ငြိမ်းချမ်းရေး နိုဘယ်ဆု - အီသီယိုးပီးယား ဝန်ကြီးချုပ် ၂၀၁၉ အတွက် ဆုရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက် ရရှိသွားပါတယ်။
သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင်လုပ်နိုင်ခဲ့မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။
အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။ ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာလမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဒီဆုအတွက် အမည်စာရင်း ၃၀၁ ခုကို တင်သွင်းခဲ့ပါတယ်။
အဲဒီထဲက အမည်စာရင်း၂၂၃ ခု က လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ဖြစ်ပြီး ၇၈ ခုကတော့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆု ဘယ်သူရမယ်ဆိုတဲ့ ခန့်မှန်းပြောဆိုတာတွေ ထွက်တတ်ပါတယ်။ ဒါပေမဲ့ နိုဘယ်ဆု ဖောင်ဒေးရှင်းရဲ့ စည်းကမ်းတွေအရ နောက်ဆုံး ဆန်ခါတင်စာရင်းသွင်းခံရသူတွေ ဘယ်သူ ဘယ်ဝါဆိုတာကို နှစ် ၅၀ ကြာတဲ့အထိ ထုတ်ပြန်လို့ မရပါဘူး။
အဘီအာမက် ဘယ်သူလဲ
၂၀၁၈ မှာ ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက် မစ္စတာ အဘီဟာ အရင်က တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခံခဲ့ရတဲ့ အီသီယိုးပီးယား နိုင်ငံမှာ ဖြေလျှော့တာတွေ အများကြီး လုပ်ခဲ့ပါတယ်။
အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ထောင်က လွှတ်ပေးပါတယ်။ အရင်က နိုင်ငံထဲ ပြန်ဝင်ခွင့်မရခဲ့တဲ့သူတွေကို ပြန်လာခွင့်ပေးခဲ့ပါတယ်။
အရေးအကြီးဆုံးကတော့ အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါက ဆယ်စုနှစ် ၂ ခုကြာခဲ့တဲ့ နှစ်နိုင်ငံကြားက ပဋိပက္ခကို အဆုံးသတ်နိုင်စေခဲ့ပါတယ်။
ဒါပေမဲ့ သူ့ပြုပြင်ပြောင်းလဲရေးတွေက အီသီယိုးပီးယားရဲ့ တိုင်းရင်းသားတွေကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီတင်းမာမှုတွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရပြီး လူ နှစ်သန်းခွဲလောက် အိမ်တွေကနေ ထွက်ပြေးခဲ့ကြရပါတယ်။
သူဘာလို့ ဆုရခဲ့တာလဲ
နော်ဝေက ဆုရွေးချယ်ရေး ကော်မတီရဲ့ ကြေညာချက်ထဲမှာ မစ္စတာ အဘီဟာ အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ နယ်စပ် ပဋိပက္ခကို ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အတွက် ဆုပေးခဲ့တာလို့ ပြောပါတယ်။
ဒါ့အပြင် ဒီဆုဟာ အီသီယိုးပီးယား၊ အရှေ့နဲ့ အရှေ့မြောက် အာဖရိက ဒေသက ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးတွေ လုပ်နေကြသူအားလုံးကို အသိအမှတ်ပြု ရည်ရွယ်ချီးမြှင့်တာလည်း ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
"ငြိမ်းချမ်းရေးက တစ်ဖက်တည်းက လုပ်လို့မရပါဘူး။ ဝန်ကြီးချုပ် အဘီက ကမ်းပေးတဲ့လက်ကို အီရီထရီးယား သမ္မတဘက်က ပြန်ဆုပ်ကိုင်ခဲ့လို့ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ကိစ္စတွေ တရားဝင် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး သဘောတူညီချက်က အီသီယိုးပီးယားနဲ့ အီရီထရီးယားက လူတွေအားလုံးအတွက် ကောင်းတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာမယ်လို့ နော်ဝေ ငြိမ်းချမ်းရေး ကော်မတီ အနေနဲ့ မျှော်လင့်ပါတယ်" လို့ ဆု ကော်မတီက ပြောပါတယ်။
ငြိမ်းချမ်းရေး နိုဘယ်ဆု ဘယ်သူတွေရခဲ့သလဲ
အမေရိကန် သမ္မတဟောင်း ဘာရက်အိုဘားမားဟာ နိုင်ငံတကာနဲ့ သံတမန်ဆက်သွယ်ရေး ပိုကောင်းအောင် ထူးထူးခြားခြားအားထုတ်ခဲ့ပြီး လူတွေအကြားပိုပူးပေါင်းဆောင်ရွက်တာတွေ လုပ်ခဲ့တဲ့ အားထုတ်မှုတွေအတွက် ၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့ပါတယ်။
တခြား နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေကတော့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂)၊ ပညာရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင် (၂၀၁၄- ပူးတွဲ)၊ ဥရောပသမဂ္ဂ (၂၀၁၂)၊ ကုလသမဂ္ဂနဲ့ ကုလ အတွင်းရေးမှူးချုပ် ကိုဖီအာနန် (၂၀၀၁- ပူးတွဲ)၊ မာသာထရီဇာ (၁၉၇၉) နဲ့ ဒေါ်အောင်ဆန်းစုကြည် (၁၉၉၁)တို့ ဖြစ်ပါတယ်။
ဆုအတွက် ဘာတွေ ချီးမြှင့်သလဲ
ဆုရသူတွေဟာ ဖော်ပြပါ သုံးခုကို ရရှိကြပါတယ်။
•နိုဘယ်ဆု လက်မှတ်
•နိုဘယ်ဆုတံဆိပ်
•ငွေသား အမေရိကန် ဒေါ်လာ ကိုးသိန်းလောက်နဲ့ ညီတဲ့ ဆွီဒင် ကရိုနာ ကိုးသန်း

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဆုလက်ခံတဲ့အခါ ဆုရသူက မိန့်ခွန်းပြောရပါတယ်။
ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းနဲ့ နော်ဝေနိုင်ငံ အော်စလိုတို့မှာ ဒီဇင်ဘာ ၁၀ ရက်မှာ ချီးမြှင့်လေ့ ရှိပါတယ်။








