ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ခံနေရတဲ့ ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရောဂါလက္ခဏာတွေ ဆိုးလာတဲ့အတွက် အရေးပေါ် အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားခဲ့ရပြီလို့ ဝန်ကြီးချုပ်ရုံးကပြောပါတယ်။
လိုအပ်တဲ့ နေရာတွေမှာ သူ့ကိုယ်စား ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရာ့ဘ်ကို မစ္စတာဂျွန်ဆင်က မှာခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရလို့ နေအိမ်မှာပဲ သီးခြားခွဲနေနေရတဲ့ ဝန်ကြီးချုပ် မစ္စတာဂျွန်ဆင် ရောဂါလက္ခဏာတွေ မပျောက်နိုင်လို့ မနေ့ တနင်္ဂနွေနေ့က လန်ဒန်က စိန့်သောမတ်စ်ဆေးရုံကို တင်ခဲ့ရပါတယ်။
ဆရာဝန်တွေရဲ့ ကြပ်မတ်ကုသမှုကို ခံယူခဲ့ပေမယ့် ဒီကနေ့နေ့လယ်ပိုင်းကစလို့ မသက်သာပဲ ပိုဆိုးလာခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ဆေးအဖွဲ့ရဲ့ အကြံပြုချက်အရ သူ့ကို အရေးပေါ်အထူးကုသဆောင်ထဲ ခေါ်သွားခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်ကို အထူးဂရုစိုက်ကုသပေးနေကြတဲ့ ဆရာဝန် ဆရာမတွေ သူနာပြုတွေကို ဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းပြောပါတယ်လို့လည်း ကြေညာချက်မှာ ဆက်လက်ဖော်ပြပါတယ်။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဂျွန်ဆင်ကို ပြီးခဲ့တဲ့ ဆယ်ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ကြောင်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။
သူ့ရဲ့ ရောဂါလက္ခဏာတွေမှာ အဖျားကြီးတာနဲ့ ချောင်းဆိုးတာတို့ ပါဝင်ပါတယ်။
တနင်္လာနေ့မနက်အစောပိုင်းတုန်းကတော့ သူက တွစ်တာကနေ သူ စိတ်ရွှင်လန်းတက်ကြွနေပါတယ်လို့ ရေးပြီးတင်ခဲ့ပါသေးတယ်။
ဝိုင်းဆုတောင်းပေးနေကြ
ယူကေက နိုင်ငံရေးသမားတွေ ခေါင်းဆောင်ဟောင်းတွေက မစ္စတာဘောရစ်ဂျွန်ဆင် ပြန်လည်ကျန်းမာလာရေးအတွက် ဆုတောင်း ပေးနေကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းက တွစ်တာကနေ ခင်ဗျားအခုတော့ အကောင်းဆုံးစောင့်ရှောက်နိုင်သူတွေဆီမှာ ရောက်နေပါတယ်။ ကျွန်တော်တို့အားလုံး ခင်ဗျား ကျန်းကျန်းမာမာနဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းကို ပြန်ရောက်လာစေချင်နေကြပါတယ်လို့ ရေးခဲ့ပါတယ်။
လေဘာခေါင်းဆောင်ဟောင်း ဂျယ်ရမီကိုဘင်ကလည်း အခုအချိန်မှာ ဝန်ကြီးချုပ်နဲ့ မိသားစုကို သူ ဆုတောင်းမေတ္တာပို့သနေကြောင်းပြောပြီး ယူကေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် NHS က ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။








