အစားအစာ ရေရှည်ဖူလုံစေဖို့ အသားငါးလျှော့စားသင့်တယ်လို့ သိပ္ပံပညာရှင်တွေ အကြံပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာကြီးကို မထိခိုက်စေဘဲ လူ့အသက်ကို ကယ်ဆယ်နိုင်မယ့်၊ တိုးပွားလာမယ့် လူဦးရေ ၁၀ ဘီလျံ အတွက် စားနပ်ရိက္ခာ လုံလောက်စေမယ့် အစားအသောက်ကို စားသောက်ကြဖို့ သိပ္ပံပညာရှင်တွေက အကြံပြုခဲ့ကြပါတယ်။
လာမယ့် ဆယ်စုနှစ်တွေအတွင်း တိုးပွားလာမယ့် ဘီလျံနဲ့ ချီတဲ့ လူဦးရေအတွက် စားနပ်ရိက္ခာ ဘယ်လိုဖန်တီးကြမလဲဆိုတာ သိပ္ပံပညာရှင်တွေ လေ့လာ ဆန်းစစ်ခဲ့ကြရာက အခုလို အကြံပြုချက် ထွက်လာခဲ့တာဖြစ်ပါတယ်။
အသား၊ ငါး၊ နို့၊ ကြက်ဥ စတာတွေကို လုံးဝရှောင်စရာမလိုဘဲ ဟင်းသီးဟင်းရွက် ပိုစားတဲ့ အလေ့အကျင့်ကို တစ်ကမ္ဘာလုံး ပြောင်းလဲကျင့်သုံးကြဖို့ သူတို့က ပြောခဲ့ကြပါတယ်။
ဘယ်လို စားသောက်ကြရမလဲ
နေ့တိုင်း အသားစားလေ့ရှိသူတွေအတွက်တော့ ဧရာမ အပြောင်းအလဲကြီး ဖြစ်ပါလိမ့်မယ်။ သူတို့ အတွက်ဆိုရင်တော့ အမဲသား အသားညှပ် ပေါင်မုန့် (ဘာဂါ )ကို တစ်ပတ် တစ်ခါလောက်ပဲ စားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက တစ်ပတ်ကို အမဲသား၊ ဝက်သားလို အနီရောင်ရှိတဲ့အသား ၇ ကျပ်သားပဲ စားရမှာ ဖြစ်ပါတယ်။
ငါးတို့ ကြက်သားတို့ကိုလည်း အဲဒီလောက်ပဲ တစ်ပတ်ကို တခါစားနိုင်ပါတယ်။
လိုအပ်တဲ့ ပရိုတိန်း အသားဓာတ်အတွက် နေ့စဉ် ပဲအမျိုးမျိုးနဲ့ မြေပဲလိုမျိုးတွေကိုပဲ အားထားစားရမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
နေ့စဉ်စားသုံးတဲ့ အထဲမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တဝက်လောက် ပါသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာလူးနဲ့ အာဖရိက နိုင်ငံတွေမှာ အဓိက စားလေ့ရှိကြတဲ့ ပီလောပီနံ နဲ့ ပိန်းဥလိုဟာတွေကို လျှော့စားဖို့ သူတို့က ပြောပါတယ်။

ဘာတွေကို ဘယ်လောက် စားသင့်လဲ
သိပ္ပံပညာရှင်တွေရဲ့ အကြံပြုချက်
၁။ မြေပဲ၊ နေကြာစေ့ စတာတွေလို အစေ့ အဆံတွေက တစ်နေ့ကို ၃ ကျပ်သားခန့်
၂။ ပဲအမျိုးမျိုးက တစ်နေ့ကို ၄ ကျပ်သားကျော်ကျော်
၃။ ငါး တစ်နေ့ကို ၂ ကျပ်ခွဲသား
၄။ ကြက်ဥ တစ်ပတ်ကို တစ်လုံးကျော်ကျော်
၅။ အမဲသား၊ဝက်သား၊ဆိတ်သား တစ်နေ့ တစ်ကျပ်သားခန့်
၆။ ဆန် တစ်နေ့ကို ၁၄ ကျပ်သားခန့်
၇။ အာလူး၊ ပိန်းဥ ၃ ကျပ်သားခန့်
၈။ ဟင်းသီးဟင်းရွက် ၁၈ ကျပ်သားခွဲ၊ သစ်သီး ၁၂ ကျပ်သားကျော်ကျော်
၉။ နို့ တစ်ရက် တစ်ဖန်ခွက်
၁၀။ သကြား ၂ ကျပ်သားခန့် နဲ့ သံလွင်ဆီလို ဆီမျိုးက ၃ ကျပ်သား။

ဓာတ်ပုံ ရင်းမြစ်, Molly Katzen
ဒီလို စားသောက်ပုံ အလေ့အကျင့်ကို တစ်ကမ္ဘာလုံးမှာ ပြောင်းလဲဖို့ လိုတယ်လို့ ဆိုပါတယ်။
ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေမှာ အသားစားတာကို လျှော့ဖို့လိုပြီး၊ အရှေ့ အာရှနိုင်ငံတွေမှာတော့ ငါးစားတာကို လျှော့ချဖို့ နဲ့ အာဖရိကနိုင်ငံတွေမှာ ကစီဓါတ်ပါတဲ့ အစားအစာတွေ လျှော့စားဖို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။
ဒီလို စားသောက်ပုံ အလေ့အကျင့် ပြောင်းလဲစေမယ့် နည်းလမ်းတစ်ခုက အသားအပေါ်မှာ အခွန်တိုးကောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
လေ့လာခဲ့ကြသူတွေ
လန်းဆက်ဆေးပညာဂျာနယ်နဲ့ အီးအေတီလို့ ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ဦးဆောင်မှုနဲ့ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင် ၃၇ ဦးပါတဲ့ အဖွဲ့က လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေးကစလို့ အဟာရဓာတ်ဆိုင်ရာနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအထိ ကျွမ်းကျင်သူတွေပါတဲ့ အဲဒီအဖွဲ့ဟာ နှစ်နှစ်ကြာလေ့လာဆန်းစစ်ခဲ့ကြပြီး သူတို့ တွေ့ရှိချက်တွေကို လန်းဆက်ဆေးပညာဂျာနယ်မှာ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က ၇ ဘီလီယံရှိနေတဲ့ ကမ္ဘာ့လူဦးရေဟာ အခု ၇ ဒဿမ ၇ ဘီလီယံရှိလာခဲ့ပါပြီ။ ၂၀၅၀ ပြည့်နှစ်မှာ ၁၀ ဘီလီယံရှိလာမယ်လို့ ခန့်မှန်းထားပြီး တဖြည်းဖြည်း ပိုတိုးလာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
စားသုံးပုံအလေ့အကျင့် ပြောင်းလဲတာနဲ့ ကျန်းမာရေး
အခု သိပ္ပံပညာရှင်တွေက သူတို့ အကြံပြုတဲ့အတိုင်း အစားအသောက် အလေ့အကျင့်ကို ပြောင်းလိုက်ရင် နှစ်စဉ် လူ ၁၁ သန်းရဲ့ အသက်ကို ကယ်နိုင်မယ်လို့ ပြောပါတယ်။
လက်ရှိ စားသောက်ပုံနဲ့ ဆက်နွယ်ပြီး ဖြစ်လာတဲ့ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ ကင်ဆာရောဂါတွေကြောင့် လူသေဆုံးမှုဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အများဆုံး ဖြစ်ပါတယ်။
အဲဒီ သေဆုံးမှုဟာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ အကာအကွယ်မယူဘဲ လိင်ဆက်ဆံမှု စတာတွေနဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူ အရေအတွက်ထက် ပိုများတယ်လို့ ဆိုပါတယ်။
စားသောက်ပုံနဲ့ ကမ္ဘာကြီးထိခိုက်မှု
ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ တစ်ကမ္ဘာလုံး ဖန်အိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၂၅ ရာခိုင်နှုန်းဟာ သစ်တောနဲ့ အစားအသောက်ထုတ်လုပ်တဲ့ လယ်ယာမြေတွေကြောင့် ဖြစ်ပါတယ်။
မွေးမြူရေးအတွက် မြေနေရာ အများအပြား အသုံးပြုတာကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ လူတွေကြောင့် ဖြစ်ရတဲ့ ဖန်အိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ၁၈ ရာခိုင်နှုန်းဟာ အဲဒီလို မွေးမြူရေးနဲ့ အစားအသောက် ထုတ်လုပ်မှုတွေကြောင့် ဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေးမှာ သုံးတဲ့ ဓာတ်မြေသြဇာတွေကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
ထို့အတူပဲ ကမ္ဘာ့ရေ အရင်းအမြစ်ကိုလည်း အန္တရာယ်ပြုနေတယ်လို့ ဆိုပါတယ်။
အစားအသောက်အလေ့အကျင့်ကို ပြောင်းလဲတာကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ကျစေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။








