ဆော်ဒီအာရေဗျ၊ အိမ်ရှေ့စံရဲ့ အရှေ့ကြည့်ဝါဒ
- ရေးသားသူ, ဖရန့်ဂါဒနာ
- ရာထူးတာဝန်, ဘီဘီစီလုံခြုံရေး သတင်းထောက်
ဆော်ဒီက ကမ္ဘာကို ချစ်ကြည်ရေးနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီး သံအမတ်ကို ထိပ်တန်းသံရုံး ဖြစ်တဲ့ ဝါရှင်တန် မှာ ခန့်ခဲ့ပါတယ်။ နောက် ဆော်ဒီမှာ အာဏာအရှိဆုံး ဖြစ်တဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလမန်ရဲ့ အာရှ ခရီးစဉ်ကလည်း အပြီးသတ်လို့ တရုတ်၊ ပါကစ္စတန်၊ အိန္ဒိယ တို့နဲ့ ဒေါ်လာဘီလျံချီ တန်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဆော်ဒီ သတင်းထောက် ဂျမား ဟာရှော့ဂျီကို အစ္စတန်ဘူက ဆော်ဒီသံရုံးထဲမှာ ကြံစည်သတ်ဖြတ်မှုကြီး ဖြစ်ပြီးတာ ငါးလအတွင်းမှာပဲ အနောက်အုပ်စုက ဒီဖြစ်ရပ်ကို ကြောက်လန့်တကြား တုံ့ပြန် ခဲ့ကြပါတယ်။
ဒီလုပ်ရပ်မှာ ဆော်ဒီအိမ်ရှေ့စံ နောက်က ပါနိုင်တယ် ဆိုပြီး စီအိုင်အေနဲ့ ထောက်လှမ်းရေး အဖွဲ့တွေက သုံးသပ်ပါတယ်။ ဆော်ဒီဘက်က ဒါကို ခါးခါးသီးသီး ပယ်ချပါတယ်။
အရင်က အနောက်တိုင်းမှာ ခြေစကြာ ဖြန့်လေ့ရှိတဲ့ အိမ်ရှေ့စံဟာလည်း ခုတော့ အနောက်က ရှောင်ဖယ်တာတွေ ခံနေရပါတယ်။ ဗွေနို့ဆိုင်းရီးစ်မှာ လုပ်တဲ့ ပြီးခဲ့တဲ့ ဂျီ ၂ဝ ထိပ်သီးဆွေးနွေးပွဲမှာ သိသာပါတယ်။
အနောက်မီဒီယာတွေရဲ့ ရှုတ်ချမှုကို သူဆက်ပြီး ရင်ဆိုင်နေရပါတယ်။ ဟာရှော့ဂျီ အမှုမှာသာမက အမျိုးသမီး အခွင့်အရေး တောင်းသူနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးတာ၊ ယီမင်မှာ ဖြစ်နေတဲ့ စစ်ကြီး စတာတွေအတွက် ဖြစ်ပါတယ်။
ဒါကြောင့် သူက အရှေ့ဘက် လှည့်ပြီး ခရီးထွက်တော့ သူ့ကို ကော်ဇောနီခင်း ကြိုကြပါတယ်။ ၂ဝ၁၁ အာရပ်နွေဦး တော်လှန်ရေးမှာ အာဏာရှင် ဆန်တဲ့ တုံ့ပြန်ပုံတွေကြောင့် ပင်လယ်ကွေ့ နိုင်ငံတွေက အာရပ်ခေါင်းဆောင်တွေကို ဥရောပက ဝေဖန်စဉ်က တုံ့ပြန်ပုံအတိုင်းပါပဲ။
ပါကစ္စတန်ဟာ အဏုမြူ လက်နက်ရှိပေမယ့် စီးပွားရေး အခက်အခဲတွေ ကြုံနေပါတယ်။ အဲဒီမှာ ဆော်ဒီက ရက်ရက်ရောရော ပေးကမ်းတဲ့အခါမှာ အမြောက် ၂၁ ချက် ပစ်ဖောက် ကြိုတာ၊ ဂျက်တိုက်လေယာဉ် တွေနဲ့ ရံပေးတာ၊ ရွှေချထားတဲ့ မရှင်းဂန်း အသေးတလက် လက်ဆောင်ပေးတာတွေ ဖြစ်လာပါတယ်။
အိန္ဒိယမှာလည်း သူ့ကို ဝန်ကြီးချုပ် မိုဒီကိုယ်တိုင် နွေးထွေးစွာ ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်ဖို့ ဆွေးနွေးကြပါတယ်။ အထူးသဖြင့် စွမ်းအင်ဘက်မှာပါ။ အာရှရဲ့ အင်အားကြီး တရုတ်မှာလည်း ထိုနည်းလည်းကောင်း ဆော်ဒီ အိမ်ရှေ့စံနဲ့ သမ္မတ ရှီကျင်းပင်တို့ ဆွေးနွေးပြီး ဒေါ်လာ ၁ဝ ဘီလျံဖိုး ရေနံချက်စက် အတွက် လက်မှတ်ထိုးကြပါတယ်။
ဆော်ဒီ မင်းမျိုး တွေက ဘယ်တော့မှ တယောက်တည်း ခရီးသွားတာ မဟုတ်ပါဘူး။ အိမ်ရှေ့စံနဲ့ ခေါင်းဆောင်အဆင့်ဆိုရင် လေယာဉ်အများကြီး ခြံပြီး လူ ၁၁ဝဝ လောက် လိုက်ပါ ခစားရပါတယ်။ ဟိုတယ်ခန်းတွေကိုလည်း ရာနဲ့ချီ ယူရပါတယ်။ ပြီးတော့ အားကစားရုံကိုပါ ရွှေ့ပြီး သူသုံးဖို့ သယ်သွားရတာပါ။
ဒီခရီးစဉ်မှာ အစိုးရဘက်သား သတင်းထောက်တွေလည်း ပါပြီး သူတို့ခေါင်းဆောင်ကို ဘယ်လို ကြိုဆိုကြတယ် ဆိုတာကို ပြန်ပြီး သတင်း ပို့ရပါတယ်။
အိမ်ရှေ့စံအတွက် ပြည်တွင်းမှာ အနေအထားက ခရီးမထွက်ခင်ကထက် ပိုပြီး ခိုင်မာလာပါတယ်။ သူနဲ့ပြိုင်ပြီး နန်းလုမယ့်သူလည်း မရှိတော့ပါဘူး။ နောက်ပြီး အာရှ နိုင်ငံကြီးတွေမှာ သူ့ကို ကြိုဆိုပုံ ကြောင့်ပဲ ဟာရှော့ဂျီကိစ္စနဲ့ ဘေးရောက်နေတဲ့သူလို့ သူ့ကို ဆော်ဒီ ပြည်သူတွေက ထင်မှာ မဟုတ်တော့လို့ပါပဲ။
အမေရိကန်ကို ရင်ဆိုင်ရာမှာတော့ ပိုပြီး ခက်ပါလိမ့်မယ်။ အဲဒီကို ပို့တဲ့ သံအမတ်သစ်က အမျိုးသမီး ဖြစ်နေတာက သာမန် တိုက်ဆိုင်မှု မဟုတ်ပါဘူး။
ရီမာ ဘင့်ဘန်ဒါ အယ်လ်ဆော့ဒ် မင်းသမီး ကိုယ်တိုင်ကလည်း စီးပွားရေးမှာ ထူးချွန်တဲ့ အမျိုးသမီး ဖြစ်သလို ဆော်ဒီ အမျိုးသမီးတွေအတွက် အခန်းကဏ္ဍ ပိုရှိဖို့ ဦးဆောင်နေသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
ဒါပေမဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဝေဖန်တာတွေကို ဆက်ပြီး သူရင်ဆိုင်ရမှာပါ။ နောက်ပြီး ဆော်ဒီမှာ လူ့အခွင့်အရေး ထိုးဆင်းနေတာကို သတင်းတင်နေမယ့် အမေရိကန် မီဒီယာတွေရောပါပဲ။
သူ့ရှေ့က သံအမတ်ဟောင်း မင်းသား ခါလစ် အယ်လ်ဆော့ဒ် ကတော့ ဟာရှော့ဂျီ ကိစ္စအပြီး ဝါရှင်တန်က အမြန်ခွာသွားရပါတယ်။ ဒီလူသတ်မှုမှာ သူပါနေတယ် ဆိုပြီး စွပ်စွဲခံနေရသလို ဒီကိစ္စကို သေချာ မရှင်းနိုင်ဘဲ ပြန်မလာဖို့လည်း အဲဒီမှာ သတိပေးခံခဲ့ရပါတယ်။
ဒီမှာ ဘာကြောင့် ဥရောပက ကျန်နေသလဲ ဆိုတာက အကြောင်းရှိပါတယ်။
ဆော်ဒီဟာ ဗြိတိန်ရဲ့ အကြီးဆုံး အရှေ့အလယ်ပိုင်း ကုန်သွယ်ရေး မဟာမိတ် ဖြစ်ပြီး ဗြိတိန်နိုင်ငံသား ငါးသောင်းထိ ဒီအလုပ်တွေကို မှီခို နေရပါတယ်။
ရေနံသိုက်ကြီးကြောင့် ဆော်ဒီဟာ စျေးကွက်ကြီး ဖြစ်နေသလို ဗြိတိန်က လက်နက် အကြီးအကျယ် ဝယ်တဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။ ဒါကို အဆုံးသတ်ရမယ်လို့ ဗြိတိန် အတိုက်အခံ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်က ကတိပေးထားပါတယ်။
ဗြိတိန်၊ ပြင်သစ်တို့နဲ့ ဆော်ဒီ ဆက်ဆံရေး အေးစက်လာပေမယ့် ဆော်ဒီကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရာမှာ ဒီနိုင်ငံတွေ မပါပါဘူး။ ဂျာမနီကတော့ ဟာရှေ့ဂျီ ကိစ္စအတွက် ဆော်ဒီကို လက်နက်ပို့တာကို ပိတ်ခဲ့ပါတယ်။ ဆော်ဒီကို ဗြိတိန်က ပို့တဲ့ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေက ဂျာမနီမှာ ထုတ်တာမို့ ဒီကိစ္စက ဆော်ဒီနဲ့ ဗြိတိန် ကာကွယ်ရေး ဆက်ဆံမှုမှာ ခြိမ်းခြောက်စရာ ဖြစ်လာ ပါတယ်။
ဆော်ဒီ အာရှ နိုင်ငံကြီးတွေနဲ့ နီးစပ်လာတာကလည်း "ကမ္ဘာမှာ တခြားမိတ်ဆွေတွေ ရှိသေးတယ်၊ သူတို့က တို့နဲ့ စီးပွားရေး လုပ်ချင်တယ်" လို့ အချက်ပြနေတာ ဖြစ်ပါတယ်။ ဝါရှင်တန်ကို သံအမတ် အမျိုးသမီး လွှတ်တာကတော့ "သင်ပြောချင်တာကို နားထောင်ဖို့ လိုလားတယ်" ဆိုတဲ့ စကားပါးတာ ဖြစ်ပါတယ်။
ဆော်ဒီပြည်တွင်းမှာ နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိနေသရွေ့ သူတို့နဲ့ စီးပွားရေး လုပ်ရတာဟာ အနောက်နိုင်ငံတွေအတွက် ရှက်စရာ ဆက်ဖြစ်စေမှာပါ။










