ရန်ဖြစ်နေတဲ့ကြွက်ကလေးတွေဓာတ်ပုံ ပရိသတ်အကြိုက်ဆုရ

ဓာတ်ပုံ ရင်းမြစ်, Sam Rowley/WPY
- ရေးသားသူ, ဂျိုနသန်အေးမို့စ်
- ရာထူးတာဝန်, ဘီဘီစီ သိပ္ပံသတင်းထောက်

ရထားနဲ့ ခရီးသွားဖူးသူတွေ သူတို့ကို တွေ့ခဲ့မြင်ခဲ့ဖူးကြမှာပါ။ ပလက်ဖောင်းတလျှောက်နဲ့ သံလမ်းအောက်တွေမှာ ပြေးလွှားနေကြတဲ့ ကြွက်ကလေးတွေဟာ ယူကေဘူတာတွေမှာတော့ တွေ့နေကျ မြင်ကွင်းတစ်ခု ဖြစ်လို့နေပါပြီ။
ဆမ်ရိုလီဟာ ဒီကြွက်ကလေးတွေကို စတွေ့ရတဲ့အခါ သိပ်စိတ်ဝင်စားသွား သဘောကျသွားတာနဲ့ သူတို့ကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားပါတယ်။ လန်ဒန် မြေအောက်ရထားဘူတာရုံတစ်ခုမှာ တစ်ပတ်လောက်ကြာအောင် စောင့်ပြီး ဒီကြွက်တွေကို ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။
တစ်ညမှာတော့ ခရီးသည်တစ်ယောက် ချခဲ့တဲ့ မုန့်အပိုင်းအစလေးတစ်ခုကို လုရင်း ရန်ဖြစ်နေတဲ့ ကြွက်ကလေးနှစ်ကောင်ကို သူ အမိအရ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။
သူ့ရဲ့ ဇွဲနပဲနဲ့ စောင့်ဆိုင်းရိုက်ကူးလိုက်နိုင်တဲ့ ဓာတ်ပုံက သူ့ကို LUMIX ပရိသတ်က ရွေးချယ်ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး သဘာဝ တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံဆရာဆု ရသွားစေခဲ့ပါတယ်။
နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာကျော် ဒီဓာတ်ပုံပြိုင်ပွဲမှာ ထိပ်ဆုံးဆုမရခဲ့တဲ့ ပုံတွေအထဲက ပရိသတ်တွေက သူတို့ ကြိုက်နှစ်သက်တဲ့ တကယ်ကို အသက်ဝင်တဲ့ ပုံတချို့ကို ရွေးပေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michel Zoghzoghi/WPY

ပြိုင်ပွဲမှာ ထိပ်ဆုံးဆုမရခဲ့တဲ့အထဲက အကောင်းဆုံးပုံအဖြစ် ပရိသတ် ၂၈,၀၀၀ မဲပေးရွေးခဲ့တဲ့ ပုံကတော့ ဆမ်ရဲ့ ဘူတာရုံက ရန်ပွဲ ဓာတ်ပုံပါပဲ။
သူဟာ လန်ဒန်မြို့လယ်က ဘူတာရုံတစ်ခုကို ညနက်နက်တွေမှာသွားပြီး ပလက်ဖောင်းပေါ် ပြားပြားဝပ်မှောက်လို့ ကြွက်ကလေးတွေရဲ့ လှုပ်ရှားမှုကို အမိအရ ရိုက်ယူဖို့ ကြိုးစားခဲ့ပါတယ်။
ပထမတော့ သူရိုက်ကူးမယ့် ကြွက်ကလေး နှစ်ကောင်က သူတို့ဟာ သူတို့ သီးခြားစီ အစာရှာနေကြပါတယ်။ အဲဒီလိုနဲ့ ပလက်ဖောင်းပေါ်ကျနေတဲ့ မုန့်အစကလေးတစ်ခုကို နှစ်ကောင်စလုံး သွားတွေ့ကြပါတယ်။ အဲဒီအချိန်မှာပဲ စက္ကန့်ပိုင်းလောက် နှစ်ကောင် အငြင်းပွား အချင်းများလို့ တွန်းထိုးနေတဲ့ ပုံလေးကို ဆမ်က အရအမိ ရိုက်ယူနိုင်လိုက်တာပါ။ အဲဒါပြီးတာနဲ့ နှစ်ကောင်စလုံး သူတို့နေရာတွေဆီ ပြေးထွက်သွား ခဲ့ကြပါတယ်။
"ကျွန်တော်က တစ်ခါရိုက်ရင် ပုံတွေအများကြီး ရိုက်ယူတတ်တယ်။ ဒီတစ်ပုံကတော့ ကံကောင်းသွားတာလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ပလက်ဖောင်းပေါ်မှာ ငါးရက်တောင် မှောက်ပြီးစောင့်နေခဲ့တာဆိုတော့လည်း တစ်ချိန်ချိန်မှာတော့ ဒီပုံရမှာပါပဲ။"
ဆမ်က မြို့ပြနေ တိရိစ္ဆာန်တွေကို ရိုက်ကူးရတာ သူ့ဝါသနာပဲလို့ ပြောပါတယ်။ ဒီတိရိစ္ဆာန်တွေဟာ လူတွေကြားမှာပဲ နေကြ ထိုင်ကြတာမို့ သူတို့နဲ့ လူတွေအကြားမှာ ဆက်နွှယ်မှု ရှိနေပါတယ်လို့လည်း သူက ဆိုပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အသက်ရှင် ရပ်တည်နိုင်အောင် ရုန်းကန်ကြိုးစားနေကြတဲ့ တိရိစ္ဆာန်တွေကို သူလေးစားမိတယ်လို့လည်း ပြောပါတယ်။
"ဒီမြေအောက်ရထားဘူတာရုံက ကြွက်တွေဟာ ဒီနေရာမှာပဲ မွေးခဲ့ပြီး ကြီးပြင်းခဲ့ကြတယ်။ သူတို့ဘဝမှာ တစ်ခါမှာ နေကိုလည်း မမြင်ဖူး၊ မြက်တစ်ပင်နဲ့မှလည်း မထိတွေ့ဖူးတာမျိုး ဖြစ်နိုင်တယ်။ ဒီလို ပလက်ဖောင်းတလျှောက် ပြေးလွှား ရှာဖွေ စားသောက်ရင်းနဲ့ပဲ သေဆုံးသွားကြပါတယ်။ ကြွက်တွေကများ၊ စားစရာကနည်းတော့ ဒီလို မုန့်အစလေးတစ်ဖဲ့ကိုရဖို့တောင် အချင်းချင်း လုရကိုက်ကြရ ဖြစ်နေကြတယ်။"

ဓာတ်ပုံ ရင်းမြစ်, Aaron Gekoski/WPY

ဒီပွဲမှာ ပရိသတ်အကြိုက်ဆုံးဆုတွေထဲက ဒုတိယချိတ်တဲ့ ပုံက လေးပုံရှိပါတယ်။
တစ်ခုကတော့ အေရွန်ဂက်ကိုစကီးရိုက်တဲ့ လက်ဝှေ့ထိုးပြနေရတဲ့ အော်ရန်အူတန်လူဝံတစ်ကောင်ရဲ့ ပုံပါ၊ တိရိစ္ဆာန်တွေကို ဖျော်ဖြေပွဲတွေအတွက် အသုံးချနေကြတာကို မီးမောင်းထိုးပြထားတာပါ။
နောက်တစ်ခုက မိုက်ကယ်ဇိုဇိုဂီရိုက်တဲ့ ကျားသစ်သားအမိက အန်နာကွန်ဒါမြွေကြီးတစ်ကောင်ကို ကိုက်ဆွဲနေပုံပါ။
မာတင်ဘူဇိုရာရဲ့ ကြံ့နက်ပေါက်စလေးတစ်ကောင်နဲ့ သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသူရဲ့ မေတ္တာတရားကို ပြနေတဲ့ပုံလည်း ရွေးချယ်ခဲ့ခံရပါတယ်။
နောက်ဆုံးပုံကတော့ ဖရန့်စစ် ဒေအန်းဒရက်စ်ရဲ့ နှင်းထုထဲက အာတိတ် ရိန်းဒီးယားသမင်တစ်အုပ်ရဲ့ ပုံတွေပဲ ဖြစ်ပါတယ်။
၅၆ ကြိမ်မြောက် အကောင်းဆုံး တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံဆရာ ဆုပေးပွဲအတွက် ပုံတွေကို ဒိုင်တွေက အခု အကဲဖြတ် ရွေးချယ်နေကြပါတယ်။ ရလဒ်ကိုတော့ လာမယ့် အောက်တိုဘာလမှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Francis De Andres/WPY


ဓာတ်ပုံ ရင်းမြစ်, Martin Buzora/WPY

အခုသတင်းမှာပါတဲ့ ဓာတ်ပုံတွေအားလုံးဟာ မူပိုင်ခွင့် ပိုင်ရှင်တွေရှိကြပါတယ်။








