အိန္ဒိယမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဆိုတစ် ဘစ်ဇဝပ်
- ရာထူးတာဝန်, ဘီဘီစီ၊ ဒေလီ
အမျိုးသမီးတွေကို လင်ယောက်ျားပိုင် ပစ္စည်းအဖြစ် သတ်မှတ်ရာကျလို့ အနှစ် ၁၅ဝ ကျော် တည်မြဲခဲ့တဲ့ မယားခိုးမှု ဥပဒေကို ဖျက်သိမ်းလိုက်ပြီလို့ အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
အရင်က အိမ်ထောင်ရှိတဲ့ အမျိုးသမီးနဲ့ ကိုယ်လက်နှီးနှောတဲ့ အမျိုးသားတွေကို ရာဇဝတ်မှု ကျူးလွန်သူလို့ သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေဟာ ကျားမ ခွဲခြားရာ ကျသလို ကျိုးကြောင်းမဆီလျော်ဘူးဆိုပြီး စာတင်သွင်းကန့်ကွက်ခဲ့တာပါ။
ဒီဥပဒေနဲ့ ငြိစွန်းပြီး အမျိုးသား ဘယ်နှစ်ယောက် အရေးယူခံခဲ့ရသလဲ ဆိုတာလည်း တိကျတဲ့ အချက်အလက် မရှိပါဘူး။
ဒါဟာ အိန္ဒိယမှာ တလထဲမှာ ဒုတိယမြောက် ပယ်ဖျက်လိုက်တဲ့ ကိုလိုနီခေတ် ဥပဒေ ဖြစ်ပါတယ်။
ပထမဆုံး ပယ်ဖျက်ခဲ့တာ ကတော့ လိင်တူဆက်ဆံတာကို ရာဇဝတ်မှု အဖြစ် သတ်မှတ်ခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။
ကွာရှင်းပြတ်စဲမှုလို ကိစ္စတွေမှာတော့ တရားမကြောင်းအရ ရင်ဆိုင်ရစရာတွေ ရှိတယ်လို့ အိန္ဒိယ တရားဝန်ကြီးချုပ် မစ္စရာက ဆုံးဖြတ်ချက်ကို ဖတ်ကြားရင်း ပြောဆိုခဲ့ပါတယ်။
ဘယ်သူ အစပျိုးသလဲ
ဒီဥပဒေ ရုပ်သိမ်းပေးပါဆိုပြီး အသက် ၄၁ နှစ် အရွယ် ဂျိုးဇက် ရှိုင်းဆိုတဲ့ အိန္ဒိယ စီးပွားရေး သမားတယောက်က သြဂုတ်လ က တရားရုံးချုပ်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူက အီတလီမှာ နေတာပါ။
ဒီဥပဒေအရ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ အမျိုးသားတွေကိုပဲ ပုံချပြီး အမျိုးသမီးတွေကို အရုပ်လို သဘောထား တာမို့ မမျှတဘူး ဆိုပြီး သူက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဖောက်ပြန်မှုမှာ အမျိုးသမီးနဲ့ အမျိုးသား ဘာမှ ကွာခြားမှု မရှိကြောင်း သူ့တင်သွင်းစာမှာ ပါပါတယ်။
ဒီဥပဒေဟာ မိန်းမတွေကို လင်ယောက်ျားပိုင် ပစ္စည်းလို့ သတ်မှတ်ပြီး သူတို့ကို သွယ်ဝိုက် ခွဲခြားတာသာ ဖြစ်ကြောင်း လည်း မစ္စတာ ရှိုင်းက ပြောကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဒါပေမဲ့ အာဏာရ ဘီဂျေပီ ပါတီက ဒီတင်သွင်းစာကို ကန့်ကွက်ခဲ့ပြီး ဖောက်ပြန်မှုကို ရာဇဝတ်မှု အဖြစ် ဆက်ထားဖို့ ပြောကြားခဲ့ ပါတယ်။
ဖောက်ပြန်တာကို တရားဝင်ဖြစ်အောင် လုပ်ရင် အိမ်ထောင်ရေးတွေ ထိခိုက်မယ် ၊ အိန္ဒိယ ဓလေ့ထုံးတမ်းတွေအရ လက်ထပ် ထိမ်းမြားခြင်းရဲ့ အခန်း ကဏ္ဍကို အရေးထားတယ် လို့ အစိုးရ အကြံပေး တယောက်က တရားရုံးမှာ ပြောကြား ပါတယ်။
ဖောက်ပြန်မှု ဥပဒေ
ဥပဒေအရ အမျိုးသမီးက စသွေးဆောင် စည်းရုံးတယ်လို့ အပြစ်ပေးလို့ မရဘဲ အမျိုးသားကိုပဲ ဖျားယောင်းသူ အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။
အမျိုးသမီးတွေက ဖောက်ပြန်တဲ့ လင်ယောက်ျားတွေကို စွဲဆိုခွင့်လည်း ပေးမထားခဲ့ပါဘူး။
ဒီလို မယားခိုးမှုနဲ့ စွပ်စွဲခံရတဲ့ အမျိုးသားဟာ အများဆုံး ထောင် ၅ နှစ်ထိ ကျနိုင်သလို ငွေဒဏ်ပါ ပူးတွဲ ကျခံရနိုင် ပါတယ်။
ဒီဥပဒေကို ယောက်ျားတွေက တလွဲ အသုံးချပြီး ကွာရှင်းပြတ်စဲအောင် လုပ်တာ၊ မယားစရိတ် မပေးရအောင် လုပ်တာတွေ ရှိတယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။
သူတို့ မိန်းမတွေနဲ့ ဖြစ်နေပါတယ်ဆိုပြီး တကယ်မရှိတဲ့သူကို စွပ်စွဲ၊ ပြီးတော့ သက်သေမပြနိုင်ဘဲ အမျိုးသမီးတွေရဲ့ သိက္ခာ ကျတာပဲ အဖတ်တင်တာတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယ ရိုးရာပုံပြင်တွေမှာတော့ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အကြောင်းတွေ အများအပြား ရှိပါတယ်။
သက္ကတ ဘာသာနဲ့ ရေးစပ်တဲ့ အချစ်ကဗျာအများစုဟာ ဒီလို တိတ်တခိုးအချစ်အကြောင်း စပ်တာ များတယ်လို့ ပညာရှင် တွေက ဆိုပါတယ်။
ဒါပေမဲ့ မနုဓမ္မသတ် ကျမ်းအရ သူတပါး မိန်းမနဲ့ ဖောက်ပြန်သူကို ကြောက်လန့်အောင် ဘုရင်က အပြစ်ပေးသင့်တယ်လို့ ဆိုပါတယ်။
တရားဝန်ကြီးတွေအမြင်
အိန္ဒိယ တရားရုံးချုပ်ရဲ့ တရားဝန်ကြီး ၅ ယောက်စလုံးက ဒီဥပဒေကို အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး သဘောတူ ဆုံးဖြတ် ခဲ့ကြ ပါတယ်။
ယောက်ျားဟာ မိန်းမရဲ့သခင်မဟုတ်ဘူး၊ ယောက်ျားနဲ့ မိန်းမတန်းတူ ဆက်ဆံသင့်တယ်လို့ တရားဝန်ကြီးချုပ် မစ္စရာက ဆိုပါတယ်။
ယောက်ျားကို ကျူးလွန်သူ၊ မိန်းမက သားကောင်ဆိုတဲ့ ရှေးအယူအဆဟာ မဟုတ်မမှန်ဘူးလို့လည်း တရားဝန်ကြီး နာရီမန်က ပြောပါတယ်။
နောက်တရားဝန်ကြီး တယောက်ကတော့ အမျိုးသမီးတွေရဲ့ အဆင့် အတန်းကို နှိမ့်ချပြီး ဂုဏ်သိက္ခာနဲ့ လိင်ပိုင်းဆိုင်ရာ ပိုင်စိုးခွင့်တွေကို ငြင်းပယ်ထားတာဟာ လိင်ကို ခွဲခြားမှု ဖြစ်တယ်လို့ ပြောပါတယ်။
ကိုယ်ဘယ်သူနဲ့ အိပ်တယ်ဆိုတာ ဥပဒေက ထိန်းချုပ်စရာ မလိုပါဘူးလို့လည်း ဥပဒေ ပါမောက္ခတွေက ပြောပါတယ်။
အိမ်ထောင်ရေးမှာ ဖောက်ပြန်တာ မှန်သလား၊ မှားသလား၊ ဒီလို ဖောက်ပြန်တာက လိင်မှု လွတ်လပ်ခွင့်ကို ပြတာလား ဆိုတာတွေက ဒီကိစ္စမှာ အဓိက စိုးရိမ်တာတွေ မဟုတ်ကြဘူးလို့ စီးပွားရေးနဲ့ နိုင်ငံရေး အပတ်စဉ် ဂျာနယ်က ဆိုပါ တယ်။
အစိုးရက အရွယ်ရောက်သူတွေကြား ဆက်ဆံရေးကို ထိန်းချုပ် စောင့်ကြည့်နိုင်သလား ဆိုတာကပဲ ရှုပ်ထွေးပြီး အကဲဆတ် လှတယ်လို့ ဂျာနယ် ခေါင်းကြီးမှာ ဖော်ပြပါတယ်။
ဖောက်ပြန်တာကို ရာဇဝတ်မှု သတ်မှတ်ဆဲနေရာတွေ

ဓာတ်ပုံ ရင်းမြစ်, Mansi Thapliyal
နယူးယော့ အပါအဝင် အမေရိကန် ပြည်နယ် ၂၁ ခုမှာ အိမ်ထောင်ရေး ဖောက်ပြန်တာကို ရာဇဝတ်မှု အဖြစ် ခုထိ သတ်မှတ်ထား ပါတယ်။
အမေရိကန် အများစု ကတော့ ဖောက်ပြန်တာကို မကြိုက်ပေမယ့် ရာဇဝတ်မှုလို့ မယူဆကြကြောင်း စစ်တမ်းတွေက ဆိုပါတယ်။
ဒီဥပဒေအများစုဟာ ပြရုပ်သာသာပဲ ရှိပေမယ့် ဒါတွေကို ပြန်ရုပ်သိမ်းဖို့ကျတော့ နိုင်ငံရေးအရ နစ်နာမှာ စိုးလို့ မလုပ်ကြ ဘူးလို့ စတန်းဖို့ တက္ကသိုလ်က ပါမောက္ခ တယောက်က ဘီဘီစီကို ပြောပါတယ်။
နောက် ရှာရီယာ အစ္စလာမ် ဥပဒေ ကျင့်သုံးတဲ့ အီရန်၊ ဆော်ဒီ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆိုမာလီလို နိုင်ငံတွေမှာလည်း ဖောက်ပြန်တာကို ခွင့်မပြုပါဘူး။
တိုင်ဝမ်မှာ ဖောက်ပြန်မှုနဲ့ ထောင်တနှစ်ချနိုင်သလို အင်ဒိုနီးရှားမှာလည်း အိမ်ထောင်မပြုဘဲ ပေါင်းသင်းတာတွေကို ပိတ်ပင်ဖို့ ဥပဒေတွေ ဆွဲနေပါတယ်။
တောင်ကိုရီးယားမှာတော့ ၂ဝ၁၅ ကပဲ ဖောက်ပြန်မှုနဲ့ အမျိုးသားတွေကို ထောင်ချလို့ရတဲ့ ဥပဒေကို ရုပ်သိမ်းခဲ့ပါတယ်။ ဒီဥပဒေဟာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ထိပါးတယ် ဆိုပြီး အကြောင်းပြ ဖျက်သိမ်း ခဲ့ပါ တယ်။
ကမ္ဘာပေါ်မှာ ဒီလို ဥပဒေမျိုးကို ပယ်ဖျက်ပြီးတဲ့ နိုင်ငံ ၆ဝ ကျော် ရှိတယ်လို့လည်း အိန္ဒိယ ရှေ့နေတွေက ပြောပါတယ်။
ဗြိတိန်မှာတော့ ဖောက်ပြန်တာကို ရာဇဝတ်မှုလို့ မသတ်မှတ်သလို ဒါကို အကြောင်းပြပြီး ကွာရှင်းလို့ ရပါတယ်။
ဒါပေမဲ့ ဖောက်ပြန်မှန်း သိရက်နဲ့ ၆ လကျော် ဆက်ပြီး ပေါင်းသင်းနေရင်တော့ ဒါကို အကြောင်းပြပြီး ကွာလို့ မရပြန် ပါဘူး။
ဥပဒေပြင်ဖို့ ဒီလို တင်သွင်းခဲ့ဖူးသလား
၁၉၅၄ ကတည်းက ဒီပြစ်မှု အတွက် အမျိုးသမီးကိုပါ အရေးမယူနိုင်ဘူးလား ဆိုပြီး တင်သွင်းတာ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mansi Thapliyal
အဲဒီတုန်းကတော့ အိန္ဒိယ တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။
နောက်ထပ်လည်း ဒီဥပဒေဟာ အခြေခံဥပဒေနဲ့ ညီရဲ့လား ဆိုပြီး တင်သွင်းမှု နှစ်ခုကို ၁၉၈၅ နဲ့ ၁၉၈၈ မှာ ပယ်ချခဲ့ဖူး ပါတယ်။
အိမ်ထောင်တည်မြဲရေး ကိစ္စကို မထိခိုက်သင့်ဘူးဆိုပြီး အဲဒီအချိန်က တရားဝန်ကြီးတယောက်က ပြောခဲ့ဖူးပါတယ်။
နောက် လက်ထပ်ထားတဲ့ အမျိုးသမီးတယောက်က သူ့ခင်ပွန်းရဲ့ လက်ထပ်မထားတဲ့ ရည်းစားကို ဖောက်ပြန်မှုနဲ့ တရားစွဲ ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါကိုလည်း တရားရုံးက မိန်းမ မိန်းမချင်း ဖြစ်တဲ့ ကိစ္စအဖြစ် ယူဆခဲ့ပါတယ်။
၁၉၇၁ နဲ့ ၂ဝဝ၃ မှာ လုပ်ခဲ့တဲ့ ဥပဒေ ပြင်ဆင်ရေး တင်သွင်းမှုတွေမှာတော့ ဖောက်ပြန်တဲ့ အမျိုးသမီးတွေကိုလည်း အပြစ်ပေးသင့်တယ်လို့ ဆိုပါတယ်။
လူထု တုံ့ပြန်ချက်
အိန္ဒိယမှာ လူအများစုက ဒီဥပဒေ ရှိနေသေးတာကိုတောင် သတိမထားမိကြပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက် ထွက်လာပြီး နောက် လူတွေက ထောက်ခံကြတာ တွေ့ရပါတယ်။
လက်ထပ်ပြီးနောက်မှ ဖြစ်တဲ့ အလိုမတူဘဲ ဆက်ဆံမှု ကိုလည်း မုဒိမ်းမှု အနေနဲ့ ရာဇဝတ်မှု ဖြစ်အောင် လုပ်သင့်တယ်လို့ ဆိုသူ တွေလည်း ရှိပါတယ်။








