ဖွဲ့စည်းပုံသစ် အာဏာသစ်တွေနဲ့ တူရကီ သမ္မတ

အာဒိုအန်
ဓာတ်ပုံ ပုံစာ, အာဏာတည်ဆောက်ထားတဲ့ အာဒိုအန်

တူရကီသမ္မတ ရွေးကောက်ပွဲ ပထမ အဆင့်မှာပဲ သက်တမ်းရှည် ခေါင်းဆောင် ဖြစ်တဲ့ ရာဂျစ် တိုင်ရစ်(ပ်) အာဒိုအန် လိုအပ်တဲ့ မဲအသာစီး ရရှိခဲ့လို့ ဒုတိယ အဆင့် ပြိုင်စရာ မလိုပဲ နောက် ၅ နှစ် သက်တမ်း အစိုးရကို ဦးဆောင်ခွင့် ရသွားပါတယ်။

မဲအားလုံး နီးပါး ရေတွက် ပြီးချိန်မှာ မစ္စတာ အာဒိုအန်က မဲ ၅၃ ရာခိုင်နှုန်း ရခဲ့ပြီး၊ အနီးကပ်ဆုံး ပြိုင်ဘက် မိုဟာရင်း အင်ဂျာက ၃၁ ရာခိုင်နှုန်း ရပါတယ်။

ရွေးကောက်ပွဲ ဝင်တဲ့ သမ္မတလောင်း နောက် ၄ ယောက် ရှိနေပေမယ့် သူတို့ဟာ မဲ ၁ဝ ရာခိုင်နှုန်း အောက်သာ ရရှိခဲ့ပါတယ်။

မစ္စတာ အင်ဂျာလည်း ထွက်လာတဲ့ မဲစာရင်းတွေ အရ ရလဒ်အပေါ် လက်ခံတယ်လို့ ပြောပေမယ့် ရွေးကောက်ပွဲကတော့ တရားမျှတမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အပြီးသတ် မဲရလဒ်ကို လာမယ့် သောကြာနေ့ ဇွန်လ ၂၉ ရက် နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

တူရကီ
ဓာတ်ပုံ ပုံစာ, နိုင်ငံသား ရှစ်ဆယ့်တစ်သန်း တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အောင်မြင်မှု
သမ္မတ အာဒိုအန်
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲနိုင်ကြောင်း ကြေညာတဲ့ သမ္မတ ဇနီးမောင်နှံ
သမ္မတ အာဒိုအန်
ဓာတ်ပုံ ပုံစာ, ဖွဲ့စည်းပုံသစ်က အာဏာသစ်တွေ နှင်းအပ်ထား

သမ္မတ အာဒိုအန်ဟာ တိုင်းပြည်ရဲ့ စီးပွားရေး ခိုင်မာအောင် စွမ်းဆောင် နိုင်ခဲ့သလို ကျန်းမာရေး၊ ပညာရေးနဲ့ လမ်း တံတားတို့လို အခြေခံ အဆောက်အဦ တည်ဆောက်ရေး တွေမှာ အာရုံ စိုက်ခဲ့တဲ့ အတွက် သူ့ အပေါ် ထောက်ခံတဲ့ အင်အားစုကို အခိုင်အမာ တည်ဆောက် နိုင်ခဲ့ပါတယ်။

တစ်ဘက်မှာလည်း လူပေါင်း တစ်သိန်း ခြောက်သောင်း အထိ ထောင်သွင်း အကျဉ်းချခြင်း အားဖြင့် နိုင်ငံရေး အတိုက်အခံတွေကို ဖြိုခွင်းသူ အဖြစ် ပြစ်တင် ဝေဖန် ခံရသူ ဖြစ်ပါတယ်။

တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာ ရှိတဲ့ သူ့ရဲ့ တရားမျှတရေးနဲ့ တိုးတက်ရေး ပါတီ ဌာနချုပ်ရဲ့ လသာဆောင်ကနေ မစ္စတာ အာဒိုအန် ရွေးကောက်ပွဲနိုင် မိန့်ခွန်း ပြောခဲ့ပါတယ်။

ဒီ အောင်မြင်မှုဟာ တူရကီ နိုင်ငံသား ရှစ်ဆယ့်တစ်သန်း တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အောင်မြင်မှု ဖြစ်တယ်လို့ မစ္စတာ အာဒိုအန် ကြွေးကြော်ခဲ့ပါတယ်။

သမ္မတ အာဒိုအန် အနိုင်ရမှုကို အီရန် သမ္မတ ဟာဆန် ရူဟာနီနဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့က ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့ပါတယ်။

မစ္စတာ အင်ဂျာ
ဓာတ်ပုံ ပုံစာ, အတိုက်အခံ CHP ခေါင်းဆောင် မစ္စတာ အင်ဂျာ

အတိုက်အခံ ရီပတ်ဘလစ်ကင် ပြည်သူ့ ပါတီ CHP ရဲ့ ခေါင်းဆောင် မစ္စတာ အင်ဂျာကတော့ တူရကီဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့ အုပ်ချုပ်ရေး အတွင်း သက်ဆင်း သွားရတဲ့ အန္တရာယ်ကြီးတဲ့ ကာလ အပိုင်းအခြားကို ရောက်သွားပြီလို့ ပြောပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်လည်း ရှိလာတဲ့ တူရကီ နိုင်ငံကို အုပ်ချုပ်ဖို့ သမ္မတ အာဒိုအန်ဟာ အခု ရွေးကောက်ပွဲကနေ အာဏာ သက်တမ်းသစ် ရလာတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ့ ဆန္ဒခံယူပွဲ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့ပြီး ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းနဲ့ ပွတ်ကာသီကာ အနိုင်ရပြီး ဖွဲ့စည်းပုံသစ်ကို သမ္မတ အာဒိုအန် အတည်ပြု ထားနိုင်နှင့်ပြီး ဖြစ်ပါတယ်။

ဒီ ဖွဲ့စည်းပုံသစ်အရ ဝန်ကြီးတွေ၊ ဒုသမ္မတ ရာထူး နေရာတွေကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်၊ တရားစီရင်ရေးမှာ ဝင်ရောက် စွက်ဖက်ခွင့်နဲ့ အရေးပေါ် အခြေအနေ ကြေညာခွင့်လိုမျိုး လုပ်ပိုင်ခွင့် အာဏာတွေကို သမ္မတကို အပ်နှင်း ထားပါတယ်။

ဗီဒီယို ပုံစာ, ပြိုင်ဆိုင်မှု အားကောင်းမယ့် တူရကီ ရွေးကောက်ပွဲ

ဒီဖွဲ့စည်းပုံဟာ လူတစ်ယောက်ရဲ့ လက်ထဲ အာဏာတွေ စုပုံ အပ်ထားတာ ဖြစ်ပြီး ပြန်လည် ထိန်းညှိမှု ကင်းမဲ့နေတယ် ဆိုတဲ့ ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

လုပ်ပိုင်ခွင့်တွေ ပိုမို ရယူဖို့ လိုအပ်တာဟာ တိုင်းပြည်ရဲ့ ပျက်ယွင်းနေတဲ့ စီးပွားရေးကို ကယ်တင်ဖို့နဲ့ နိုင်ငံ အရှေ့တောင်ပိုင်းက ကာ့ဒ်မျိုးနွယ်စု သူပုန်တွေကို နှိမ်နှင်းဖို့ ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်မျိုး မစ္စတာ အာဒိုဝန်ကတော့ ပေးထားပါတယ်။

မစ္စတာ အာဒိုအန်ဟာ တူရကီ ဝန်ကြီးချုပ် အဖြစ် ၁၁ နှစ် တာဝန် ထမ်းဆောင် ခဲ့ပြီး ၂ဝ၁၄ မှာ သမ္မတ ဖြစ်လာတာပါ။ ဖွဲ့စည်းပုံသစ်အရ ဝန်ကြီးချုပ် ရာထူးနေရာကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ၂ဝ၂၃ အထိ ၅ နှစ်ကြာ အခု သမ္မတ သက်တမ်းဟာ သူ့ အတွက် ဒုတိယမြောက် သမ္မတ သက်တမ်းဖြစ်လို့ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ခွင့်လည်း ရှိနေပါတယ်။

ဗီဒီယို ပုံစာ, တူရကီ အတိုက်အခံ သတင်းထောက်တွေကို ရုံးတင်

တူရကီ မီဒီယာတွေရဲ့ ၉ဝ ရာခိုင်နှုန်းကျော်ဟာ အာဒိုအန် အစိုးရကို ထောက်ခံပြီး အတိုက်အခံတွေရဲ့ အသံကို လျစ်လျူရှုထားတယ်လို့ တူရကီဆိုင်ရာ ဘီဘီစီ သတင်းထောက် မာ့ခ်လိုဝင်က ဆိုပါတယ်။

တူရကီရဲ့ လမ်းတွေပေါ် သမ္မတ အာဒိုအန်ရဲ့ ပုံတူတွေ၊ သူ့ပါတီရဲ့ အလံတွေသာ ပြည့်လျှမ်း နေခဲ့ပြီး အာဒိုအန်ကို ဝေဖန်တဲ့ သတင်းစာဆရာတွေ၊ ပညာတတ်တွေ ထောင်ချ ခံရ ပြည်ပကို ထွက်ပြေးရ ဆိုတဲ့ အခြေအနေမျိုးမှာ အခု ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ် တူရကီ ရီပတ်ဘလစ် နိုင်ငံကို တည်ထောင်တဲ့ အာ့တာတာ့ခ်ရဲ့ နောက်ပိုင်း အာဒိုအန်ဟာ အာဏာ အပြင်းဆုံး ခေါင်းဆောင် ဖြစ်လာတာ ဖြစ်ပြီး အခု ဖွဲ့စည်းပုံ အသစ်က ပေးထားတဲ့ သမ္မတ လုပ်ပိုင် ခွင့်မျိုးတွေနဲ့သာ ဆိုရင် အတိုက်အခံတွေ အနေနဲ့ သမ္မတ အာဒိုအန်ကို တုပြိုင်ဖို့ ဆိုတာ မဖြစ်နိုင် သလောက်ပဲလို့ မာ့ခ်အိုဝင်က သုံးသပ်ထားပါတယ်။

ဗီဒီယို ပုံစာ, တူရကီ အာဏာသိမ်းပွဲသံသယရှိသူတွေကို ရုံးထုတ်