ထိုင်းနဲ့ကမ္ဘောဒီးယားက တပို့တွဲလပြည့် မဟာပူဇာပွဲ

ဓာတ်ပုံ ရင်းမြစ်, RUNGROJ YONGRIT
တပို့တွဲလပြည့် သြဝါဒပါတိမောက် အခါတော်နေ့ကို မြန်မာတင်မက အရှေ့တောင်အာရှက ထေရဝါဒနိုင်ငံတွေမှာလည်း ကျင်းပကြပါတယ်။ ဒီထဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်မှာ ကျင်းပတဲ့ ပွဲကတော့ ထူးခြား ခမ်းနားလှပါတယ်။
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဂေါတမဘုရားရှင်က ၁၂၅ဝ သော ရဟန္တာတွေကို ဟောကြားတဲ့နေ့ အထိမ်းအမှတ် ဒီပွဲကို ကျင်းပကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘုရားဖြစ်ပြီး ၁ဝ လ အကြာမှာ ရဟန္တာတွေ မပင့်ဖိတ်ရဘဲ စုဝေးပြီး ဘုရားဆီကြွလာကြတာကို အထိမ်းအမှတ်လုပ်ပြီး ဒီပွဲကို ကျင်းပကြပါတယ်။
ဘုရားအစဉ်အဆက် သြဝါဒပါတိမောက်ပြရပါတယ်။
ပြရာမှာလည်း တပို့တွဲလပြည့်နေနဲ့ ကြုံပြီး ဘုရားကိုယ်တိုင် ရဟန်းပြုပေးခဲ့တဲ့ ရဟန္တာချည်း အပါး ၁၂၅ဝ မပင့်ဖိတ်ဘဲ ကြွလာတဲ့နေ့မှ ပြတာမို့ ဒီနေ့ကို ဗုဒ္ဓဘာသာဝင်တွေ အမြတ်တနိုးထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RUNGROJ YONGRIT
မကောင်းမှုကို မပြုရခြင်း၊ ခန္တီစိတ်ထားရခြင်းနဲ့ စိတ်ကို ဖြူစင်အောင်ထားဖို့ ဘုရားအစဉ်အဆက် မှာကြားမြဲ စကားကို သြဝါဒပေးရတာမို့ သြဝါဒပါတိမောက် အခါတော်နေ့လို့ ခေါ်ပါတယ်။
သူတပါးကို မညှဉ်းဆဲဖို့၊ စားရာနေရာ အစစမှာ အတိုင်းအဆရှိဖို့နဲ့ လုံ့လဝီရိယ ရှိကြဖို့ကိုလည်း ဘုရားက မှာကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RUNGROJ YONGRIT
ဒီသြဝါဒပါတိမောက်ပြတဲ့နေ့ သံဃာ့အစည်းအဝေးမှာပဲ ဂေါတမဘုရားက ရှင်သာရိပုတ္တရာကို လက်ယာရံ အဂ္ဂသာဝကကြီး နေရာ ချီးမြှင့်ခဲ့ပါတယ်။
နောက် ဒီ တပို့တွဲလပြည့်နေ့မှာပဲ မြတ်စွာဘုရားက သူ ပရိနိဗ္ဗာန်ပြုမယ့်အကြောင်း ဝေသာလီပြည်မှာ သုံးလ ကြိုတင်မိန့်ကြားတဲ့နေ့လို့လည်း ဗုဒ္ဓဘာသာဝင်တွေက မှတ်ယူကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကောက်ရိတ်ချိန် ကုန်ဆုံးတဲ့နေ့အဖြစ်လည်း ဒီနေ့ကို ဆင်နွှဲကြသလို မီးဖုံးနေ့အဖြစ်လည်း ဘုရားကို နံ့သာထင်းမီးနဲ့ ပူဇော်တာ၊ ထမနဲ ယာဂုကပ်တာတွေ ပြုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein

ဓာတ်ပုံ ရင်းမြစ်, Athit Perawongmetha

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY








