အိပ်ချ်အိုင်ဗီက တံတွေးက မကူးဘူး၊ အေအိုင်ဒီအက်စ် အသိမှား ၈ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာပေါ်မှာ အိပ်ချ်အိုင်ဗီ ရောဂါ နဲ့ သေဆုံးသူ ၃၅ သန်းထိ ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားလို့ ကမ္ဘာ့ကျန်းမာရေးမှာ အရေးကြီး ကိစ္စ တခု ဖြစ်နေပါတယ်။
မနှစ်ကတင် ကမ္ဘာတလွှား ဒီရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးသူ တသန်းနီးပါး ရှိပါတယ်။
ဒီရောဂါကူးစက်ခံရသူ ၃၇ သန်းလောက် ရှိနေပြီး ၇ဝ ရာခိုင်နှုန်းက အာဖရိကတိုက်က ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် တနှစ်ထဲမှာ ကူးစက်ခံရသူက နှစ်သန်းနီးပါး ရှိပါတယ်။
အိပ်ချ်အိုင်ဗီ ဗိုင်းရပ်ပိုး ကူးစက်ခံရမှသာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်နိုင်တာပါ။
၁၉၈ဝ ကျော်နှစ်တွေမှာ ဒီရောဂါ စတင်ကူးစက်ပျံ့နှံ့လာပြီးနောက် ဘယ်လိုကူးစက်နိုင်တယ်၊ ဒီရောဂါရှိရင် ဘယ်လိုခံစားရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး အသိအမြင်မှားတွေကြောင့် ခွဲခြားဆက်ဆံမှုတွေ ရှိလာပြီး ရောဂါရှင်နဲ့ တခြား လူတွေကြားမှာ စိတ်ဒဏ်ရာတွေ ရစေခဲ့ပါတယ်။
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့မှာတော့ ဒီလို အမြင်မှားနေတာတွေထဲက အထင်ရှားဆုံးတချို့ကို ကြည့်ရအောင်ပါ။
အမြင်မှား။ အိပ်ချ်အိုင်ဗီ ဗိုင်းရပ်ပိုးရှိသူတွေနားနေရင် ရောဂါကူးနိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအမြင်မှားမှုကြောင့် အိပ်ချ်အိုင်ဗီပိုးရှိသူတွေကို ခွဲခြားဆက်ဆံတာတွေ ဖြစ်နေတာ ကြာပါပြီ။
ပညာပေး အစီအစဉ်တွေ ဒီလောက်လုပ်တဲ့ကြားက ၂ဝ၁၆ ခုနှစ်အထိ ဗြိတိန်မှာ လူ ၅ ပုံ ၁ ပုံက ဒီရောဂါကို အသားချင်းထိရင် ကူးနိုင်တယ်၊ တံတွေးကနေကူးနိုင်တယ်လို့ ထင်နေကြပါတယ်။
ဒါပေမဲ့ ဒီပိုးက လူလူချင်းထိတာ၊ မျက်ရည်၊ ချွေး၊ တံတွေးနဲ့ ဆီးတို့ကနေ မကူးစက်နိုင်ပါဘူး။
နောက်ပြီး
- ရောဂါရှင်ရှူထုတ်တဲ့လေကို ရှူမိတာ
- ဖက်တာ၊ နမ်းတာ၊ လက်ဆွဲတာ
- စားစရာ ပန်းကန်ခွက်ယောက်အတူသုံးတာ
- ရေအတူချိုးတာ
- လူအသုံးအဆောင်ပစ္စည်းတွေ တွဲသုံးတာ
- အားကစားလေ့ကျင့်ပစ္စည်းတွေ အတူသုံးတာ
- အိမ်သာကမုတ်နဲ့ တံခါးလက်ကိုင်တွေကို ထိမိတာတွေကနေ မကူးနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, PA
အိပ်ချ်အိုင်ဗီ ရောဂါပိုးဟာ သွေး၊ သုက်ရည်၊ အမျိုးသမီး အင်္ဂါက ထွက်တဲ့အရည်နဲ့ နို့ရည်လို ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကသာ ကူးစက်နိုင်တာပါ။
အမြင်မှား။ ဆေးမြီးတိုတွေနဲ့ အိပ်ချ်အိုင်ဗီပျောက်အောင်ကုနိုင်တယ်
လုံးဝ မဟုတ်ပါဘူး။ ဆေးမြီးတိုတွေ၊ လိင်ဆက်ဆံပြီးနောက် ရေချိုးတာ၊ အပျိုစစ်နဲ့ လိင်ဆက်ဆံတာတွေကနေ ရောဂါကို မကုသနိုင်ပါဘူး။
အာဖရိကတိုက်က ဆာဟာရတပိုင်း နိုင်ငံတွေ၊ အိန္ဒိယနဲ့ ထိုင်းလို နေရာတွေမှာ ရှိတဲ့ 'အပျိုစင်နဲ့ ဆေးကြောတဲ့ ' ယုံတမ်းတွေက အန္တရာယ်များလွန်းပါတယ်။
ဒီအတွက် အသက်အင်မတန်ငယ်တဲ့ မိန်းကလေးတွေ၊ တခါတလေ ကလေးငယ်တွေတောင် အဓမ္မပြုခံရတာတွေနဲ့ အိပ်ချ်အိုင်ဗီ ကူးစက်ခံရနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒီယုံတမ်းအမြင်တွေဟာ ဆစ်ဖလစ်နဲ့ ဂနိုလို ကာလသားရောဂါတွေ စပေါ်တဲ့ ၁၆ ရာစု ဥရောပမှာ အခြေခံပါတယ်။ အဲဒီရောဂါတွေကလည်း ဒီနည်းတွေနဲ့ မပျောက်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာသာရေး ယုံကြည်ကိုးကွယ်မှုတွေနဲ့လည်း အခက်အခဲတွေကို ရင်ဆိုင်ရာမှာ ကူနိုင်ပေမယ့် ဗိုင်းရပ်ပိုးအပေါ်မှာတော့ ဆေးပညာအရ အာနိသင် မရှိပါဘူး။
အမြင်မှား။ ခြင်ကနေ အိပ်ချ်အိုင်ဗီကူးနိုင်တယ်
ဒီရောဂါပိုးဟာ သွေးက ကူးစက်နိုင်ပေမယ့် သွေးစုပ်တဲ့ အင်းဆက်ပိုးတွေကနေ မကူးနိုင်ဘူးလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့
၁။ ပိုးမွှားတွေ ကိုက်ရင် သူတို့အရင်ကိုက်ထားတဲ့ လူ သို့မဟုတ် တိရစ္ဆာန်ရဲ့ သွေးကို နောက်လူဆီ ထိုးမသွင်းတတ်ပါဘူး။
၂။ ပြီးတော့ ဒီပိုးက ပိုးမွှားတွေရဲ့ ကိုယ်ထဲမှာ ခဏပဲ နေနိုင်ပါတယ်။
ဒါကြောင့် ခြင်ပေါပြီး အိပ်ချ်အိုင်ဗီ ရှိသူများတဲ့ နေရာမှာ နေရင်တောင်မှ ဒီနှစ်ခုဟာ အဆက်အစပ်မရှိပါဘူး။
အမြင်မှား။ပါးစပ်နဲ့ လိင်ဆက်ဆံလို့ အိပ်ချ်အိုင်ဗီ မကူးနိုင်ဘူး
ပါးစပ်နဲ့ ဆက်ဆံတာဟာ တခြား လိင်ဆက်ဆံနည်းတွေလောက် အန္တရာယ်မများတာတော့ မှန်ပါတယ်။ အခါတသောင်းမှာ လေးခါလောက်တောင် မကူးနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ အိပ်ချ်အိုင်ဗီပိုးရှိတဲ့ အမျိုးသား အမျိုးသမီးတွေကို ပါးစပ်နဲ့ လိင်ဆက်ဆံရင်လည်း ဒီပိုးကူးစက်နိုင်တဲ့အတွက် ပါးစပ်နဲ့ဆက်ဆံရင်တောင် ကွန်ဒုံးသုံးဖို့ ဆရာဝန်တွေက ညွှန်ကြားကြပါတယ်။
အမြင်မှား။ ကွန်ဒုံးစွပ်လို့ ရောဂါမကူးနိုင်ဘူး
လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်သွားတာ၊ ချောင်နေတာ၊ ယိုစိမ့်တာတွေကြောင့် ရောဂါကူးတာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အဖွဲ့တွေက လူတွေကို ရာဘာအစွပ်ဝတ်ဖို့ပဲ လှုံ့ဆော်နေတာ မဟုတ်ဘဲ ပိုးရှိမရှိ ဆေးစစ်ဖို့နဲ့ ရှိမှန်းသိသိချင်း ဆေးကုခံဖို့ တိုက်တွန်းနေကြတာပါ။
အိပ်ချ်အိုင်ဗီပိုးရှိသူ ၄ ပုံ ၁ပုံမှာ ပိုးရှိနေမှန်းမသိကြဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တွေ့ရှိထားပြီး ဒါဟာ လူ ၉ သန်းခွဲလောက် ဖြစ်လို့ ကူးစက်ဖို့ တအား အန္တရာယ်များပါတယ်။
အမြင်မှား။ ရောဂါလက္ခဏာမပြတော့ ရောဂါမရှိဘူးပေါ့
လူတယောက်မှာ အိပ်ချ်အိုင်ဗီပိုးရှိပြီးနောက် ရောဂါလက္ခဏာတွေ မပြဘဲ ၁ဝ နှစ် ၁၅ နှစ်ထိ နေနိုင်ပါတယ်။ တုပ်ကွေးလို ဖျားတာ၊ ခေါင်းကိုက်တာ၊ အရေပြားမှာ အင်ပြင်တွေထွက်တာ၊ လည်ချောင်းနာတာတွေတော့ ရောဂါကူးစက်ပြီး ပထမအပတ်တွေမှာ ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက် ရောဂါကြောင့် ခုခံအားစနစ်ကျဆင်းလာပြီးနောက် ခန္ဓာကိုယ်က အကျိတ်တွေရောင်လာတာ၊ အလေးချိန်ကျတာ၊ ဖျားတာ၊ ချောင်းဆိုးတာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။
ကုသမှု မခံယူရင်တော့ တီဘီအဆုတ်နာ၊ကပ်ပါးမှိုကြောင့် ဦးနှောက်အမြှေးရောင်တာ၊ ဆိုးရွားတဲ့ ဘက်တီးရီးယားပိုးဝင်တာနဲ့ အရေပြားကင်ဆာ၊ အကျိတ်ကင်ဆာတွေ ဖြစ်လာတတ်ပါတယ်။
အမြင်မှား။ အိပ်ချ်အိုင်ဗီ ရှိသူတွေ ငယ်ငယ်နဲ့သေကြတယ်
အိပ်ချ်အိုင်ဗီ ရောဂါကူးစက်မှန်းသိပြီး ကုသမှု ယူသူတွေဟာ ကျန်းမာတဲ့ ဘဝမှာ နေနိုင်မှု တိုးတက်လာပါတယ်။
ဒီရောဂါကူးစက်ခံရသူ ထက်ဝက်လောက်ဟာ ရောဂါပိုးကို နှိမ်နင်းထားနိုင်တယ်လို့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးအဖွဲ့က ဆိုပါတယ်။ သွေးစစ်ရင် ရောဂါပိုး ပမာဏ ရှာလို့မရအောင် လျော့ကျတာကို ဆိုလိုတာပါ။
ဒီလိုရောဂါထိန်းချုပ်ထားနိုင်သူတွေဟာ သူများကို ရောဂါမဖြန့်နိုင်သလို ပိုးမရှိသူတွေနဲ့ လိင်ဆက်ဆံရင်တောင် မကူးနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့လည်း ဒီဆေးသောက်တာတွေ ရပ်လိုက်ရင်တော့ ရောဂါပိုးပမာဏဟာ ပြန်တက်လာပြီး စစ်ရင်တွေ့လာနိုင်ပါတယ်။
ကမ္ဘာမှာ အိပ်ချ်အိုင်ဗီပိုးရှိသူ လူ သန်း ၂ဝ ကျော်ဟာ ၂ဝ၁၇ မှာ ရောဂါကုထုံးရရှိခဲ့ပြီး ဒါဟာ ၂ဝ၁ဝ တုန်းက ၈ သန်းပဲ ရတာနေ တိုးတက်လာတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
အမြင်မှား။ အိပ်ချ်အိုင်ဗီ ရှိတဲ့ အမေက ကလေးတွေကို အမြဲကူးစက်တယ်
အမြဲမဟုတ်ပါဘူး။ ဗိုင်းရပ်ပိုးကို ထိန်းချုပ် ထားနိုင်တဲ့ အမျိုးသမီးတွေကနေ ရောဂါမကူးတဲ့ ကလေးတွေမွေးနိုင်ပါတယ်။








