အိန္ဒိယက အာဂရာမြို့မှာ မွေးခါစ ကလေးကို မျောက်ကိုက်လို့ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ ၁၂ ရက်သား ယောက်ျားလေး တယောက်ကို အမေလက်က မျောက်တကောင်က လုယူပြီး ကိုက်ခဲခဲ့လို့ သေဆုံးသွားပါတယ်။
အာဂရာမြို့က နေအိမ်မှာ အမေက မွေးခါစ ကလေးကို နို့တိုက်ကျွေးနေတုန်းမှာ တိရစ္ဆာန်က အိမ်ထဲ ဝင်လာပြီး ဆွဲယူသွားတာလို့ မိသားစု ဘက်က ပြောပါတယ်။
အိမ်နားနီးချင်းတွေက ညာသံပေးပြီး ခြောက်လွှတ်တဲ့အခါမှာ မျောက်က ကလေးကို ဆိုးဆိုးရွားရွား ကိုက်ခဲပြီး အိမ်တလုံးရဲ့ ခေါင်မိုးပေါ်မှာ ပစ်ချသွားခဲ့တာပါ။
ကလေးဟာ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးသွားပါတယ်။ ဒီနယ်မြေမှာ မျောက်တွေ ရန်မူတာ မကြာခဏ ကြုံနေရတယ်လို့လည်း သိရပါတယ်။
ဒီဖြစ်ရပ်အတွက် မိသားစု ရင်ကျိုးရတယ် လို့လည်း ကလေးရဲ့ ဦးလေးက ပြောပါတယ်။
"မျောက်တွေ များလွန်းလို့ ကြောက်နေရတယ်။ အာဏာပိုင်တွေကို အကြိမ်ကြိမ် အကြောင်းကြားတော့လည်း ဘာမှ ကာကွယ်မပေးဘူး။ ကလေးအမေဆိုရင် စိတ်ဆင်းရဲလွန်းလို့ စကားမပြောနိုင်ဘူး " လို့ သူက ဆိုပါတယ်။
ကလေးအဘွား ပူရှပါ ဒေဝီကတော့ ဒီသေဆုံးမှုကြောင့် မိသားစု ပြန်နလံမထူနိုင်ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yogesh Kumar Singh
"ကျွန်မက မြေးကိုဆုံးရတယ်။ နာရီပိုင်းလေးကတင် သူ့ကို ကျွန်မလက်ထဲ ပွေ့ထားတာ။ ကလေးက သေဖို့ အကြောင်းမရှိပါဘူး။ လူတွေကတော့ ဒီအကြောင်းပြောပြီး မေ့သွားကြမှာ။ ကျွန်မတို့မှာတော့ ကလေးမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့ နေကြရတော့မှာ" လို့ ဘွားအေက ဆိုပါတယ်။
ကလေးမှာ ဒဏ်ရာတွေ ဆိုးဆိုးရွားရွားကုတ်ဖဲ့ထားတာတွေ့ရကြောင်းလည်း အနားက ရဲစခန်းက ရဲမှူး အဂျေး ကောက်ရှဲက ရိုက်တာသတင်းကို ပြောပါတယ်။
"မျောက်က ကလေးခေါင်းကို ကိုက်ထားတာ၊ အရပ်ထဲက လူတွေ ဝိုင်းပြီး သစ်ကိုင်းတွေ ကျောက်တုံးတွေနဲ့ ပစ်ခတ် ခြောက်လှန့်မှ လွှတ်ချတာ " လို့ ဆိုပါတယ်။
အာဂရာမှာတော့ ဒါက နောက်ပိတ်ဆုံး ဖြစ်တဲ့ မျောက်ရန်မူမှုတွေပါ။ ဒီမြို့မှာ နာမည်ကြီးတဲ့ တာ့ဂျ်မဟာ ဗိမာန်ကြီး ရှိပါတယ်။ အရင်နှစ်လကျော်ကလည်း လမ်းလျှောက်ခါစ ကလေးတယောက်ကို မျောက်အုပ်က ရန်ရှာလို့ ဆေးရုံတင် ခဲ့ရဖူးပါတယ်။
မေလတုန်းကလည်း ကမ္ဘာလှည့် ခရီးသည် နှစ်ယောက်ကို တာ့ဂျ်မဟာ ဗိမာန်မှာ မျောက်က ရန်မူတာ ခံရပါတယ်။
"မျောက်တွေက အာဂရာမှာ နေရာတကာမှာ ရှိတယ် " လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရှရာဗန် ကူမာဆင်းက ရိုက်တာသတင်းကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yogesh Kumar Singh
"သူတို့က အစာလာရှာတာ ဆိုပေမယ့် တွေ့တာဆွဲတတ်သလို လူတွေကိုလည်း ရန်မူတယ် "
မြို့က ချဲ့နေတော့ မျောက်တွေနေတဲ့နေရာတွေ ပျောက်ကုန်ပြီး လူတွေကို ပိုပြီး ရန်မူလာတယ်လို့ မစ္စတာ ဆင်းက ဆိုပါတယ်။
မျောက်တွေကို သင်းကွပ်ဖို့နဲ့ တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး ဥပဒေနဲ့ ကာကွယ်ပေးတာတွေ မလုပ်ဖို့ လည်း တချို့ အဖွဲ့အစည်းတွေက တောင်းဆိုနေကြတယ်လို့ သူက ပြောပါတယ်။








