ဂျပန်မှာ ပထမဆုံး တိုက်လေယာဉ်မောင်း အမျိုးသမီးဗိုလ် လာပြီ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မောင်းသူ ပေါ်လာပါပြီ။
ဒုဗိုလ် မီဆာ မတ်စုရှီမာက အသက် ၂၆ နှစ်ပဲ ရှိပါတယ်။
သောကြာနေ့က စပြီး F-15 တိုက်လေယာဉ်မောင်း သင်တန်း ပြီးလို့ သူ့တာဝန်တွေ စတော့မှာလို့ ဂျပန် စစ်ဘက်က ကြေညာ ပါတယ်။
ပထမဆုံး တိုက်လေယာဉ်မောင်း အဖြစ် အမျိုးသမီးတွေ အတွက် လမ်းဖွင့်သွားမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန် လေတပ်မှာ ၁၉၉၃ က စပြီး အမျိုးသမီးတွေကို လက်ခံခဲ့တာပါ။
ဒါပေမဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ကင်းထောက် လေယာဉ်တွေ မောင်းခွင့်ကတော့ ၂ဝ၁၅ မှ စပြီး ရတာ ဖြစ်ပါတယ်။
မူလတန်း ကျောင်းသူ ဘဝက အမေရိကန် တော့ဂန်း ရုပ်ရှင် ကြည့်ပြီး ဂျက်တိုက်လေယာဉ် မောင်းသူ ဖြစ်ချင်ခဲ့တာလို့ မတ်စုရှီမာက သတင်းထောက်တွေကို ပြောပါတယ်။
လောလောဆယ် ဂျပန်မှာ သူ့လိုပဲ တိုက်လေယာဉ်မောင်း သင်တန်း တက်နေတဲ့ အမျိုးသမီး ၃ ယောက် ရှိပါတယ်။
F-15 ဂျက်တိုက်လေယာဉ်တွေမှာ အင်ဂျင် နှစ်လုံးတပ် လေယာဉ်တွေ ဖြစ်ပြီး တခြား ဂျက်လေယာဉ်တွေနဲ့ လေကြောင်း စစ်ခင်းရာမှာ သုံးဖို့ တည်ဆောက် ထားတာ ဖြစ်ပါတယ်။
တနာရီကို မိုင် ၁၈ဝဝ ကျော်ထိ မောင်းနိုင်တယ် လို့လည်း ဆိုပါတယ်။
တိုက်လေယာဉ် မောင်းခွင့် မရခင်ကတော့ ပို့ဆောင်ရေး လေယာဉ်တွေ မောင်းဖို့ စဉ်းစားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန်က အမျိုးသမီး အလုပ်သမား
ကျားမ တန်းတူမှု အားနည်းတဲ့ ဂျပန်မှာ အမျိုးသမီးတွေကို အိမ်ရှင်မ ဖြစ်လာဖို့ပဲ ရည်မှန်းကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သက်ကြီး လူဦးရေ တိုးလာပြီး အလုပ်လုပ်သူ ဦးရေ လျော့နေလို့ အမျိုးသမီးတွေ ပိုအလုပ်လုပ်ကြဖို့ ဝန်ကြီးချုပ် အာဘေးက ၂ဝ၁၃ ကတည်းက ပန်ကြား ခဲ့ပါတယ်။
ဒါကြောင့် ဂျပန် စစ်တပ်မှာလည်း လက်ရှိ ၆ ရာခိုင်နှုန်း ကနေ ၂ဝ၃ဝ မှာ ၉ ရာခိုင်နှုန်းထိ အမျိုးသမီး စစ်သည် တိုးခေါ်ဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။
ဒီနှစ်ဆန်းကပဲ စစ်သင်္ဘော အုပ်စု ကို ကွပ်ကဲရတဲ့ အမျိုးသမီးတယောက် ပေါ်ထွက်ခဲ့ပါတယ်။
ဂျပန်မှာ အမျိုးသမီးတွေကို စစ်သင်္ဘောမှာ အမှုထမ်းခွင့်ကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကမှ စခွင့်ပြုခဲ့တာပါ။
ခုထိ ရေငုပ်သင်္ဘောပေါ်မှာ တာဝန်ထမ်းခွင့်တော့ မပြုသေးပါဘူး။
ဂျပန်မှာ ဆူမို နပန်းလို အားကစားတွေမှာ အမျိုးသမီး ပါဝင်ခွင့် ခုထိ မရှိသေးဘူး လို့လည်း သိရပါတယ်။
ဒီလို အားပေးမှုတွေ လုပ်တဲ့ကြားက ကမ္ဘာ့ ကျားမ တန်းတူမှု ညွှန်းကိန်းမှာ ဂျပန်ဟာ အဆင့် ၁၁၁ ကနေ ၁၁၇ ထိ မနှစ်က ပြုတ်ကျခဲ့ပါတယ်။








