ကလေးအများကြီးကို စတေးသတ်ဖြတ်ထားတဲ့ သင်္ချိုင်းကြီး ပီရူးမှာတွေ့

Handout picture released by Programa Arquelogico Huanchacho on August 27, 2019 showing remains of some 227 children, allegedly offered in a sacrifice

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ချီမူတွေက ပုံမှန် ယဇ်ပူဇော်သတ်ဖြတ်ပြီး နတ်တွေကို ပသလေ့ရှိ

သမိုင်းတလျှောက် အကြီးဆုံးတွေ့ရတဲ့ ကလေးအများအပြားကို သတ်ဖြတ်စတေးထားတဲ့ နေရာတခုကို ရှေးဟောင်းသုတေသနပညာရှင်တွေက ပီရူးနိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ်။

အသက် ငါးနှစ်ကနေ ၁၄ နှစ်ကြား ကလေး ၂၂၇ ယောက်ရဲ့ အရိုးစုတွေကို ပီရူးမြို့တော် လီမာမြို့မြောက်ဘက်က ဟွမ်ချာကိုဆိုတဲ့ ကမ်းခြေမြို့နားမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီကလေးတွေကို လွန်ခဲ့တဲ့ နှစ် ၅ဝဝ ကျော်က သတ်ဖြတ်ပြီး စတေးထားတာလို့ ယူဆနေ ကြပါတယ်။

ပီရူးက တခြားနေရာနှစ်ခုမှာလည်း ဒီလို သတ်ဖြတ်ပူဇော်ထားတဲ့ ကလေးရုပ်ကြွင်း ၂ဝဝ ကို မနှစ်က တွေ့ခဲ့ပါသေးတယ်။

တူးဖော်ရရှိတဲ့အချိန်က ဒီထဲက တချို့ကလေးအလောင်းတွေမှာ ဆံပင်နဲ့ အရေပြားတွေ ကျန်နေတာကို တွေ့ရတယ်လို့ ရှေးဟောင်းပညာရှင်တွေက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒီကလေးတွေကို ရာသီဥတု စိုစွတ်တဲ့အချိန်မျိုးမှာ သတ်ဖြတ်ပြီး ပင်လယ်ဘက်ကို မျက်နှာမူ မြှုပ်နှံထားတာ တွေ့ရပါတယ်။ ဒါက ချီမူလူမျိုးတွေ ပူဇော်ပသကြတဲ့ နတ်တွေကျေနပ်အောင် ယဇ်ပူဇော်တဲ့ပုံ ရှိတယ်လို့လည်း ဆိုပါတယ်။

ဘယ်နှစ်က သတ်ဖြတ်ခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။

ချီမူတွေဟာ တခါက ပီရူး မြောက်ပိုင်းကမ်းရိုးတန်းမှာ နေခဲ့တဲ့ အင်အားကြီး လူမျိုးစု တခု ဖြစ်ပါတယ်။ အင်ကာတွေ သူတို့ကို အနိုင်ယူစိုးမိုးခဲ့ချိန်ထိ ခရစ်နှစ် ၁၂ဝဝ နဲ့ ၁၄ဝဝ ကြားမှာ သူတို့ ကောင်းစား ခဲ့ကြပါတယ်။ အင်ကာတွေရဲ့ နိုင်ငံကိုတော့ စပိန်တွေက သိမ်းပိုက်ခဲ့ကြပါတယ်။

Remains of one of 227 children allegedly offered in a sacrifice

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နောက်ထပ် ဒီလိုရုပ်ကြွင်းတွေ ထွက်လာနိုင်တယ်လို့ ရှေးဟောင်းသုတေသီတွေ ယူဆ

သူတို့က ရှီဆိုတဲ့ လနတ်ဘုရားကို ကိုးကွယ်ကြပြီး လက နေထက်ပိုပြီး အင်အားကြီးတယ်လို့ ယူဆကြပါတယ်။ အင်ကာတွေက နေကို ကိုးကွယ်တာပါ။ သူတို့နတ်ပူဇော်ပွဲတွေမှာ ဒီလို စတေးသတ်ဖြတ်မှု တွေ လုပ်လေ့ရှိပါတယ်။

ဒီလို အစုလိုက် မြှုပ်ထားတာကို တွေ့တဲ့နေရာမှာ ဆက်ပြီး တူးဖော်မှုတွေ လုပ်နေကြပါတယ်။ နောက်ထပ်ရုပ်ကြွင်းတွေ ထပ်ထွက်လာနိုင်တယ်လို့လည်း ရှေးဟောင်းပညာရှင်တွေက ပြောဆိုပါတယ်။

ဘယ်နေရာတူးတူး၊ တူးလိုက်တိုင်း နောက်ထပ်ကလေး ရုပ်ကြွင်းတခုကတော့ တွေ့ရတာပဲလို့ ရှေးဟောင်းသုတေသနမှူး ဖရန်ကက်စတီလိုက အေအက်ဖ်ပီကို ပြောပါတယ်။

Remains of one of 227 children allegedly offered in a sacrifice

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မနှစ်ကလည်း ကလေး ၂ဝဝ ကျော်ရဲ့ ရုပ်ကြွင်းတွေ တူးဖော်ရခဲ့ဖူး