ဆေးလိပ်ကြောင့် တနှစ်ကို လူ၅သန်းသေ

ကမ္ဘာ့နိုင်ငံတွေကြည့်မယ်ဆိုရင်တော့ ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ဆေးလိပ်ကြော်ငြာတွေ၊ ဆေးလိပ်ကုမ္ပဏီတွေက စပွန်ဆာ ကမကထ လုပ်တဲ့ပွဲတွေဟာ လျော့ကျသွားပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ ဒီလိုကြေငြာတွေနဲ့အတူ ဆေးလိပ် သောက်သုံးမှုတွေက လျော့ကျမသွားသေးပါဘူး။
ဒါကြောင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ကလည်း ဒီဒေသတွေအပေါ် အထူးအာရုံစိုက်ပြီး ကျန်းမာရေးပညာပေး လုပ်ငန်းတွေ လုပ်နေပါတယ်။
အာရှဒေသကိုကြည့်မယ်ဆိုရင်တော့ WHO ရဲ့ စစ်တမ်းတွေအရဆိုရင် အာရှနိုင်ငံ အနည်းငယ်ရဲ့ ဆေးလိပ်သောက်သုံး သူဦးရေဟာ ကမ္ဘာ့ဆေးလိပ် သောက်သုံး သူ စုစုပေါင်း သန်း တစ်ထောင်ရဲ့ လေးပုံ သုံးပုံလောက် ရှိပါတယ်။ တရုတ်နိုင်ငံက ဆေးလိပ်သောက်သူ သန်း ၃၅၀ ရှိပြီး အိန္ဒိယနိုင်ငံက လူ သန်း ၂၉၀ လောက်ဆေးလိပ်သောက်ကြပါတယ်။
အင်ဒိုနီးရှား၊ ဗီယက်နမ် နဲ့ ဂျပန်တို့မှာလည်း ဆေးလိပ်သောက်သုံးသူ လူဦးရေများတာ တွေ့ရပါတယ်။ ဆေးလိပ်သောက်သုံးမှု၊ ဒါမှမဟုတ် ဆေးရွက်ကြီး ဝါးတဲ့အန္တရာယ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်ကလည်း တစ်နှစ်ကို လူ ငါးသန်းထိ ရှိပါတယ်။
ဒါဟာဆိုရင် ၆ စက္ကန့်တိုင်းမှာ လူတစ်ဦးသေဆုံးတဲ့သဘောဖြစ်ပါတယ်။ အာရှနိုင်ငံအများစုမှာ ဆေးလိပ်သောက်သူတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေ ထက်ပိုသောက်သုံးပေမယ့် တချို့နေရာတွေမှာတော့ အမျိုးသမီးတွေက ပိုသောက်ကြပါတယ်။
တရုတ်နိုင်ငံက တချို့နေရာတွေမှာ ဓလေ့အရ အမျိုးသမီးတွေ ဆေးလိပ်သောက်ကြသလို လူငယ်နဲ့ ပညာတတ်အမျိုးသမီးတွေလည်း ဆေးလိပ်ပိုစွဲလာတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာရော ဆေးလိပ်သောက်တဲ့သူတွေ လျော့ကျလာနေလား၊ အရေအတွက် တိုးလာနေပါသလား။ ဆေးလိပ်တိုက်ဖျက်ရေးနဲ့ပတ်သတ်နဲ့ နိုင်ငံတကာဆုတွေရဖူးသလို ဆေးလိပ်တိုက်ဖျက်ရေး ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ သိပ္ပံမှူးတင်ကတော့ ဆေးလိပ်သောက်တာ တနိုင်ငံလုံးအနေနဲ့ လျော့သွားတယ်လို့ ပြောနိုင်ပေမဲ့ လူငယ်တွေကြားမှာ တော့ ဆေးလိပ်အန္တရာယ်ကို ဒီထက်ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုမယ်လို့ ဘီဘီစီကို ပြောသွားပါတယ်။




