ပါကစ္စတန် ရထားမီးလောင်မှု - ရထားပေါ် ဂက်စ်အိုးနဲ့ ဟင်းချက်ရာက မီးလောင်ပြီး လူ ၇၀ ကျော်သေ

ဓာတ်ပုံ ရင်းမြစ်, REUTERS
ပါကစ္စတန် မြို့တော် ကရာချိကနေ ရာဝယ်ပင်ဒီကို သွားတဲ့ ရထားပေါ်မှာ ခရီးသည်တွေ သူတို့ယူလာတဲ့ ဂက်စ်အိုးနဲ့ ဟင်းချက်ရာက မီးလောင်မှု ဖြစ်ပြီး ခရီးသည် ၇၄ ယောက် သေဆုံးခဲ့ပါတယ်။
အောက်တိုဘာလ ၃၁ ရက်က ဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုဟာ ခရီးသည်တွေ မနက်စာ ချက်ပြုတ်နေတုန်း ဂက်စ်အိုး ပေါက်ပြီး မီးလောင်မှု စဖြစ်ခဲ့တာလို့ ပါကစ္စတန် ရထားပို့ဆောင်ရေး ဝန်ကြီး ရှိတ်ရာရှစ်အာမက်က ပြောပါတယ်။
နောက်တော့ မီးတောက်တွေက အနည်းဆုံး တခြားတွဲ သုံးတွဲလောက်ကို ကူးသွားပါတယ်။
သေဆုံးခဲ့သူတွေထဲက အများအပြားဟာ မီးလောင်နေတဲ့ ရထားတွဲတွေပေါ်က ခုန်ချခဲ့ကြရာက သေဆုံးခဲ့ကြောင်း အစိုးရက ပြောတာကို ကိုးကားပြီး ပါကစ္စတန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နောက်ထပ် ခရီးသည် ၄၀ လောက်လည်း ဒဏ်ရာ ရခဲ့တယ်၊ သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရထားပေါ်ပါလာတဲ့သူ အများစုဟာ မွတ်ဆလင် ဘာသာရေး ပွဲတော်ကို သွားကြသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ လာဟိုးမြို့နားက ရိုင်ဝင်းကို သွားကြတာဖြစ်ပြီး အဲဒီမှာ ပါကစ္စတန်ရဲ့ နှစ်တိုင်းကျင်းပနေကျ အကြီးဆုံး ဘာသာရေးပွဲတော် လုပ်နေတာပါ။
အဲဒီပွဲကို တက်ဘီဂီ ဂျမား ဆွန်နီ မွတ်ဆလင် အဖွဲ့က သာသနာပြု လှုပ်ရှားမှု အဖြစ် ဦးဆောင် ကျင်းပပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"မီးဖို နှစ်ခု ပေါက်ကွဲလွင့်ထွက်သွားတယ်။ သူတို့က ချက်ပြုတ်နေတာ။ ဟင်းချက်ဖို့ပါလာတဲ့ ဆီတွေကြောင့် မီးပိုကြီးသွားတာပေါ့" လို့ ရထားဝန်ကြီးက ပြောပါတယ်။
အခုလို ရထားခရီးရှည်ကြီးမှာ ခရီးသည်တွေက ရထားပေါ်မှာ ထမင်း၊ ဟင်းချက်ဖို့ မီးဖိုတွေပါ ယူလာကြတာက အမြဲဖြစ်နေကျ ပြဿနာလို့ ဝန်ကြီးက ပြောပါတယ်။ အမှန်တကယ်က ရထားပေါ်မှာ ဒီလို ဂက်စ်အိုးတွေ ယူမလာကြဖို့ တားထားပြီးသားပါ။
အခုမီးလောင်သေဆုံးခဲ့ကြသူ တချို့ဟာ ဆိုးဆိုးရွားရွား မီးလောင်ခံထားရလို့ သူတို့ ဘယ်သူဘယ်ဝါဆိုတာတောင် ခွဲခြား မရတော့ဘူးလို့ ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီသေဆုံးသူတွေကို ခွဲခြားနိုင်ဖို့ ဒီအန်အေစစ်မှရမယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rescue1122
ဒီမတော်တဆဖြစ်ရပ်ကြီးအတွက် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ဝန်ကြီးချုပ် အင်မရန်ခန်းက တွစ်တာမှာ ရေးပါတယ်။
ဒီကိစ္စကို ချက်ချင်းစုံစမ်းစစ်ဆေးဖို့လည်း ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။
ကရာချိကနေ ပါကစ္စတန် တဝန်းက မြို့တွေကို ဖြတ်ပြီး ရာဝယ်ပင်ဒီကို သွားတဲ့ ရထားလုပ်ငန်းက အစိုးရပိုင်လုပ်ငန်း ဖြစ်ပြီး ပါကစ္စတန်ရဲ့ ရှေးအကျဆုံးနဲ့ လူသုံးအများဆုံး ရထားလိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရထားဟာ အဲဒီမြို့တွေကြား နေ့စဉ်ပြေးဆွဲနေပြီး ဒီနှစ်မြို့ကြား ခရီးကြာချိန်ကတော့ ၂၅ နာရီခွဲ ဖြစ်ပါတယ်။

မီးလောင်မှု ဖြစ်ပြီး မကြာခင်မှာ ရထားလမ်း ပိတ်ထားခဲ့ပေမဲ့ အခုတော့ ရထားတွေ ပြန်ပြေးဆွဲနေပြီလို့ ရထား ဝန်ကြီးက ပြောပါတယ်။
အခု မီးလောင်မှုဟာ ပါကစ္စတန်ရဲ့ အခု ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုပါ။
ပါကစ္စတန်မှာ လူသေဆုံးမှုတွေ ဖြစ်တဲ့ ရထား မတော်တဆမှုတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။
ဒီလို မတော်တဆမှုတွေမှာ လူသေဆုံးမှုတွေ များလေ့ရှိပါတယ်။ ရထားမှာ တင်သင့်တဲ့ ခရီးသည်ထက် အဆမတန် လူတွေ လိုက်ပါကြလို့ မတော်တဆ ဖြစ်တဲ့အခါ လူသေတာ များလေ့ရှိတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rescue1122
ဇူလိုင်လတုန်းက လူ ၁၁ ယောက် သေဆုံးတဲ့ ရထား မတော်တဆမှု ဖြစ်ခဲ့ပြီး စက်တင်ဘာလတုန်းက ၄ ယောက် သေဆုံးတဲ့ ရထားမတော်တဆမှု ဖြစ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက မတော်တဆမှုမှာ လူ ၅၆ ယောက်သေဆုံးခဲ့ပြီး လူ ၁၂၀ လောက် ဒဏ်ရာရတဲ့ ရထားတိုက်မှု ဖြစ်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာလည်း လူ ၁၃၀ ကျော် သေဆုံးခဲ့တဲ့ ရထားသုံးစင်းတိုက်မှု ဖြစ်ခဲ့ပြီး အဲဒါဟာ ပါကစ္စတန်မှာ အဆိုးရွားဆုံး ရထားမတော်တဆမှုတွေမှာ တစ်ခု ဖြစ်ခဲ့ပါတယ်။









