၂၀၂၂ ကမ္ဘာ့ဖလား- ရေဘဝဲကအစ ကွန်ပျူတာ အဆုံး အကုန်သုံးတဲ့ ကမ္ဘာ့ဖလားခန့်မှန်းမှုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုအချိန်မှာ ဗေဒင်အကြားအမြင်၊ လောင်းကစားဒိုင်၊ အေအိုင်ခေါ် ဉာဏ်တုနဲ့ ဘဏ္ဍာရေး လောကမှာ လုပ်နေသူတွေပါမကျန် လုပ်နေကြတာတခုကို ပြပါဆိုရင် အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲက အနိုင်အရှုံးတွေကို ခန့်မှန်းနေကြတာပဲ ဖြစ်ပါတယ်။
ရည်ရွယ်ချက်တွေကတော့ တူချင်မှ တူပါလိမ့်မယ်။ ဥပမာ လောင်ကစားဒိုင်က ထိုးသား ဆီက များများရဖို့ တွက်ချက် ခန့်မှန်းကြပါမယ်။
ဘဏ္ဍာရေး လောကက လူတွေကတော့ ဈေးကွက်ရွေ့လျားပုံနဲ့ ပတ်သက်လို့ ခန့်မှန်းရာမှာ သုံးတဲ့ သူတို့ရဲ့ စံတွေဘယ်လောက် မှန်ကန်သလဲ သိနိုင်ဖို့ လုပ်ကြပါတယ်။ ဒါပေမယ့် ပွဲတွေရဲ့ အဖြေတွေက ကံသေ ကံမ ပြောဖို့ ခက်တာကြောင့် ဒီစံတွေ ပုံသေနည်းတွေဟာ ရာနှုန်းပြည့် မှန်ဖို့ ခက်ပါတယ်။
ဒီလိုပဲ အကြားအမြင်နဲ့ ရှေ့ဖြစ်ဟောသူတွေ ဗေဒင်ဆရာတွေကလည်း သူတို့ ဘယ်လောက် အစွမ်းထက်နေသလဲ သိစေဖို့ ခန့်မှန်းကြပြန်ပါတယ်။ ဥပမာ ပြရရင် ဘရာဇီးက အကြားအမြင်ဟောတဲ့ Athos Salome ပါ။ သူက ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်မှာကိုရော ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှာကိုပါ ကြိုဟောခဲ့တယ်လို့ ဆိုပါတယ်။ ဆိုတော့ သူဘယ်လောက်စွမ်းသလဲ ပြဖို့ ဘောလုံးပွဲတွေ ရလဒ်တွေကို မှန်းပြတာမျိုး ဖြစ်ပါတယ်။
ဒီလိုပဲ ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတွေ မစခင်မှာဆို ဘောလုံး ကျွမ်းကျင်သူတွေ၊ သုံးသပ်သူတွေ၊ နည်းပြတွေ နဲ့ မီဒီယာ သတင်းဌာနတွေကလည်း ဘာတွေဖြစ်မလဲ၊ ဘာတွေမြင်ရမလဲ၊ ဘယ်သူဗိုလ်စွဲမလဲ စသည်ဖြင့် မှန်းကြပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ မှားလေ့ ရှိကြပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အားကစားနည်းရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို လူ သန်း ၅၀၀၀ လောက် ကြည့်ကြလိမ့်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။
ယူကေက လန်ကတ်စတာ တက္ကသိုလ်က စီးပွားရေး ကျွမ်းကျင်ပညာရှင် ပါမောက္ခ ရောဘတ် ဆင်မန်းစ်က လူသဘောပေါ့၊ ငွေကြေး မပါတောင် ဝမ်းသာ ကျေနပ် အားရစရာတွေကိုပဲ လိုချင်ကြတာ၊ အဲဒီအပေါ်မှာ ငွေနဲ့ပါ ထပ်ဆောင်းတော့ ပိုပြီးတောင် စိတ်လှုပ်ရှားစရာ ဖြစ်တာပေါ့လို့ ဆိုပါတယ်။
တကယ်တော့ ကမ္ဘာ့ဖလား ဆိုတာကလည်း မှန်းရသိပ်ခက်တဲ့ ပြိုင်ပွဲမျိုးထဲမှာတော့ မပါဘူးလို့ ဆိုရပါမယ်။ ဒါပေမယ့် အခု ပြိုင်ပွဲမှာတော့ မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်လာပါတယ်။ အာဂျင်တီးနားလို ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းကို ဆော်ဒီအာရေဗျက အနိုင်ယူခဲ့တာ၊ နာမည်ကြီး ဂျာမနီကို ဂျပန်က အနိုင်ကစားသွားတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကြိုတင် တွက်ချက် ခန့်မှန်းတာတွေကို လိုက်ယုံမိရင် မှန်းချက်နဲ့ နှမ်းထွက် ဟာ မကိုက်ရုံသာမက နှမ်းခင်းကြီးပါ ပျက်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။
ဒီလို ဆိုပေမယ့်လည်း ယုံတဲ့ လူတွေကလည်း ယုံကြည်ဆဲ၊ မေးမြန်းဆဲ၊ အကြံဉာဏ်တွေ တောင်းခံ နေကြဆဲ ပဲ ဖြစ်ပါတယ်။
ဘီဘီစီကတော့ ဒီလို နည်းလမ်းတွေကို အားမပေးပါဘူး။ ဒါပေမယ့်လည်း ဘယ်သူတွေ ဘာလုပ်နေကြသလဲတော့ ပြောပြပါမယ်။
ကွန်ပျူတာနဲ့ ချန်ပီယံရွေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြဿနာတွေကို အဖြေရှာရာမှာ သုံးကြတဲ့ အယ်ဂိုရစ်သမ်နဲ့ ဉာဏ်ရည်တုတွေဟာ လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ ဘယ်အသင်းက ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ပြမလဲ ဆိုတာ တွက်ချက်ရာမှာ နောက်ဆုံး သုံးလာတဲ့ နည်းတွေ ဖြစ်ပါတယ်။ ယူကေမှာ ရှိတဲ့ သိပ္ပံ အချက်အလက်နဲ့ ဉာဏ်ရည်တု ဆိုင်ရာ သုတေသန ဌာနကြီးဖြစ်တဲ့ Alan Turing Institute ကလည်း ဒီနည်းတွေနဲ့ အဖြေထုတ်ကြည့် ကြပါတယ်။ အတိတ်က ရလဒ်တွေ အချက်အလက်တွေကို သုံးပြီး ကမ္ဘာ့ဖလားမှာ ကစားကြမယ့် ပွဲပေါင့်း ၆၄ ပွဲကို ကွန်ပျူတာနဲ့ အကြိမ်ပေါင်း ၁၀၀၀၀၀ တွက်ချက်ပါတယ်။ အဲဒီမှာ တွေ့လာရတာက ၅ ကြိမ် ချန်ပီယံ ဘရာဇီးက ၄ ကြိမ်တွက်ရင် တကြိမ်ချန်ပီယံ ဖြစ်နေတာပါ။ သူ့နောက်မှာ ဘယ်လ်ဂျီယံနဲ့ ၂ ကြိမ် ချန်ပီယံ ရဖူးကြတဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ဖြစ်နေကြပါတယ်။
အာဂျင်တီးနား ခန့်မှန်းချက်က ခပ်လှုပ်လှုပ်
ဒါကြောင့်လည်း သူတို့ ခန့်မှန်းချက်တွေကို အခြေခံပြီး မလောင်းကြပါနဲ့လို့ Alan Turing Institute က ကြေညာထားပါတယ်။ ကိုယ့် ခန့်မှန်းမော်ဒယ်က ဘယ်လောက် ကောင်းကောင်း ဘောလုံးက ဖြစ်ချင်ရာ ဖြစ်တတ်တဲ့ သဘောရှိပါတယ်လို့ ဆိုပါတယ်။
ဒါကလည်း မှန်တယ်လို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ၂ ခုမှာ Goldman Sachs၊ UBS နဲ့ ING တို့ အပါအဝင် ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေရဲ့ ချန်ပီယံ ခန့်မှန်းချက်တွေ လွဲသွားခဲ့ကြပါတယ်။
ချွင်းချက်အနေနဲ့ ပြောရရင်တော့ လန်ဒန်အခြေစိုက် Liberium Capital ရဲ့ ကျွမ်းကျင် ပညာရှင် Joachim Klement ဖန်တီးခဲ့တဲ့ အယ်လ်ဂိုရစ်သမ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၄ မှာ ဂျာမနီ ဗိုလ်စွဲမှာကို မှန်အောင် တွက်ပြနိုင်ခဲ့သလို ၂၀၁၈ မှာလည်း ပြင်သစ်ရမယ်လို့ တွက်ပြခဲ့ပါတယ်။
ဒါဆို တကယ်ပဲ ဘောလုံးက ကြုံရာကျပန်း အဖြေထွက်လာတတ်တာမျိုးလား။ Joachim Klement က အဲဒီအချက်က တော်တော် အရေးပါတဲ့ အချက်ပါလို့ ပြောပါတယ်။ သူက Marketwatch လို့ ခေါ်တဲ့ ဘဏ္ဍာရေး သတင်း ၀က်ဘ်ဆိုက်မှာ သူ့ မော်ဒယ်က အသင်းတသင်းရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းပဲ တွက်ချက်တာ ဖြစ်ပြီး ကျန်တာကတော့ ကံပါပဲ လို့ ဆိုထားပါတယ်။ သူ့ ကံပါပဲ ဆိုတာက ၅၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
စိတ်စွမ်းအင်နဲ့ တိရစ္ဆာန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချို့ကတော့ ပင်ဒါဝက်ဝံတွေ၊ အဲလ်ပတ်ကားတွေ၊ မြွေပါ ကတိုးဖြူတွေနဲ့ ကုလားအုပ်တွေမှာလည်း ဘောလုံးပွဲကို ခန့်မှန်းနိုင်တဲ့ စိတ်စွမ်းအင် ရှိတယ်ဆိုပြီး မေးကြပါတယ်။
အဲဒါတွေရဲ့ အစကတော့ ပေါလ်လို့ ခေါ်တဲ့ ရေဘဝဲ ပါ။ သူက ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ နိုင်မယ့် အသင်းတွေကို မလွဲအောင် ခန့်မှန်းပြခဲ့တာမှ စပိန် အသင်း ချန်ပီယံ ဖြစ်မယ် ဆိုတဲ့အထိပါ မှန်အောင် မှန်းသွားခဲ့တာ ဖြစ်ပါတယ်။
ရေဘဝဲ ပေါလ်ဟာ ဂျာမနီက Oberhausen မြို့ကဖြစ်ပါတယ်။ သူ့ကို ပွဲမတိုင်ခင်မှာ ကစားကြမယ့် သင်းတွေရဲ့ အလံ ပုံတွေ ကပ်ပေးထားတဲ့ မှန်ပုံး ၂ ခုမှာ အစာတွေ ထည့်ပြီး ရွေးစေခဲ့တာ ဖြစ်ပါတယ်။ သူက ၁၄ ကြိမ်မှာ ၁၂ ကြိမ် မှန်အောင် ရွေးပြခဲ့ပါတယ်။
စိတ်မကောင်းစရာက ပေါလ်ဟာ ပြိုင်ပွဲ အပြီး လအနည်းငယ်အကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
ဒီလို စိတ်စွမ်းအင် ဆိုတာမျိုးကို အမြဲ မေးခွန်းထုတ်လေ့ ရှိကြတဲ့ သိပ္ပံပညာရှင်တွေကတော့ ပေါလ်လို ရေဘဝဲ မျိုးတွေက ထောင်လိုက် ဆွဲထားတဲ့ မျဉ်းမတ်တွေ အရောင်တွေထက် စာရင် အလျားလိုက် ဆွဲထားတဲ့ အရောင်တွေကို ပိုပြီး မျက်စိကျတာ ဖြစ်နိုင်တယ်၊ ဒီလိုနည်းနဲ့ အလံရွေးတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
အလောင်းအစားဒိုင်တွေလည်း မှန်တတ်ပါတယ်
ဒါက ဒိုင်တွေကို ဂုဏ်ဖော်ပြီး လောင်းကစား လုပ်ဖို့ အားပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပေါက်မောက္ခ ဆင်မန်းစ် လို လူမျိုးကတောင်မှ ဒိုင်တွေဟာ ဘောလုံး ရလဒ်နဲ့ ပတ်သက်လာရင် လွဲခဲတယ်လို့ ပြောရပါတယ်။။
လုံးဝအတိအကျတော့ မှန်းဖို့ မလွယ်ဘူးပေါ့၊ ဒါပေမယ့် အချက်အလက်ပိုင်းနဲ့ ပတ်သက်ရင်တော့ ဒိုင်တွေက အားကိုးရပါတယ်။ ဘာလို့လဲဆို သူတို့က မှားလို့ မရဘူးလေ။ အလျော်အစားက ကြီးတာကိုးလို့ ဆိုပါတယ်။
ပါမောက္ခ ဆင်မန်းစ်က အလေးပေးတဲ့ နစ်မျိုးကို ပြောတာပါ။ ဥပမာ ဘရာဇီး ဆိုရင် တချို့ လောင်းကစား ဝက်ဘ်ဆိုက်တွေမှာ ဗိုလ်စွဲဖို့ ၃ လေး ၁ လေးပါ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့ ခရိုအေးရှားကတော့ ၁၀၀ လေး ၁ လေး ဖြစ်ပါတယ်။ အိမ်ရှင် ကာတာ အတွက်ကတော့ ၁၀၀၀ လေး ၁ လေးပဲ ရှိပါတယ်။
ဒီလို လုပ်ထားတာကလည်း ထိုးသားထက် ဒိုင်တွေ ပိုပြီး ငွေရအောင် စီမံထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အလေးပေးထားတာတွေ လိုက်ကြည့်ပြီး ထိုးတိုင်းလည်း ဒီအတိုင်းပဲ ဖြစ်လာမယ်လို့ အာမခံချက်တော့ မရှိပါဘူး။
သမိုင်းနဲ့ ပထဝီလည်းတော်တော် အရေးကြီးပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၃၀ ပြည့်နှစ်က ဥရုဂွေးမှာ ကျင်းပခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ကြည့်ရင်တော့ ကမ္ဘာ့ဖလားဟာ တော်တော်ကို ပြောင်းလဲ သွားခဲ့ပါပြီ။ ပြိုင်ပွဲ အရွယ်အစားအရရော၊ လူကြိုက်များ ကျော်ကြားမှုရော၊ အရေးပါပုံပါ တော်တော် ကြီးကျယ် သွားခဲ့ပါပြီ။ ဒါပေမယ့် တချို့ တချို့သာ အရာများကတော့ အရင်အတိုင်းသာ ဖြစ်ပါတယ်။
အဲဒါတွေက ဘာတွေလဲ ဆိုရင် -
ကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း ၂၁ ကြိမ် ကျင်းပပြီးချိန်မှာ ၇၉ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကြပါပြီ။ ဒါပေမယ့် ဗိုလ်စွဲဖူးတဲ့ နိုင်ငံက ၈ နိုင်ငံပဲ ရှိပါတယ်။
ဘရာဇီးက ၅ ကြိမ်၊ အီတလီနဲ့ ဂျာမနီက ၄ ကြိမ်စီ၊ ပြင်သစ်၊ ဥရုဂွေးနဲ့ အာဂျင်တီးနားတို့က ၂ ကြိမ်စီနဲ့ အင်္ဂလန်နဲ့ စပိန်တို့က ၁ ကြိမ်စီ ဗိုလ်စွဲထားကြပါတယ်။
၁၉၇၈ နောက်ပိုင်း ဗိုလ်လုပွဲတွေမှာ ဗိုလ်မစွဲဖူးတဲ့ အသင်းပါတာ ဆိုလို့ ၃ ကြိမ်ပဲ ရှိပါတယ်။ ကမ္ဘာ့ဖလားကို နောက်ဆုံးအကြိမ် ၂ ကြိမ်ဆက် ဗိုလ်စွဲနိုင်တာက ၁၉၆၂ ခုနှစ်က ဖြစ်ပြီး အဲဒီတုန်းက ဘရာဇီးလ်က ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
သူတို့ နိုင်ငံရှိတဲ့ ကုန်းမြေ တိုက်ကြီး မှာ မကျင်းပတဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖူးတာကတော့ ဘရာဇီး၊ ဂျာမနီနဲ့ စပိန်တို့ ၃ သင်းပဲ ရှိပါတယ်။
အာဖရိကတိုက် ဘယ်အသင်းမှာ ကွာတားဖိုင်နယ်အဆင့်ကို မကျော်နိုင်သလို အာရှ တိုက်ကဆိုလည်း ၂၀၀၂ ခုနှစ်က တောင်ကိုရီးယား တသင်းသာ ဆီမီးဖိုင်နယ် အထိ တက်နိုင်ခဲ့ပါတယ်။
ပွဲဦးထွက် ကစားရတဲ့ပွဲကို ရှုံးပြီးမှ ဗိုလ်စွဲဖူးတာဆိုလို့ ၂၀၁၀က စပိန် တသင်းပဲ ရှိပါတယ်။
အီတလီ နဲ့ ဂျာမန် အသင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ဖလားကို အီတလီနဲ့ ဂျာမနီ အသင်းတွေက ၄ ကြိမ်စီ ဗိုလ်စွဲထားတာကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် အီတလီနဲ့ ဂျာမနီက အမှတ်ပေး အသင်းတွေ ဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့ အကြောင်းကလည်း မေ့ထားလို့ မရပါဘူး။
ဘာလဲ ဆိုရင် ၁၉၈၂ ဗိုလ်လုပွဲကစပြီး ဗိုလ်လုပွဲတိုင်းမှာ အဲဒီ အသင်း ၂ သင်းက ဘောလုံးသမား အနည်းဆုံး ၁ ယောက် ပါလေ့ ရှိပါတယ်။
အခုကာတာမှာရော ထပ်တွေ့ရမလား။ အခု ၂၀၂၂ ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ ဘောလုံးသမား ၁၇ ယောက် သက်ဆိုင်ရာ နိုင်ငံတွေကနေ ဝင်ပြိုင်နေကြပါတယ်။ အင်တာက ဘောလုံးသမား ၆ ယောက် ဝင်ပြိုင်နေပါတယ်။ အဖွင့်ပွဲ ရှုံးထားလို့ စိတ်မကောင်းဖြစ်နေကြတဲ့ အာဂျင်တီးနား ပရိသတ်တွေအတွက် ကြံဖန် အားပေးရမယ် ဆိုရင်တော့ အာဂျင်တီးနားရဲ့ တိုက်စစ်မှူး လောက်တာရို မာတီးနက်ဇ်ဟာ အင်တာမီလန်က ဖြစ်ပါတယ် ဆိုတာပါပဲ။








