ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနဲ့ မိသားစုဝင်အချို့ ကိုဗစ်ရောဂါ ကူးစက်ခံရ

ဆယ်စုနှစ် ၅ခုလောက် အထိအောင်မြင်မှုကိုထိန်းထားနိုင်သူ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆယ်စုနှစ် ၅ခုလောက် အထိအောင်မြင်မှုကိုထိန်းထားနိုင်သူ

အိန္ဒိယ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းက သူ့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ နေရကြောင်း သူရဲ့ တွစ်တာ လူမှုကွန်ရက်ကနေ တစ်ဆင့် ပြောကြားလိုက်ပါတယ်။

" ကျွန်တော် ကိုဗစ် စစ်လိုက်တော့ ပိုးရှိကြောင်း တွေ့ပါတယ် ။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်၊ ကျွန်တော့် မိသားစုနဲ့ ဝန်ထမ်းတွေ အားလုံးလည်း ရောဂါစစ်ဆေးထားတယ် ။ အသေးစိတ် အဖြေကိုတော့ စောင့်နေကြပါတယ်" လို့ သူက ဇူလိုင် ၁၁ ရက် ညပိုင်းက တွစ်တာ လူမှုကွန်ရက် မှာရေးပါတယ်။

အဲဒီနောက် သူရဲ့သားအဘီရှစ် ၊ချွေးမ အရှ်ဝါရီးယားနဲ့ မြေးမလေး အာရက်ဒဟာ တို့မှာလည်း ရောဂါပိုးတွေ့ခဲ့ပါတယ်။

အသက် ၇၇ အရွယ် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းဟာ ဆယ်စုနှစ် ၅ခုလောက်အတွင်းမှာ ရုပ်ရုင်ဇာတ်ကားပေါင်း၂၀၀ ကျော်မှာပါဝင်ခဲ့ပြီး အခုအချိန်ထိ အောင်မြင်နေဆဲ မင်းသားကြီး တစ်ဦးဖြစ်ပါတယ်။

သူနဲ့ အသက်(၄၄) နှစ်အရွယ် သူ့သား အဘီရှစ် တို့ကို စနေနေ့က မွန်ဘိုင်းမြို့က Nanavati ဆေးရုံကို ပို့ဆောင်ခဲ့ကြပြီး သူတို့သားအဖနှစ်ဦးစလုံးမှာ သိပ်မပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ တွေ့ရတယ်လို့လည်း သိရပါတယ်။

အဲ့ဒီဆေးရုံက ပြောခွင့်ရသူကတော့ အမီတာဘဂျမ်းကို ဆေးရုံရဲ့သီးသန့်စောင့်ကြည့်တဲ့ အခန်းမှာ တစ်ဦးတည်း သူ့ကို သီးသန့်ခွဲထားကြောင်း ပြောပါတယ်။

သူနဲ့ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းက အနီးကပ် ထိတွေ့ခဲ့သူတွေကိုလည်း ရောဂါရှိ မရှိ စစ်ဆေးကြဖို့ကိုလည်း အမီတာဘဂျမ်းက တိုက်တွန်းစကား ဆိုခဲ့ပါတယ်။။

သူရဲ့ ချွေးမ အရှ်ဝါရီးယား နဲ့ မြေးမလေး အာရက်ဒဟာတို့ကတော့ တနင်္ဂနွေနေ့မှာ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမီတာဘဂျမ်းရဲ့ ကျန်တဲ့ မိသားစုဝင်တွေကတော့ ရောဂါပိုးမတွေ့ရကြောင်းလည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မွန်ဘိုင်းမြို့က မြူနီစီပယ်အရာရှိတွေက အမီတာဘဂျမ်းရဲ့ အိမ်အပြင်ဘက်မှာ အသွားအလာ ကန့်သတ်တဲ့ နေရာအဖြစ် သတ်မှတ်ထားကြောင်း စာတန်းတွေချိတ်ထားခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များမှာ ပိုပြီးကျော်ကြားလာခဲတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၁၉၇၀ ပြည့်လွန်နှစ်များမှာ ပိုပြီးကျော်ကြားလာခဲတာဖြစ်ပါတယ်

အမီတာဘဂျမ်းဟာ Zanjeer နဲ့ Sholay စတဲ့နာမည်ကြီး ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များမှာ ပိုပြီး ကျော်ကြား လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်က စပြီး သူဟာ National Film Awards နဲ့ Filmfare Awards (၁၅) ဆုအပါအဝင် ဂုဏ်ထူးဆောင်ဆု အမြောက်အမြားကို ရရှိခဲ့ပါတယ်။

သရုပ်ဆောင်မှုအပြင် အမီတာဘဂျမ်းဟာ နိုင်ငံရေးနယ်ဘက်ကိုလည်း ခေတ္တခဏ ဝင်ခဲ့ပါသေးတယ်၊

၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ မေတ္တာရပ်ခံချက် အရ ၁၉၈၄ ခုနှစ်မှာ သူဟာ ရွေးကောက်ပွဲဝင်ခဲ့ပြီး အိန္ဒိယ ပါလီမန် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ သုံးနှစ်အကြာမှာ သူဟာ မစ္စတာဂန္ဒီအစိုးရဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် စိတ်ပျက်ခဲ့ပြီး နုတ်ထွက်ခဲ့ပါတယ်။

သူဟာ ၁၉၉၅ မှာ ရုပ်ရုင်ထုတ်လုပ်တဲ့ အမီတာဘဂျမ်း ကော်ပိုရေးရှင်းကို တည်ထောင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ဒါအပြင့် နောက်ထပ် ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးထုတ် ရုပ်ရှင်ကတော့ အမေဇုံမှာ ဖြန့်ချိခဲ့တဲ့ Gulabo Sitabo ဇာတ်ကားဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေ အတွင်း သူဟာ ကိုရိုနာဗိုင်းရပ်စစ် ဆန့်ကျင်တိုက်ဖျက်ရေး အတွက် အသိပညာပေး သတင်းဖြန့်တဲ့ နေရာမှာ သူက အစိုးရကို အကူညီပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ သိသိသာသာ တိုးလာနေပြီး ကမ္ဘာပေါ်မှာ တတိယ အမြင့်ဆုံးဖြစ် လာနေပါတယ် ။ပြီးခဲ့တဲ့ စနေနေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၈၂၁၀၀၀ ရှိလာပြီးတော့ သေဆုံးသူ နှစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။