တူရကီ ရွေးကောက်ပွဲ လက်ရှိ သမ္မတ အနိုင်ရ

တူရကီ
ဓာတ်ပုံ ပုံစာ, တူရကီအစိုးရ အေဂျင်စီရဲ့ မဲရလဒ် သတင်း

တူရကီက သမ္မတနဲ့ပါလီမန် ရွေးကောက်ပွဲတွေမှာ သူ နဲ့ သူ့ပါတီက အနိုင်ရခဲ့တယ်လို့ လက်ရှိခေါင်းဆောင် ရာဂျစ် တိုင်ရစ်ပ် အယ်ဒိုဝမ် ပြောပါတယ်။

ဒါပေမယ့် ဒီရလဒ်တွေအပေါ် အတိုက်အခံက သံသယ ၀င်လျက် ရှိပါတယ်။

အစိုးရ သတင်းအေဂျင်စီပြောဆိုချက်အရ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ မစ္စတာ အယ်ဒိုဝမ်က ၅၃ ရာနှုန်းနီးပါး ဒုတိယအဆင့် ယှဉ်ပြိုင်စရာမလိုဘဲ လွတ်လွတ်ကျွတ်ကျွတ် မဲအသာရခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ AK ပါတီကလည်း ပြိုင်ဖက်အားလုံးထက် မဲအများစု အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။

တူရကီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အဓိက အတိုက်အခံ Muharrem Ince

ဒီမဲရလဒ်တွေဟာ တူရကီမှာ ဒီမိုကရေစီ ထွန်းကားမှုကို အောင်မြင်စွာစမ်းသပ် ပြလိုက်တာဘဲလို့ မစ္စတာ အယ်ဒိုဝမ်က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် သူ့အဓိက ပြိုင်ဖက် Muharrem Ince ကတော့ မဲပုံးတွေတောင် မဖွင့်ဖောက်ရသေးခင်၊ သန်းနဲ့ချီတဲ့ မဲတွေ ရေတွက်ဖို့ ကျန်နေသေးတဲ့အ ချိန်မှာ ရလဒ်ကြေညာခဲ့တယ်လို့ အစိုးရပိုင် မီဒီယာကို စွပ်စွဲ ပြောဆိုနေပါတယ်။

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ မဲအားလုံးရေတွက်ပြီးချိန် အထိ မဲရုံ အသီးသီးမှာ ရှိနေပေးဖို့ သူက ပန်ကြားထားပါတယ်။

တူရကီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ရာဂျစ် တိုင်ရစ်ပ် အယ်ဒိုဝမ် ကို ထောက်ခံသူတွေက အစ္စတန်ဘူးလ်မြို့ပေါ်မှာ အောင်ပွဲခံ

တူရကီ သမ္မတ ရွေးကောက်ပွဲ မှာ ရေတွက်ပြီးသမျှ မဲရလဒ် အရ ၅၃ ရာခိုင်နှုန်းနဲ့ အနိုင်ရနေတယ်လို့ ပြောနေတဲ့ လက်ရှိခေါင်းဆောင် Recep Tayyip Erdogan က ရုပ်မြင်သံကြား မှ တဆင့် မိန့်ခွန်းပြောရာမှာ ကျနော်တို့ နိုင်ငံ ဟာ ဒီရွေးကောက်ပွဲ အရ ဒီမိုကရေစီ နဲ့ ဘယ်လောက် နီးစပ်မှု ရှိသလည်း ဆိုတာ ကို နောက်တကြိမ် ထပ်မံ သက်သေပြ လိုက်တဲ့ အတွက် လာမဲ့ နှစ်တွေ မှာလည်း ဒီမိုကရေစီ ဟာ ခိုင်မာ အားကောင်းလာဖို့ပဲ ရှိကြောင်း ၊ ပြီးခဲ့တဲ့ ၁၆ နှစ် ကို ပြန်ကြည့်မယ် ဆိုရင် စစ်အုပ်ချုပ်မှု၊ နိုင်ငံရေး နဲ့ စီးပွားရေး အကျပ်အတည်းတွေ နဲ့ ရင်ဆိုင်ခဲ့ရလို့ တူရကီ နိုင်ငံ ရှေ့ဆက် ကြီးပွားတိုးတက်ဖို့ ဆက်လက်လုပ် ကြပါစို့ လို့ ပြောသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲ အပြီးမှာလည်း တူရကီ နိုင်ငံ ရဲ့ အခြေခံ ဥပဒေ အသစ် အရ သမ္မတ ရဲ့ သြဇာအာဏာ ပိုရှီလာဦး မှာ ဖြစ်ပြီး ကာဒ့်စ်လူမျိုးတွေ ကို ထောက်ခံတဲ့ HDP ပါတီ ကတော့ ၁၀ ရာခိုင်နှုန်း မဲ ရတဲ့ အတွက် အနိမ့်ဆုံး အဆင့် ပါလီမန်ထဲမှာ ပြောခွင့်ရနေဦးမှာလို့ သုံးသပ်သူ တချို့က ဆိုပါတယ်။

ဒါ့အပြင် မစ္စတာ အယ်ဒိုဝမ် အုပ်ချုပ်ခဲ့တဲ့ ကာလ ကို ပြန်သုံးသပ်မယ် ဆိုရင် ကမ္ဘာမှာ သတင်းထောက်တွေ ကို ထောင်အများဆုံးချတာ တွေ့ ရပြီး အခုလည်းပဲ ဝန်ကြီးချုပ်ရာထူး ကို ပယ်ဖျက်ကာ သမ္မတ ကပဲ အုပ်ချုပ်မဲ့ အခြေခံ ဥပဒေ သစ် ကို ကျင့်သုံးတော့ မှာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။

တူရကီ ရင်ဆိုင်နေရတဲ့ ပြဿနာ တွေ ထဲမှာ စီးပွားရေး တိုးတက်မှု နှေးကွေးတာရယ်၊ အကြမ်းဖက်မှုတွေ ကို ကာဒ့်စ်သူပုန်တွေ ရော အိုင်အက်စ် လက်နက်နက်အဖွဲ့ ရဲ့ တိုက်ခိုက်မှု ကို ကြုံနေရပါတယ်။

ဒါ့အပြင် ၂၀၁၆ ဇူလိုင်လ က နိုင်ငံတော် အာဏာ သိမ်းဖို့ ကြိုးပမ်းမှု ပေါ်ပေါက်ခဲ့ လို့ အရေးပေါ် အခြေအနေ ကြေညာချက် နဲ့လည်း အကြုံးဝင်နေဆဲ ဖြစ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ် ထားပါတယ်။