ယောက်ျားချင်းစုံမက်သူတွေကို ခဲနဲ့ပေါက်သတ်တဲ့ ဥပဒေ ဘရူနိုင်းမှာ စတင်သက်ဝင်

ဘရူနိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရှရီယာဥပဒေခိုင်မာတာ တွေ့လိုတယ်လို့ ဆူလ်တန်ဘုရင်ပြော

ယောက်ျားချင်း လိင်ဆက်ဆံသူတွေကို ခဲနဲ့ပေါက်သတ်တဲ့ အထိ အရေးယူ အပြစ်ပေးနိုင်တဲ့ တင်းကျပ်တဲ့ အစ္စလာမ် ဥပဒေသစ်တစ်ရပ် ဘရူးနိုင်ငံမှာ စတင် သက်ဝင်လာပြီ ဖြစ်ပါတယ်။

အဲဒီ ဥပဒေထဲမှာပဲ ခိုးမှုကျူးလွန်သူတွေကို လက်ဖြတ်ပြီး အပြစ်ပေးတာ အပြင် တခြား ရာဇဝတ်မှု တော်တော်များများကိုလည်း အစ္စလာမ့် ဥပဒေအညီ ဘယ်လို အရေးယူ အပြစ်ပေးရမလဲ ဆိုတာတွေ ထည့်သွင်း ပြဌာန်းထားပါတယ်။

ဘရူးနိုင်းမှာ ဒီလို ဥပဒေမျိုး စတင် ကျင့်သုံးလာမယ့် အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချနေပါတယ်။

ဘရူးနိုင်း ဘုရင်ကတော့ သူ့နိုင်ငံထဲမှာ အစ္စလာမ် ဘာသာရေး အဆုံးအမတွေ အလိုအတိုင်း ပြင်းပြင်းထန်ထန် ကျင့်သုံးသွားမယ်လို့ ပြောထားပါတယ်။

တင်းကျပ်တဲ့ ရှရီယာနဲ့ အုပ်ချုပ်ချင်တဲ့ ဆူလ်တန်ဘုရင်

"ဒီတိုင်းပြည်မှာ အစ္စလာမ့်အဆုံးအမ သွန်သင်မှုတွေ ပိုပြီး ခိုင်ခိုင်မာမာ ကျင့်သုံးလာတာ တွေ့မြင်လိုတယ်" ဆိုပြီး ဆူလ်တန် ဟာဆန်နယ် ဘိုလ်ကီးယားက သူ့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို ပြောခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ရေးပါတယ်။

ဒါပေမယ့် အခု ဥပဒေသစ်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုးတော့ ဘရူနိုင်းဘုရင်က မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘရူနိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဧပြီ ၃ ရက် ဆူလ်တန်ရဲ့ မိန့်ခွန်းကို နားထောင်နေကြတဲ့ ဘရူနိုင်း မွတ်ဆလင် အမျိုးသမီးတွေ

ဘရူးနိုင်းနိုင်ငံမှာ ရှိတဲ့ လိင်တူချစ်သူ အသိုင်းအဝိုင်းကတော့ သူတို့ကို ပစ်မှတ်ထားပြီး အမှောင်ကျနေတဲ့ အလယ်ခေတ်ကသဖွယ် ကြမ်းကြုတ်ရက်စက်တဲ့ အပြစ်ပေး အရေးယူတဲ့ ပုံစံမျိုးတွေ ကျင့်သုံးမယ် ဆိုတဲ့အပေါ် အင်မတန် ကြောက်ရွံ့ တုန်လှုပ်နေရကြောင်း ဖွင့်ဟ နေကြပါတယ်။

"တစ်ခုသောမနက် ခင်ဗျား နိုးထလာတဲ့ အခါ … ခင်ဗျားရဲ့ အိမ်နီးချင်းတွေ၊ မိသားစုဝင်တွေ၊ ဒါမှမဟုတ် ခင်ဗျားအပေါ် အင်မတန် ဖော်ရွေတဲ့ လမ်းဘေး မုန့်ဆိုင်က အဒေါ်ကြီးလိုမျိုး သူတွေက ခင်ဗျားကို လူလို့တောင် မသတ်မှတ်တော့ပဲ၊ လူစာရင်း မသွင်းတော့ပဲ ခဲနဲ့ ပေါက်သတ်ပစ်မယ် ဆိုတဲ့ အခြေအနေမျိုးကို ရောက်လာတာပဲ" လို့ အမည်မဖော်လိုတဲ့ လိင်တူချစ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဥပဒေသစ်မှာ ဘာတွေပါသလဲ

အခုဥပဒေသစ်အရ မုဒိမ်းမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ယောက်ျားချင်း ကာမဆက်ဆံမှု၊ ဓားပြမှုနဲ့ တမန်တော်မိုဟာမက် အပေါ် စော်ကားမှုတွေကို သေဒဏ် အပြစ်ပေးမှာ ဖြစ်ပါတယ်။

အမျိုးသမီးချင်း လိင်ဆက်ဆံရင်တော့ ကြိမ်ဒဏ် အချက် ၄ဝ ဒါမှမဟုတ် ထောင်ဒဏ် ၁ဝ နှစ်အထိ ချနိုင်ပါတယ်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်တူဆက်ဆံမှုကို တရားမဝင်ကြောင်း ဘရူနိုင်းမှာ ပြဌာန်းထားနှင့်ပြီး ဖြစ်ပြီး ထောင်ဒဏ် ၁ဝနှစ် အထိ ချမှတ်မယ်လို့ သတ်မှတ်ထားရာက အခု ဥပဒေသစ်မှာ ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပြောင်းလဲ သတ်မှတ်လာတာ ဖြစ်ပါတယ်။

လူအများရှေ့ ကြိမ်ဒဏ်ပေးလို့ရတဲ့ ပြစ်မှုထဲ ကိုယ်ဝန်ဖျက်ချတဲ့ လုပ်ရပ်လည်း ပါဝင်ပြီး၊ ခိုးမှုကျုးလွန်သူတွေ ဆိုရင် လက်ဖြတ်မှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အောက် မွတ်ဆလင် လူငယ်တွေကို အစ္စလာမ် ဘာသာရေးက လွဲပြီး တခြား ဘာသာတရားတစ်ခုခုကို လက်ခံအောင် ဆွဲဆောင် သိမ်းသွင်းမယ်၊ အားပေးအားမြှောက် ပြုလုပ်မယ်ဆိုရင် ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ပြီး ငွေဒဏ်ကနေ ထောင်ဒဏ်အထိ ကျခံဖို့ အခု ဥပဒေသစ်မှာ ရေးဆွဲထားပါတယ်။

အထက်ဖော်ပြပါ အချက်တွေကို ကျူးလွန်သူတွေဟာ လူပျိဖော်၊ အပျိုဖော် မဝင်သေးတဲ့ အရွယ်တွေဆိုရင် သတ်တာတွေ၊ လက်ဖြတ်တာတွေ လုပ်မယ့်အစား ကြိမ်ဒဏ်နဲ့ အစားထိုးမယ်လို့ ဆိုပါတယ်။

ဒီဥပဒေပါ အချက်တော်တော်များများဟာ ဘရူနိုင်းနိုင်ငံထဲက မွတ်ဆလင်တွေ အတွက် သီးသန့် ရည်ရွယ်တာ ဖြစ်ပြီး၊ မွတ်ဆလင် မဟုတ်သူတွေ အပေါ်မှာပါ သက်ရောက် စေမယ့် အချက်တချို့လည်း ပါဝင်ပါတယ်။

ဘရူနိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘန်ဒါဆရီ ဘက်ဂါဝမ် မြို့တော်၊ ဆူလ်တန် အိုမာအလီဆာအီဖူဒင် ဗလီဝတ်ကျောင်းတော်ရှေ့ လက်ထပ်ပြီးစ ဘရူနိုင်းမောင်နှံ

အခွန်မပေးရဘဲ ထောက်ပံ့ကြေးရတဲ့ နိုင်ငံ

ဘရူနိုင်း နိုင်ငံရဲ့ မလေးနွယ် အများစု ဖြစ်တဲ့ လူဦးရေ လေးသိန်းနှစ်သောင်းမှာ မွတ်ဆလင် အချိုးအစား သုံးပုံနှစ်ပုံထိ ရှိပါတယ်။

ဘရူနိုင်းမှာ ရှိနှင့်ပြီး ဥပဒေတွေအရလည်း အမြင့်ဆုံး သေဒဏ်ချတာကို လက်ခံထားပေမယ့် တကယ်တမ်း မစီရင်မကွပ်မျက်တာကတော့ ၁၉၅၇ နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံဟာ ဘိုနီယိုကျွန်းပေါ်မှာ တည်ရှိပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။

ဘရူနိုင်း
ဓာတ်ပုံ ပုံစာ, ရေနံနဲ့ချမ်းသာပြီး တနိုင်ငံလုံးကို တင်ကျွေးထားတဲ့ နိုင်ငံငယ်

ဘရူနိုင်းကို အုပ်စိုးကြတဲ့ တော်ဝင်မိသားစုပိုင် အနေနဲ့ ဓနငွေကြေးနဲ့ ပိုင်ဆိုင်မှု အင်မတန် တောင့်တင်းသလို ဘရူနိုင်းနိုင်ငံသားတွေဟာ အခွန်ထမ်းဆောင်စရာ မလိုပဲ အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးတွေ အများအပြား ရရှိကြပါတယ်။

လက်ရှိအုပ်စိုးနေတဲ့ ဘုရင်ကတော့ အသက် ၇၂ နှစ် အရွယ် ဆူလ်တန် ဟာဆန်နယ် ဘိုလ်ကီးယား ဖြစ်ပါတယ်။

ဟိုတယ်သူဌေး ဘရူနိုင်းဘုရင်

အဲဒီ ဆူလ်တန်ဘုရင်ဟာ ဘရူနိုင်း ရင်းနှီးမြှုပ်နှံရေး အေဂျင်စီ ဆိုတဲ့ စီးပွားရေး လုပ်ငန်းအဖွဲ့ရဲ့ အကြီးအမှူးလည်း ဖြစ်ပြီး အဲဒီ စီးပွားရေး လုပ်ငန်းက ပိုင်တဲ့ ထိပ်တန်းဟိုတယ်တွေ တကမ္ဘာလုံး အနှံ့မှာ ရှိနေပါတယ်။

လန်ဒန်မှာ ရှိတဲ့ နာမည်ကျော် ဒေါ်ချက်စတာဟိုတယ် (၂ဝ၁၇ မေလ၊ တုန်းက ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ်မှာ တည်းခိုခဲ့တဲ့ ဟိုတယ်) နဲ့ အမေရိကန် လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ ဘေဗာလီဟေးလ် ဟိုတယ်တို့ ဆိုရင်လည်း ဘရူနိုင်းဘုရင် လက်ရှိ ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။

ဘရူနိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရေနံသူဌေး ဘရူနိုင်းတော်ဝင်မျိုး

ဘရူနိုင်းမှာ ဥပဒေသစ် သက်ဝင်လာတော့မယ့် အကြို အခု သီတင်းပတ် အစောပိုင်းမှာပဲ ဟောလိဝုဒ် ရုပ်ရှင်မင်းသား ဂျော့ရှ်ကလူးနီ အပါအဝင် တခြား နာမည်ကြီး အနုပညာရှင်တွေ စုရုံးလို့ ဘရူနိုင်းဘုရင်ပိုင် ဇိမ်ခံဟိုတယ်တွေမှာ မတည်းဘဲ သပိတ်မှောက်ကြဖို့ ဆော်ဩ ခဲ့ကြပါတယ်။

လန်ဒန်မြို့က အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေး ဆိုးအက်စ်ကျောင်းမှာ ဘရူနိုင်း ဂယ်လာရီ ဆိုတဲ့ နာမည်နဲ့ အဆောက်အအုံ ရှိနေတာကို နာမည်ပြောင်းပစ်ဖို့ကိုလည်း ဆိုးအက်စ် ကျောင်းသားတွေ တောင်းဆိုခဲ့ပါတယ်။

တိုင်းပြည်ကို ရှရီယာလို့ ခေါ်တဲ့ အစ္စလာမ်ဘာသာရေး ဥပဒေအရ အုပ်ချုပ်မယ်လို့ စတင် ပြဌာန်းလာတာ ၂ဝ၁၄ ကတည်းက ဖြစ်ပြီး၊ တိုင်းပြည်မှာ ကျင့်သုံးလက်စ ဗြိတိသျှဆီကရတဲ့ ကျင့်ထုံး ဥပဒေတွေနဲ့ ရှရီယာ ဥပဒေ တစ်နိုင်ငံ ဥပဒေ ၂ မျိုးကို အပြိုင်ထား ရှိလာပါတယ်။

ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေနဲ့ စခဲ့တဲ့ ရှရီယာ ဥပဒေကို လာမယ့်နှစ်တွေ အတွင်း အခုလို သေဒဏ်ပေးမယ့်အထိ အပြည့်အဝ ကျင့်သုံးလာမယ်လို့ ဘရူနိုင်းဘုရင်က အဲဒီ ၂ဝ၁၄ တုန်းကတည်းက ကြိုတင် ပြောထားနှင့်ပြီး ဖြစ်ပါတယ်။