ရာမသီတာ ကာတွန်းကြောင့် ခြိမ်းခြောက်စာတွေ အိန္ဒိယ ကာတွန်းဆရာ ရရှိ

ဓာတ်ပုံ ရင်းမြစ်, SWATHI VADLAMUDI
အိန္ဒိယနိုင်ငံက သတင်းထောက်နဲ့ ကာတွန်းဆရာမတဦးဟာ မုဒိမ်းမှုဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး သူရေးဆွဲခဲ့တဲ့ ကာတွန်းကြောင့် အင်တာနက်ပေါ်ကနေ ခြိမ်းခြောက်စာ တွေ လက်ခံရရှိခဲ့ပါတယ်။
ကာတွန်း ဆရာမ Swathi Vadlamudiဟာ ဟိန္ဒူတွေရဲ့ ဘုရား ရာမနဲ့ ဇနီး သီတာတို့ စကားပြောနေတာကို ကာတွန်းနဲ့ သရုပ်ဖော်ပြီး အာဏာရ ဟိန္ဒူ အမျိုးသား ပါတီ BJPကို သရော်ထားတာ ဖြစ်ပါတယ်။
အရင် သီတင်းပတ်က အိန္ဒိယနိုင်ငံက ခေါင်းကြီးသတင်းတွေမှာ နေရာယူခဲ့တဲ့ မုဒိမ်းမှု ၂ ခုကို ရှုတ်ချတဲ့အနေနဲ့ ရေးဆွဲတာလို့ မစ္စစ် Vadlamudiက ပြောပါတယ်။
မုဒိမ်းမှု တခုမှာတော့ Kathuaခရိုင်မှာ အသက် ၈ နှစ်အရွယ် မွတ်စလင် ကလေး တဦးကို အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါတယ်။ သတ်ဖြတ်တယ်လို စွပ်စွဲခံရတဲ့ ဟိန္ဒူအမျိုးသားတွေအတွက် ထောက်ခံပွဲကို BJPပါတီက ဝန်ကြီး ၂ ဦး တက်ရောက် ခဲ့တာကြောင့် ဒီဖြစ်ရပ်အပေါ် လူတွေ ပိုမိုဒေါသထွက်ခဲ့ပါတယ်။
နောက်ဖြစ်ရပ်တခုမှာ အသက် ၁၆နှစ် မိန်းကလေးတဦးက BJP အမတ်တဦးရဲ့ အိမ်အပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ BJP အမတ်က ဒီမိန်းကလေးကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေကို သရော်တဲ့အနေနဲ့ ကာတွန်းထဲမှာ သီတာက 'ဒဿဂီရီ ပြန်ပေးဆွဲတာထက် ရှင့်ရဲ့ နောက်လိုက်တွေ ပြန်ပေးဆွဲရင် ပိုဆိုး အုံးမယ်'လို့ ပြောဆိုခဲ့ပါတယ်။
ဒီနေရာမှာ ရာမရဲ့နောက်လိုက်တွေဆိုပြီး ရည်ညွှန်းတဲ့ Bhakts ဆိုတဲ့ အသုံးအနှုန်းဟာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နောက်လိုက်တွေကို အိန္ဒိယမှာ ရည်ညွှန်းသုံးနှုန်းတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SWATHI VADLAMUDI
ဒီကာတွန်းကို သောင်းချီတဲ့လူမှုကွန်ရက် အသုံးပြုတဲ့သူတွေက ဝေမျှခဲ့ကြရာမှာ ဟိန္ဒူတွေရဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရာမ ဇာတ်တော်မှာ ပါတဲ့သူတွေနဲ့ ကာတွန်းကို သရုပ်ဖော်ခဲ့တာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
ကာတွန်းကို ဖော်ပြခဲ့ပြီးတဲ့နောက် သူကို ဖမ်းဆီးဖို့ တောင်းဆိုမှုတွေ ရှိခဲ့သလို အင်တာနက်ကနေ ခြိမ်းခြောက်စာတွေ ပို့ခဲ့ပြီး ဒီလို ခြိမ်းခြောက်စာတွေက သူ့ကို ပိုပြီးအားရှိစေတယ်လို့လည်း မစ္စစ် Vadlamudiက ပြောပါတယ်။








