တူရကီ ထိုးစစ်မြှင့်နေလို့ အရပ်သားတွေ ပြေးဖို့ ပြင်ဆင်

ဆီးရီးယားမြောက်ပိုင်းက ထောင်ပေါင်း များစွာသော အရပ်သားတွေ ထွက်ပြေးဖို့ ကြိုးစား နေကြပါတယ်။
အဲဒီ ဒေသမှာ အမေရိကန်ကို ကျောထောက် နောက်ခံပြုထားတဲ့ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင် တွေကို တူရကီတပ်တွေနဲ့ တခြား အပေါင်းအပါ အဖွဲ့တွေက ထိုးစစ်တွေ ဆက်လက် အရှိန်မြှင့် နေတဲ့ အတွက် အရပ်သားတွေ အပေါ် အခုလို ရိုက်ခတ် နေတာ ဖြစ်ပါတယ်။

အက်ဖ်ရီးန် ဒေသက အရပ်သားတချို့ ဆိုရင် တောင်ဘက် ကီလိုမီတာ ၅ဝ လောက် လှမ်းတဲ့ အလက်ပ်ပို မြို့ထိ သွားရောက် ခိုလှုံကြဖို့ လမ်းကြောင်းတွေ ရှာဖွေ နေပါတယ်။
ဆီးရီးယား မြောက်ပိုင်း အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး နေကြပြီး၊ တူရကီ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပါ ဆိုတဲ့ နိုင်ငံတကာ တောင်းဆို သံတွေလည်း ပိုမို ထွက်ပေါ် လာနေပါတယ်။

ဆီးရီးယားနဲ့ တူရကီ နယ်စပ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ အက်ဖ်ရီးန်က လာတဲ့ သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က စပြီး တူရကီထိုးစစ် စတင်လာတဲ့နောက် သေဆုံးခဲ့တဲ့ လက်နက်ကိုင် အရေအတွက် အနည်းဆုံး ၅၄ ယောက် ရှိသွားပြီ ဖြစ်သလို၊ အရပ်သားတွေလည်း အယောက် ၂ဝ ထက်မနည်း သေဆုံးခဲ့ကြရပြီး ဖြစ်တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား နေသူတွေက ပြောပါတယ်။





