ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဟာဗေးဝိုင်းစတင်းကို မုဒိန်းမှု၊ လိင်ပိုင်းစော်ကားမှုတွေနဲ့အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်

အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့အတွက် အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းစတင်းဟာ ထောင် ၂၅နှစ် နဲ့အထက် ပြစ်ဒဏ်ကို ကျခံရမှာပါ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့အတွက် အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းစတင်းဟာ ထောင် ၂၅နှစ် နဲ့အထက် ပြစ်ဒဏ်ကို ကျခံရမှာပါ

ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင်ကြီး ဟာဗေး ဝိုင်းစတင်းဟာ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု၊လိင်ပိုင်းစော်ကားမှုတွေနဲ့ အပြစ်ရှိကြောင်း နယူးယောက်မြို့ တရားရုံးတစ်ရုံးက ဆုံးဖြတ်လိုက် တဲ့အတွက် ဝိုင်းစတင်းဟာ ထောင်ဒဏ်နှစ်များစွာ ကျခံရနိုင် ခြေ ရှိပါတယ်။

သရုပ်ဆောင် Rose McGowan ကတော့ ဒီနေ့က တကယ့်ကို ကျေနပ်ဖို့ ကောင်းတဲ့နေ့တစ်နေ့လို့ ဘီဘီစီ ကိုပြောပါတယ်။

ဂျုရီလူကြီးတွေက အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့အတွက် အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းစတင်းဟာ ထောင် ၂၅နှစ် နဲ့အထက် ပြစ်ဒဏ်ကို ကျခံရမှာပါ။

သူ့ရှေ့နေကတော့ ဒီအတွက်အယူခံဝင်မယ်လို့ ပြောပါတယ်။

ဝိုင်းစတင်းကတော့ သူဟာ အပြစ်ကင်းတယ်လို့ ပြောထားတယ်ဆိုပြီး သူ့ရှေ့နေက အမှုသည် ရဲ့ ပြောစကားကို ပြန်လည်ကိုးကားပြောဆိုထားပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူဟောင်း ဝိုင်းစတင်းဟာ ၂၀၁၃ ခုနှစ်တုန်းက အမျိုး သမီးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ဆိုတဲ့အမှု ၂ခုကို လော့စ်အိန်ဂျလိစ်မြို့မှာ တရားရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဝိုင်းစတင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်ဆိုပြီး အမျိုးသမီး အယောက် ၈၀ နီးပါးရဲ့ စွပ်စွဲတာခံနေရပြီး စွပ်စွဲသူတွေထဲမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ ဂွင်းနက်ပက်ရိုးလ် ၊ အူမာ သာမန် နဲ့ ဆယ်လ်မာ ဟာရက်ခ် တို့လည်းပါဝင်ပါတယ်။

အမျိုးသမီးတွေ သူတို့လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းစော်ကား ခံနေရ တဲ့ အတွေ့အကြုံတွေကို ထုတ်ပြောကြဖို့ လှုံ့ဆော်တဲ့ MeToo လှုပ်ရှားမှုအတွက် အထင်ကရဖြစ်စရာ ဆုံးဖြတ်ချက် လည်း ဖြစ်ပါတယ်။

ဝိုင်းစတင်းဟာ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံရတော့မှာဖြစ်ပါတယ်။