောက် ဖျက်ဆီးခဲ့

၁၉၉၉ ဧပြီလမှာ သူ့ရဲ့ သုတေသနကို တောင်ကိုရီးယား သတင်းစာတစောင်က ဖော်ပြလိုက်အပြီး ၂ လ လောက်အကြာမှာ အသက် ၅၀ ပတ်ဝန်းကျင် အရွယ် တောင်ကိုရီးယား စစ်သားဟောင်း ၂၀ဝ၀ လောက်က ဆိုးလ်မြို့က သတင်းစာတိုက်ကို စစ်ဝတ်စုံ အပြည့်နဲ့ လာရောက် ဖျက်ဆီးခဲ့ကြပြီး တချို့ကတော့ ကူ ရဲ့အိမ်ကို လာရောက် ဖျက်ဆီးခဲ့ကြတဲ့အတွက် မိခင်ဖြစ်သူနဲ့အတူ လုံခြုံရေး တင်းကြပ်တဲ့ တိုက်ခန်းတခုကို ပြောင်းရွှေ့ခဲ့ရပါတယ်။

တောင်ကိုရီးယား စစ်သားဟောင်းများအသင်းကလည်း ကူ ကို နာမည်ဖျက်မှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဖို့ ကြိုးစားခဲ့ကြပြီး နောက်ပိုင်းကျမှ ပြန်လည် ရုပ်သိမ်းသွားခဲ့ကြပါတယ်။

ညန်ရဲ့ မိသားစုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တရားခံကို သက်သေနဲ့တကွ သိနိုင်ဖို့ မဖြစ်နိုင်သလောက် ဖြစ်ပေမယ့် ဟာမီးရွာ သတ်ဖြတ်မှု မဖြစ်ခင် ၂ ပတ်လောက်မှာ တောင်ကိုရီးယား တပ်ရင်းတခုက ရွာတရွာမှာ အလားတူ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ် ဆိုပြီး အဲဒီတပ်ရင်းက တောင်ကိုရီးယား စစ်သားဟောင်း တဦးဖြစ်တဲ့ ရူဂျင်ဆောင်က ထုတ်ပြောလာခဲ့ပါတယ်။

ရူ ရဲ့တပ်ရင်းက အဲဒီ ဟာမီး ရွာနဲ့ မိုင်အနည်းအငယ် အကွာက ဖောင်ညီးနဲ့ ဖောင်ညက်ရွာအနီး ကင်းလှည့်နေချိန်မှာ ရွာဘက်ကနေ သေနတ်တချက် လှမ်းပစ်တဲ့အတွက် ရူရဲ့ တပ်ရင်းက အစု သုံးစုခွဲပြီး ရွာတွေကို ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရူပါဝင်တဲ့ အုပ်စုက အရင်ဆုံး ပြန်လည် ထွက်ခွာခဲ့ပြီး နောက်ပိုင်းမှာ တခြား ရဲဘော်တွေက မိန်းမနဲ့ ကလေးတွေကို သတ်ခဲ့ကြောင်း ကြွားဝါ ပြောဆိုနေကြတာကို ကြားခဲ့ပြီး သူကိုယ်တိုင်လည်း နောက်တနေ့မှာ လမ်းတဖက်တချက်မှာ ရှိနေကြတဲ့ အရပ်သား အလောင်းတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

“နောက်တရက် ရွာနားက ဖြတ်သွားတော့ လူအုပ်ကြီးက အော်ဟစ် ကျိန်ဆဲ ကြပါတယ်။ သူတို့ မျက်လုံးတွေကလည်း ကျွန်တော်တို့ကို သတ်တော့မလို ပုံစံမျိုးနဲ့ ကြည့်နေကြတော့ သေနတ်နဲ့ချိန်ပြီးတော့ပဲ ဖယ်ရှား ထွက်ခွာလာခဲ့ရပါတယ်။”

“လူသေအလောင်းတွေနဲ့တကွ ပူးဆွေးသောကရောက်နေကြတဲ့ မိသားစုတွေ၊ သူတို့ရဲ့ ဒေါသမျက်လုံးတွေကို အခုထိ ကျွန်တော့ မျက်လုံးထဲက မထွက်ဘူး”

"ကျွန်တော်တို့ကို သတ်တော့မလို ပုံစံမျိုးနဲ့ ကြည့်နေကြတော့ သေနတ်နဲ့ချိန်ပြီးတော့ပဲ ဖယ်ရှား ထွက်ခွာလာခဲ့ရပါတယ်" (ရူဂျင်ဆောင်)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, "ကျွန်တော်တို့ကို သတ်တော့မလို ပုံစံမျိုးနဲ့ ကြည့်နေကြတော့ သေနတ်နဲ့ချိန်ပြီးတော့ပဲ ဖယ်ရှား ထွက်ခွာလာခဲ့ရပါတယ်" (ရူဂျင်ဆောင်)

အဲဒီ ဖောင်ညီးနဲ့ ဖောင်ညက်ရွာနှစ်ရွာမှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို မဖြစ်ခဲ့ပါဘူးလို့ ဆိုသူတွေက အဖြစ်မှန်ကို တကယ်မသိသူ ဒါမှမဟုတ် အမှန်တရားကို ဝန်မခံချင်တဲ့သူတွေ ဖြစ်တယ်လို့ ရူက ဆိုပါတယ်။

အသက် ၆၃ နှစ် ရှိကြပြီ ဖြစ်တဲ့ ရူနဲ့ ညန်တို့ကို တောင်ကိုရီးယားမြို့တော် ဆိုးလ်က စားသောက်ဆိုင်တခုမှာ ဘီဘီစီက သွားရောက် တွေ့ဆုံ စကားပြောခဲ့ပါတယ်။

သူတို့ နှစ်ဦးစလုံးဟာ အလားတူ စိတ်ထိခိုက်စရာ အဖြစ်တွေ ကြုံခဲ့တဲ့ ဗီယက်နမ် နိုင်ငံသား အများစုလိုပဲ အတိတ်တစ္ဆေခြောက်တာကို ဆက်ခံနေရပြီး ရူ အတွက် သူ့ရှေ့မှာ ပစ်သတ်ခံရတဲ့ အဖိုးအို တဦးက လာရောက် ခြောက်လှန့်နေဆဲဖြစ်ကာ ညန်ကတော့ သေသွားတဲ့ သူ့မောင်လေးကို တွေ့မြင်နေရတုန်းပဲလို့ ဆိုပါတယ်။

စစ်အတွင်းက ဖြစ်ခဲ့တာတွေကို အပြန်အလှန် ပြောဆိုကြအပြီးမှာ ရူက သူကျက်မှတ်လာခဲ့တဲ့ တောင်းပန်ပါတယ် ဆိုတဲ့ ဗီယက်နမ် ဘာသာစကားကို ညန်ကို ပြောလိုက်ပါတယ်။

ညန်နဲ့ ရူတို့ စားသောက်ဆိုင်မှာ တွေ့ကြစဉ်
ဓာတ်ပုံ ပုံစာ, ညန်နဲ့ ရူတို့ စားသောက်ဆိုင်မှာ တွေ့ကြစဉ်

ညန်ကတော့ ခေါင်းညိတ်ရုံသာ ညိတ်ပြီး အသိအမှတ်ပြုလိုက်ပါတယ်။ ပြီးတော့ ရူက ညန်ကို အစားအစာတွေထည့်ပေးပြီး ညန်ကလည်း အပြုံးနဲ့အတူ ဆက်စားကြပါတယ်။

စားသောက်ဆိုင်ကနေ ပြန်လာကြတဲ့ အချိန်မှာတော့ ညန်က သူ့စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကြီးတခု ပေါ့သွားသလို ခံစားရပေမယ့် တောင်ကိုရီးယား အစိုးရဆီက တရားဝင် တောင်းပန်တာမျိုးကိုတော့ မျှော်လင့်နေတုန်းပဲလို့ ဆိုပါတယ်။

အခုလို ဖြစ်ပျက်ခဲ့တာတွေအပေါ် မှတ်ချက်ပေးဖို့ ဘီဘီစီကို တောင်ကိုရီးယား အစိုးရကို မေးမြန်းတဲ့အခါမှာတော့ “၁၉၉၂ ခုနှစ် ကတည်းက တောင်ကိုရီးယားနဲ့ ဗီယက်နမ်တို့ တရားဝင် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ထားရာမှာ နှစ်ဖက်စလုံးက အတိတ်က ဖြစ်ခဲ့တာတွေကို ထားခဲ့ပြီး အနာဂါတ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက် တိုးတက်အောင် လုပ်ဖို့ အမြင်ရှိကြပါတယ်” ဆိုပြီး စာတစောင် ထုတ်ပြန် ဖြေကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ လောလောဆယ်မှာ ဗီယက်နမ်မှာ အများဆုံး ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်နေပြီး ဆမ်ဆောင်းနဲ့ အယ်လ်ဂျီ လို လ ျှပ်စစ်ပစ္စည်း ကုမ္ပဏီကြီးတွေက အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ အသုံးပြုပြီး စက်ရုံတွေ ဆောက်ထားကြပါတယ်။

"ကျွန်တော်တို့ဟာဂျပန်၊ မွန်ဂိုးလီးယားနဲ့ တရုတ်နိုင်ငံတွေရဲ့ ကိုလိုနီကျွန်ပြုခြင်းခံခဲ့ရပြီး အဲဒီလို ဓါးစာခံ အနေအထား ကြုံခဲ့တဲ့အပေါ် ဂုဏ်ယူနေသလိုတောင် ဖြစ်နေတာပါ" (ကိုကယောင်တေး)
ဓာတ်ပုံ ပုံစာ, "ကျွန်တော်တို့ဟာဂျပန်၊ မွန်ဂိုးလီးယားနဲ့ တရုတ်နိုင်ငံတွေရဲ့ ကိုလိုနီကျွန်ပြုခြင်းခံခဲ့ရပြီး အဲဒီလို ဓါးစာခံ အနေအထား ကြုံခဲ့တဲ့အပေါ် ဂုဏ်ယူနေသလိုတောင် ဖြစ်နေတာပါ" (ကိုကယောင်တေး)

ကူစူးဂျုံရဲ့ ဗီယက်နမ်သမိုင်း သုတေသန တွေ့ရှိမှုတွေကို ပထမဆုံး စတင် ဖော်ပြပေးခဲ့တဲ့ တောင်ကိုရီးယား စာနယ်ဇင်းသမား ကိုကယောင်တေး ကတော့ ကိုယ့်ကိုယ်ကို စစ်ဓါးစာခံလို့ သတ်မှတ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံအတွက် သူတို့စစ်သားတွေက ရက်ရက်စက်စက် ကျူးလွန်မှုတွေ ရှိခဲ့တယ် ဆိုတာကို လက်ခံဖို့ ခက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုရီးယားလူမျိုးတွေရဲ့ နှစ်ငါးထောင်လောက် ရှည်ကြာတဲ့ သမိုင်းကြောင်းတလျှောက်မှာ အမြဲတမ်း လိုလို ဓါးစာခံ ဖြစ်ရတယ်လို့ ကျွန်တော်တို့ ကိုရီးယားလူမျိုးတွေက ပြောလေ့ရှိကြပါတယ်။”

“ကျွန်တော်တို့ဟာ ဂျပန်၊ မွန်ဂိုးလီးယားနဲ့ တရုတ်နိုင်ငံတွေရဲ့ ကိုလိုနီကျွန်ပြုခြင်းခံခဲ့ရပြီး ဒါတွေကို ကျော်လွှားနိုင်ခဲ့တယ်လို့ ပြောလေ့ ရှိကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ အဲဒီလို ဓါးစာခံ အနေအထား ကြုံခဲ့တဲ့အပေါ် ဂုဏ်ယူနေသလိုတောင် ဖြစ်နေတာပါ” လို့ ကိုကယောင်တေးက ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရကိုယ်တိုင်ကလည်း ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်က သိန်းချီတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုမှုအတွက် ဂျပန်အစိုးရဆီက တရားဝင် တောင်းပန်ချက် ရဖို့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဗုံးခိုကျင်းထဲမှာ လက်ပစ်ဗုံးပေါက်ကွဲမှု အရှိန်ကြောင့် နားတဖက်ကန်းပြီး တကိုယ်လုံးမှာလည်း ဒဏ်ရာ အမာရွတ်တွေ ရခဲ့တဲ့ ညန်ကတော့ အဲဒီ အဖြစ်အပျက်တွေကို လက်ရှိ ဗီယက်နမ် အစိုးရက မျက်ကွယ်ပြုနေတယ်လို့ အပြစ်တင်ထားပါတယ်။

ဗီယက်နမ်အစိုးရကလည်း ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တာကို ခွင့်ပြုချက်ပေးဖို့ ဘီဘီစီကို ငြင်းဆိုခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက တက်ကြွလှုပ်ရှားသူများ အဖွဲ့တဖွဲ့ဖြစ်တဲ့ လိုင်ဇိုင်ဟန်ကတော့ တောင်ကိုရီးယား စစ်သားတွေရဲ့ အဓမ္မပြုကျင့်ခြင်း ခံရသူတွေနဲ့ အဲဒီကနေ မွေးလာပြီး လက်ရှိ သက်ရှိထင်ရှား ရှိနေသေးကြောင်း အတည်ပြုနိုင်တဲ့ လူ ၈၀ဝ လောက် အတွက် တရားဝင် တောင်းပန်ကြောင်း ထုတ်ပြန်ပေးဖို့ လှုပ်ရှားနေကြပါတယ်။

အဲဒီ အဖွဲ့ရဲ့ အဓိက ပါဝင်လှုပ်ရှားသူတဦးကတော့ ချန်သီငိုင်ရဲ့ သားဖြစ်သူ ချန်ပန်သီ ဖြစ်ပြီး သူဟာ ငယ်စဉ်က ကျောင်းသွားတဲ့ အခါမှာ တောင်ကိုရီးယားအဖေက မွေးလာတာဆိုပြီး လမ်းမှာ ခဏခဏ ရိုက်နှက်ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

ချန်သီငိုင်နဲ့ သူ့သားတို့ ကြုံခဲ့ရတာတွေကို အခြေခံပြီး အမေနဲ့သားဆိုတဲ့ ကြေးသွန်း ရုပ်တု တခုကို ဗြိတိသ ျှ အနုပညာရှင် ရေဘက္ကာ ဟောကင်စ်က သွန်းလုပ်ခဲ့
ဓာတ်ပုံ ပုံစာ, ချန်သီငိုင်နဲ့ သူ့သားတို့ ကြုံခဲ့ရတာတွေကို အခြေခံပြီး အမေနဲ့သားဆိုတဲ့ ကြေးသွန်း ရုပ်တု တခုကို ဗြိတိသ ျှ အနုပညာရှင် ရေဘက္ကာ ဟောကင်စ်က သွန်းလုပ်ခဲ့

ဒီအုပ်စုရဲ့ နိုင်ငံတကာ ကိုယ်စားပြု လှုပ်ရှားသူဖြစ်နေတဲ့ ယူကေ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျက်စရော ကတော့ သေသေချာချာ ကိုယ်တွယ်မယ်ဆိုရင် တောင်ကိုရီးယားက အခုလို တောင်းပန်လိုက်လို့ ဗီယက်နမ်နဲ့ ဆက်ဆံရေး ထိခိုက်စရာ မရှိပါဘူးလို့ ဆိုပါတယ်။

လိုင်ဇိုင်ဟန် အဖွဲ့ဟာ အဲဒီဖြစ်ပျက်ခဲ့တာတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက စုံစမ်းစစ်ဆေးပေးဖို့လည်း လှုပ်ရှား ဆောင်ရွက်နေပါတယ်။

တောင်ဗီယက်နမ်မှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် အသတ်ခံရမှုတွေက လွတ်မြောက်လာသူ တစုကလည်း တောင်ကိုရီးယား စစ်တပ်က အခုလို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး တောင်ကိုရီးယားအစိုးရကို ၂၀၂၀ မတ်လထဲမှာ တရားစွဲလိုက်ပြီ ဖြစ်ပြီး တရားသူကြီးက လက်ခံမယ်ဆိုရင် ဒီနှစ်လယ်ပိုင်းမှာ စတင်ကြားနာမှုတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ချန်သီငိုင်နဲ့ သူ့သားတို့ ကြုံခဲ့ရတာတွေကို အခြေခံပြီး အမေနဲ့သားဆိုတဲ့ ကြေးသွန်း ရုပ်တု တခုကို ဗြိတိသျှ အနုပညာရှင် ရေဘက္ကာ ဟောကင်စ်က သွန်းလုပ်ခဲ့ပြီး သူတို့လို အဖြစ်အပျက်တွေကို လူအများသိနိုင်ဖို့အတွက် ယူကေနိုင်ငံတလွှား လှည့်လည် ပြသခဲ့ပါတယ်။

အဲဒီ ရုပ်ထုမှာ ချန်သီငိုင်နဲ့ သားဖြစ်သူတို့ကို နွယ်တက်ပြီး တခြားအပင်တွေကို ဝါးမျိုပစ်တတ်တဲ့ ဗီယက်နမ်မျိုးစိတ် အပင်တမျိုးက ချည်နှောင်ထားပုံကို သရုပ်ဖော်ထားပါတယ်။

ကျွန်မအနေနဲ့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို အမှန်အတိုင်း တောင်ကိုရီးယားလူမျိုးတွေဘက်က အသိအမှတ် ပြုစေချင်ပါတယ်။ သူတို့ဘက်က ဗီယက်နမ်ကို စစ်သားတွေလွှတ်လို့ ဒါတွေဖြစ်လာတာလေ။ ကျွန်မတို့က သူတို့နိုင်ငံကို သွားလို့ ဖြစ်တာမှ မဟုတ်တာ” လို့ ချန်က ပြောပါတယ်။