တရုတ်ကြောက်ရောဂါ- ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွေကို ရှောင်ကြဉ်နေကြ

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ခဲ့ချိန်ကစလို့ တရုတ်တွေကို မသင်္ကာတဲ့မျက်လုံးနဲ့ ကြည့်လာနေကြ
    • ရေးသားသူ, တက်ဆာ ဝေါင်း
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ စင်္ကာပူ

တရုတ်နိုင်ငံက မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်တဲ့ ဆယ်မီ ယန်း တစ်ယောက် သူနေထိုင်နေတဲ့ ဘာလင်မြို့မှာ ဆရာဝန်နဲ့ သွားတွေ့ချိန်မှာ ဆေးခန်းထဲ မဝင်ဖို့ အတားခံခဲ့ရကတည်းက တစ်ခုခုတော့ မှားနေပြီ ဆိုတာကို ပထမဆုံး သတိထားမိခဲ့ပါတယ်။

တခြားလူနာတွေ ဆေးခန်း အထဲကို ပျားပန်းခတ် ဝင်ထွက်သွားလာနေချိန် ဆယ်မီ ယန်းကတော့ ဇန်နဝါရီလ ဆောင်းရာသီရဲ့ အေးခဲလှတဲ့ ဒဏ်ကို ကြံ့ကြံ့ခံရင်း အပြင်ဘက်မှာ စောင့်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ဆရာဝန်နဲ့ တွေ့ခဲ့ရပါတယ်။ တွေ့တွေ့ချင်း ဆရာဝန် စပြောတာက "စိတ်မရှိပါနဲ့၊ ပုဂ္ဂိုလ်ရေး မပါပါဘူးနော်။ ဒါပေမဲ့....."

"အဲဒီ့နောက် ဆက်ပြောတာက အခုဖြစ်နေတဲ့ တရုတ်ဗိုင်းရပ်စ်ကြောင့် တရုတ်လူနာတွေကို လောလောဆယ် မကြည့်ပါဘူး တဲ့"

"ကျွန်မ နေမကောင်း မဖြစ်ပါဘူး။ ကျန်းမာပါတယ် လို့တောင် ရှင်းပြခွင့် မရခဲ့ပါဘူး" လို့ ဆယ်မီ ယန်းက ဘီဘီစီကို ပြောပြပါတယ်။

တရုတ်ပြည်ကိုလည်း သူ လောလောလတ်လတ် သွားထားတာ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတချို့ကို ဗိုင်းရပ်စ်ပိုး ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာ တရုတ်လူမျိုးတွေ ဒါမှမဟုတ် အရှေ့အာရှသားပုံ ပေါက်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါဟာ အာရှနဲ့ တရုတ်တွေ အများစုပါတဲ့ အသိုင်းအဝိုင်းတွင်းမှာတောင် ဖြစ်ခဲ့တာပါ။

ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့ရသူတွေ အထူးသဖြင့် ဒီဗိုင်းရပ်စ်ပိုးအကြောင်း သတိပေးခဲ့သူ ဒေါက်တာ လီဝမ်လျန်း သေဆုံးခဲ့မှုအတွက် စာနာသနားမှုတွေ တိုးပွားလာခဲ့ချိန်မှာတောင် ဒီလို ခွဲခြား ဆက်ဆံမှုတွေ ဖြစ်နေတာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, Dr Li Wenliang

ဓာတ်ပုံ ပုံစာ, ဒေါက်တာ လီ မသေဆုံးခင် ဆေးရုံကုတင်ပေါ်ကနေ သူ့ရဲ့ပုံကို လူမှုကွန်ရက်ပေါ်ကနေ တင်ခဲ့

ဗိုင်းရပ်စ်ပိုးနဲ့ ဆက်နွှယ်တဲ့ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားတွေကို ရွံရှာမှုတွေ တိုးပွားလာခဲ့တယ်လို့ လူနည်းစု အာရှသားတွေနဲ့ တရုတ်လူမျိုးတွေက ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေအပေါ် ခွဲခြားဆက်ဆံတာက အခုမှ ဖြစ်တာ မဟုတ်ပါဘူး။ တရုတ်တွေကို ရွံရှာမုန်းတီးမှုက ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တယ် ဆိုတာ အထောက်အထားတွေ ကောင်းကောင်း ရှိပါတယ်။

ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး ပိုပို ရှုပ်ထွေးလာနေတယ် ဆိုတာကို ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြဿနာ ဖြစ်နေချိန်မှာ ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု
ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု

ဗိုင်းရပ်စ်ရောဂါပိုးနဲ့ ပတ်သက်လို့ ပြင်းထန် ခါးသီးတဲ့ ဝေဖန်ပြောဆိုမှုတွေ ကမ္ဘာတဝန်းမှာ ပုံစံမျိုးစုံနဲ့ ပေါ်ထွက်ခဲ့ပါတယ်။

တရုတ်တွေဟာ ညစ်ပတ်တယ်၊ ရိုင်းစိုင်းတယ်လို့ ပုံသေ သတ်မှတ်ထားကြတာကြောင့် အာရှလူမျိုးတွေ လူနည်းစု နေထိုင်တဲ့ ဥရောပ၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေလို နေရာမျိုးတွေမှာ တရုတ်တွေကို ရွံရှာမုန်းတီးမှုတွေ ပိုဖြစ်လာခဲ့ပါတယ်။

ဥပမာအားဖြင့် တရုတ်တွေကို ဗိုင်းရပ်စ်ပိုးလို့ ခေါ်ဝေါ် သမုတ်လေ့ရှိပြီး လူနည်းစု အာရှသားတွေကို လူထုကြားထဲမှာ ရှောင်ထွက်သွားတာမျိုး ဒါမှမဟုတ် လူမျိုးရေးခွဲခြားတဲ့ စော်ကားပြောဆိုမှုမျိုးတွေ တိုက်ခိုက်မှုမျိုးတွေ ပစ်မှတ်ထား လုပ်တာတွေ ရှိလာခဲ့ကြပါတယ်။

"အဝါရောင် အန္တရာယ်" "ကြောက်လန့်တကြား ဖြစ်ကြရတဲ့ တရုတ်ဗိုင်းရပ်စ်" "တရုတ်ကလေးငယ်တွေ အိမ်ထဲက အိမ်ပြင်မထွက်ကြနဲ့" စတဲ့ ခေါင်းကြီးစာသားမျိုးတွေကို ပြင်သစ်နဲ့ သြစတြေးလျ သတင်းစာကြီးတွေမှာ တွေ့ရပါတယ်။

ဗီဒီယို ပုံစာ, တရုတ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၂ဆ တိုး

တောရိုင်းတိရစ္ဆာန်တွေ ရောင်းတဲ့ စျေးတစ်ခုကနေ အဲဒီဗိုင်းရပ်ပိုး စဖြစ်ခဲ့တာ၊ လင်းနို့ကနေ သယ်လာတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြောင်းလဲ ဖြစ်ပေါ်လာပုံ ရတယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်တွေဟာ တွေ့ရာမရှောင် စားတတ်ကြတယ် ဆိုတဲ့ ပြောနေကျ လှောင်ပြောင် ကဲ့ရယ်မှုတွေ ထပ်တိုးလာခဲ့ပါတယ်။

အာရှဒေသမှာ ဒီလို ဝေဖန်မှုမျိုးတွေ ထွက်ပေါ်လာနေချိန်မှာ အနောက်နိုင်ငံတွေမှာလည်း တရုတ်တွေအပေါ် ဆန့်ကျင်တဲ့ ပြောဆိုမှုတွေက ပိုနက်ရှိုင်းလာပြီး နိုင်ငံခြားသားတွေကို မုန်းတီး ရွံရှာတဲ့ လေသံ ပိုပေါက်လာခဲ့ပါတယ်။ အားလုံးမှာ တူတဲ့ အမြင်တစ်ခုကတော့ တရုတ်နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ရောဂါ တမဟုတ်ချင်း ကူးစက်ပြန့်ပွားနေပြီ ဆိုတာပါပဲ။

စင်္ကာပူနဲ့ မလေးရှားနိုင်ငံမှာ တရုတ်လူမျိုးတွေကို သူတို့နိုင်ငံတွေထဲ ဝင်ခွင့် လုံးဝ တားမြစ်ဖို့ အွန်လိုင်းကနေ တောင်းဆိုထားတဲ့ ပန်ကြားစာတစ်စောင်ကို လူသိန်းပေါင်းများစွာက လက်မှတ်ထိုး ထောက်ခံခဲ့ကြပါတယ်။

နှစ်နိုင်ငံစလုံးက အစိုးရတွေကလည်း တရုတ်လူမျိုးတွေ သူတို့ နိုင်ငံထဲ ဝင်လာခွင့် ကန့်သတ်ချက်တွေကို ချမှတ်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာဆို တချို့က တရုတ်တွေကို ဇီဝအကြမ်းဖက်သမားတွေလို့ သမုတ်ခဲ့ကြသလို အင်ဒိုနီးရှားနဲ့ တခြား နိုင်ငံတွေမှာလည်း တရုတ်တွေက ဒေသခံတွေ အထူးသဖြင့် မွတ်ဆလင်တွေကို ဗိုင်းရပ်စ်ပိုး ကူးအောင် ကြံစည် လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အသိနည်းတဲ့ သူတွေကြောင့် ကပ်ရောဂါဆိုးကြီး ဖြစ်နေပြီ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ရမယ် လို့ အီတလီနိုင်ငံ ရောမမြို့ တရုတ်တန်းနားက နံရံတစ်ခုမှာ ရုပ်ပုံရေးခြစ်ထား

အာရှဒေသမှာ နယ်နိမိတ် အငြင်းပွားမှုတွေ၊ သမိုင်းကြောင်း မကျေနပ်မှုတွေနဲ့အတူ တရုတ်လူမျိုးတွေ အလုံးလိုက်အရင်းလိုက် ရွှေ့ပြောင်း ဝင်လာနေမှုတွေကြောင့် တရုတ်တွေအပေါ် အမြင်မကြည်တာတွေ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း တောင်တရုတ်ပင်လယ်ကို တရုတ်က သိမ်းဖို့ကြိုးစားခဲ့တာ၊ ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်ဆလင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေကြောင့် မွတ်ဆလင်တွေ အများအပြား ရှိတဲ့ တောင်အာရှဒေသမှာ တရုတ်တွေအပေါ် ဒေါသထွက်ခဲ့ကြသလို သင်္ကာမကင်းမှုတွေလည်း ဖြစ်နေကြပါတယ်။

ဒေသတွင်းနိုင်ငံတွေမှာ တရုတ်က ငွေတွေ စုပြုံထည့်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတာကို ကြိုဆိုကြပေမဲ့ ဒါဟာ ဒေသခံနိုင်ငံ စီးပွားရေးအတွက် အကျိုးအမြတ် မဆိုစလောက်ပဲ ရပြီး တရုတ်အစိုးရက စီးပွားရေး လက်ဝါးကြီးအုပ်ဖို့ လုပ်နေတယ် ဆိုတဲ့ သံသယစိတ်တွေ ပေါ်ထွက်နေပါတယ်။

ဟောင်ကောင်နဲ့ စင်္ကာပူ လို တရုတ်လူမျိုးတွေ ကြီးစိုးတဲ့ နေရာတွေမှာတောင် တရုတ်ပြည်မကြီးက လူတွေ ရွှေ့ပြောင်း ဝင်လာနေတဲ့အတွက် တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိလာမှာကို စိုးရိမ်နေတာ အတော်ကြာနေပြီ ဖြစ်ပြီး တရုတ်အစိုးရကို မုန်းတီး ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေ ပေါ်ထွက်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်တွေအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ရှိနေမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ရှုတ်ချထားတဲ့ ပိုစတာတစ်စောင်ကို ပြင်သစ်နိုင်ငံ နန့်မြို့မှာ တွေ့ရ

တချို့ကတော့ အခုလို တရုတ်တွေကို မုန်းတီးရွံရှာနေတာဟာ လက်ရှိပြဿနာမှာရော မကြာသေးခင် နှစ်တွေအတွင်း ကမ္ဘာ့စင်မြင့်မှာပါ တရုတ်ရဲ့ ပြုမူပုံကြောင့် ဖြစ်တယ်လို့ ယူဆနေကြပါတယ်။

ဆေးရုံတွေကို ရက်ပိုင်းအတွင်း ဆောက်လုပ်ခဲ့တာမျိုးလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြဿနာကိုတရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် လေးစားသူတွေ ရှိနေသလို သဘာဝတောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုလို ကိစ္စရပ်မျိုးတွေကို ထိန်းချုပ်တားဆီးနိုင်စွမ်း မရှိတာ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေ အတွက်လည်း ရွံရှာစက်ဆုပ်သူတွေလည်း ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြဿနာအကြောင်း ကနဦးမှာကတည်းက အသိပေးဖို့၊ ရောဂါထိန်းချုပ်ဖို့ နှေးကွေးခဲ့တယ် ဆိုတာကို တရုတ် တာဝန်ရှိပုဂ္ဂိုလ်တွေက ထုတ်ဖော် ဝန်ခံခဲ့ပြီး ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို အရင်ဆုံး မက်ဆေ့ဂျ်ပို့ သတိပေးခဲ့တဲ့ တရုတ်ဆရာဝန် ဒေါက်တာ လီ ကို ရဲတွေက ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု
ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ရောဂါလက္ခဏာများ

တရုတ်အစိုးရရဲ့ တုံ့ပြန်ချက်

အခုလို တရုတ်လူမျိုးတွေ ထိုးနှက်ခံနေရတာကို တရုတ်အစိုးရက ငြိမ်ခံမနေခဲ့ပါဘူး။

တရုတ်လူမျိုးတွေအပေါ် ခွဲခြား ဆက်ဆံနေတာ၊ လူမျိုးရေး ခွဲခြား ဆက်ဆံနေတာတွေကို အပြင်းအထန် ဝေဖန်ရှုတ်ချထားတဲ့ အာဘော် ဆောင်းပါး အတော်များများကို တရုတ်အစိုးရ သတင်းမီဒီယာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာတဝန်းက လူတွေ ဖတ်နိုင်အောင် ရည်ရွယ်ရေးခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများစုဟာ နာမကျန်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ တရုတ်အစိုးရကပြော

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကို တရုတ်အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံအကြောင်း နိုင်ငံတကာ မီဒီယာတွေမှာ ဝေဖန်ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရက အခိုင်အမာ ငြင်းဆိုခဲ့ပြီး ဝေဖန်ချက်တချို့ကို တရုတ်သတင်းမီဒီယာတွေမှာ ထပ်ဆင့် ဖော်ပြတာမျိုးတွေ လုပ်ခဲ့ပါတယ်။

အဲဒီဝေဖန်ချက်တွေဟာ မဟုတ်မမှန် ပြောဆိုမှုတွေ ဖြစ်တယ်လို့ ရေးသားခဲ့သလို တရုတ်နိုင်ငံ ဒုက္ခရောက်နေတာကို ရေနစ်ရာ ဝါးကူထိုးဖို့ တရုတ်အစိုးရအပေါ် မတရား စွပ်စွဲချက်တွေ ဖြစ်တယ် ဆိုပြီး တရုတ် အထင်ကရ ရုပ်မြင်သံကြား အစီအစဉ်မှူး လီယူ ရှင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားပေါ်ကနေ ပြောသွားခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန် နိုင်ငံဟာ မလိုအပ်ဘဲ တရုတ်ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်တာမျိုးတွေ လုပ်ခြင်းအားဖြင့် လူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်လာအောင် ဖန်တီးနေတယ်လို့ တရုတ်အစိုးရက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ တရုတ်၊ ခွဲခြားဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့လယ် သိမ်းမြစ်ကမ်းဘေးမှာ နှာခေါင်းစည်း ဝတ်ထားတဲ့ စုံတွဲတစ်တွဲ လမ်းလျှောက်လာစဉ်

လောလောဆယ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ဖြစ်ပွားနေမှု ဆုံးခန်းတိုင်မယ့်ပုံ မမြင်ရသေးဘဲ ဖြစ်နေချိန်မှာ နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ တရုတ်နဲ့ အာရှသား လူနည်းစု အတော်များများအနေနဲ့ တရုတ်လူမျိုးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကြောင့် စိုးရိမ်ကြောက်လန့်မှုတွေ၊ ဝမ်းနည်းစိတ်ပျက်မှုတွေ ပိုတိုးပွားလာနေပါတယ်။

ဘာလင်မြို့က မိတ်ကပ်ပညာရှင် ဆယ်မီ ကတော့ အရမ်းကို ကြောက်လန့်နေတယ်လို့ ဆိုပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ အပြင်မထွက်ဘဲ နေဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဆေးခန်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံ တစ်ခုတည်းကြောင့်တင် ခုလို ကြောက်လန့်သွားခဲ့တာ မဟုတ်ပါဘူး။

မကြာသေးခင်က သူ့သူငယ်ချင်း ဂျာမန် အာရှ ကပြားမလေး တစ်ယောက်လည်း ဘူတာရုံတစ်ခုမှာ နှောင့်ယှက်ခံခဲ့ရသလို တရုတ်အမျိုးသမီးတစ်ဦးလည်း အိမ်အပြန် လမ်းမှာ ရက်ရက်စက်စက် အတိုက်ခိုက်ခံ ခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ လူမျိုးရေး ခွဲခြား တိုက်ခိုက်မှု ဖြစ်တယ်လို့ ဘာလင်ရဲက သတ်မှတ်ထားပါတယ်။ တိုက်ခိုက်မှု ဖြစ်ချိန်မှာ သူ့ကို ဗိုင်းရပ်စ်ပိုးလို့ အခေါ်ခံခဲ့တယ်၊ သူက ပြန်တုံ့ပြန်တိုက်ခိုက်တဲ့အခါ ထိုးကြိတ် ခံခဲ့ရတယ်လို့ အဲဒီအမျိုးသမီးက တရုတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

"ဗိုင်းရပ်စ်ပိုးလို့ ကျွန်မကို ခေါ်တဲ့ သူတွေနဲ့ ကျွန်မ အငြင်းမပွားချင်ပါဘူး။ သူတို့က သူတို့ဖတ်ရ၊ ကြားရသလောက်ကိုပဲ သိကြတာလေ။ သူတို့ရဲ့ စိတ်ကို ပြောင်းပစ်လို့ မရပါဘူး "လို့ ဆယ်မီ က ပြောပါတယ်။

"ကျွန်မရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ထုတ်ပြပြီး ကျွန်မဟာ ဒီဂျာမနီနိုင်ငံမှာ အမြဲ နေထိုင်ခွင့် ရထားသူပါ လို့ ပြောပြရင်တောင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ သူတို့ကတော့ ကျွန်မရဲ့ တရုတ်မျက်နှာကိုပဲ မြင်နေတာပါ"