ပြင်သစ်ဟာ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ စစ်ဖြစ်နေတာလို့ ဆိုပြီး နယ်စပ်ဂိတ်တွေကို ပိတ် စတဲ့ နိုင်ငံတကာ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, AFP
ကမ္ဘာ့ ကပ်ရောဂါ အဆင့် ကို သတ်မှတ်ထားပြီး ဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကြိုးစား ကြဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး က တိုက်တွန်း လိုက်ပါတယ်။
အခုဆိုရင် တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူ တစ်သိန်း ခုနှစ်သောင်း ကျော် ရှိနေပြီး၊ သေဆုံးသူ အရေ အတွက် ကလည်း ခြောက်ထောင့် ခုနှစ်ရာကျော် ရှိနေပြီ ဖြစ်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ရှိမရှိ ဆိုတာ ကို အမြန်ဆုံး စစ်ဆေး သင့်ပြီး လောလောဆယ် မှာ ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ ချမှတ် ထားတဲ့ လူတွေ အစုအဝေး နဲ့ ပွဲလမ်း သဘင်တွေ မလုပ်သင့်ဘူး ဆိုတဲ့ ပိတ်ပင်မှုတွေကလည်း မထိရောက် နိုင်ဘူး လို့ WHO အကြီးအကဲ တက်ဒရို့စ် ဂီဘရီရပ်စို့ က ပြောပါတယ်။
အခုလောလောဆယ်မှာတော့ ကမ္ဘာ့ နိုင်ငံအသီးသီး က ကိုရိုနာ ဗိုင်းရပ်စ် မပြန့်ပွား အောင်လို့ ခရီးသွားလာမှုတွေကို တားမြစ်တာ၊ လူစု လူဝေး မလုပ် ခိုင်းတာ အပြင်၊ စာသင်ကျောင်းတွေကို ပိတ်ထားတာ စတာတွေကို လုပ်ဆောင် နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်အေး ကာလ ဖြစ်ပေမယ့် ပြင်သစ် နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ စစ်ပွဲ ဆင်နွှဲ နေရတာ ဖြစ်တယ်လို့ သမ္မတ အီမန်နွယ် မက်ခရွန်း က ပြောကြား လိုက်ပါတယ်။
ဒါကြောင့် အရေးတကြီး ကိစ္စမှ တပါး အပြင်သွားလာတာတွေ မလုပ်ကြဖို့ ရုပ်မြင်သံကြား မိန့်ခွန်း ထဲမှာ ပြောဆိုလိုက်ပါတယ်။
ပြင်သစ် နယ်မြေတွေ အားလုံးမှာ အရေးတကြီး ကိစ္စတွေ က လွဲရင် အပြင် ကို မသွားကြပါနဲ့။ ဈေးဝယ်စရာ ရှိလို့ အပြင်ထွက်ရင်လည်း တစ်ယောက် နဲ့ တစ်ယောက် တစ်မီတာ အကွာမှာ နေပါ၊ လက်ဆွဲနုတ်ဆက်တာ၊ ဖက်ပြီး နုတ်ဆက် တာ မလုပ်ပါနဲ့ လို့ ပြောဆို သွားခဲ့တာပါ။
တာဝန်ရှိသူ တွေက ဒီကနေ့ အင်္ဂါနေ့ နေ့လယ်က စပြီး အပြင်သွားလာတာတွေ ကို ရပ်ဆိုင်းထားခိုင်းပြီး၊ ဒီလိုမှ မဟုတ်ရင်တော့ အရေးယူမှုတွေ လုပ်မယ်လို့ ပြောဆို ထားပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမလို့ ပြင်သစ် အစိုးရ ပြင်ဆင်ဖွဲ့စည်းတဲ့ ကိစ္စတွေကို ရပ်ဆိုင်း ထားတဲ့ အပြင် လာမယ့် တနင်္ဂနွေမှာ ကျင်းပဖို့ ရှိတဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေကိုပါ ရပ်နား ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် ဗိုင်းရပ်စ် လူအများအပြား ကို ကူးစက်သွား ကို စိုးရိမ်လို့ ဥရောပ နိုင်ငံ တချို့မှာလည်း နယ်စပ် ဂိတ်တွေကို ပိတ်တာ၊ ကျောင်းတွေ ကို ပိတ်တာ စတဲ့ လုပ်ငန်း တွေကို လုပ်ဆောင် နေပါပြီ။
ရှန်ဂန် ဇုန်လို့ ခေါ်တဲ့ ဥရောပ ၂၆ နိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့် ရှိတဲ့ ဒေသတွေက နယ်စပ် ဂိတ်တွေ ကို ဒီကနေ့မှာ စတင်ပြီး ပိတ်တော့မှာ ဖြစ်ပါတယ်။
အရေးတကြီး ကိစ္စ ရှိတဲ့ သူတွေကိုသာ ခရီးသွားခွင့် ပေးမှာပါ၊ နောက်ပြီး တခြား နိုင်ငံတွေ မှာ အလုပ်သွား လုပ်ပြီး ပြန်လာတဲ့ လူတွေက လွဲရင် ခရီး သွားလာ တာတွေ မလုပ်ကြဖို့ ဥရောပ ကောင်စီ ကလည်း တိုက်တွန်း ထားပါတယ်။
အဲဒီ နယ်စပ်ဂိတ်တွေကို ပိတ်ထားမယ့် အစီအစဉ်ဟာ ရက် ၃၀ ကြာမြင့် နိုင်တယ်လို့ ဥရောပ ကောင်စီ က သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျာမနီ နိုင်ငံမှာလည်း လူသုံးကုန် အခြေခံ ပစ္စည်း ရောင်းချတဲ့ ဆိုင်တွေ ကလွဲရင် တခြား ဆိုင်တွေကို ပိတ်ထားဖို့ ဝန်ကြီးချုပ် အိန်ဂျလာ မာခဲ က ညွှန်ကြား လိုက်ပါတယ်။
စားသောက်ဆိုင်တွေ၊ ဘားတွေ နဲ့ ပျော်ပွဲ ရွှင်ပွဲတွေကိုလည်း ပိတ်ထား ဖို့၊ နောက်ပြီး လူစု လူဝေး နဲ့ ဘာသာရေး ပွဲလမ်း သဘင်တွေ မလုပ်ကြဖို့ ဂျာမနီ အစိုးရ က ညွှန်ကြား လိုက်တာ ဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံမှာလည်း မလိုအပ်ဘဲ ခရီးသွားလာတာတွေ၊ တွေ့ဆုံ ဆွေးနွေး တာတွေ မလုပ်ကြဖို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က ညွှန်ကြား လိုက်ပါတယ်။
ဝန်ထမ်းတွေ အနေနဲ့လည်း တတ် နိုင်သမျှ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ သူက တိုက်တွန်း လိုက်ပြီး၊ ဗြိတိန် နိုင်ငံတဝန်း မှာ ညဘက်ဖွင့်တဲ့ ပျော်ပွဲစားရုံတွေ၊ ဘားတွေ ကိုလည်း မသွား ကြဖို့ တိုက်ထွန်း ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အီတလီ နိုင်ငံမှာတော့ ဗိုင်းရပ်စ် ကူးစက်မှု က ပိုမို များပြား လာပြီး သေဆုံး သူ အရေအတွက် က အခုဆိုရင် ၃၄၉ ယောက် အထိ ရှိနေပြီ ဖြစ်ပါတယ်။
ကူးစက်မြန် ကမ္ဘာ့ ကပ်ရောဂါ အဖြစ် စတင် သတ်မှတ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အီတလီ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံး သူ ဦးရေက များပြား လာနေတာ ဖြစ်ပါတယ်။
နိုင်ငံထဲက တချို့ ပြည်နယ် တွေကို ပိတ်ထားရပြီး စီးပွားရေး အရ လဲပြို သွားမှု မဖြစ်အောင်လည်း အီတလီ အစိုးရ အနေနဲ့ ကြိုးပမ်း နေရပါတယ်။
လောလောဆယ်မှာတော့ နိုင်ငံသားတွေ နဲ့ စီးပွားရေး လုပ်ငန်းတွေ ကို ထောက်ပံ့ ကူညီဖို့ အမေရိကန် ဒေါ်လာ ၂၇ ဘီလျံ သုံးစွဲ သွားမယ်လို့ အီတလီ ဝန်ကြီးချုပ် ဂျိုးဇက်ပေ ကွန်တေ က ပြောကြား ထားပါတယ်။









