ရိုက်တာအမှု - ထောင်ကျနေတဲ့ သတင်းထောက် နဲ့ မျှော်လင့်ရုံပဲတတ်နိုင်တဲ့ သားအမိ

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးအရေးယူခံရတာ ဒီဇင်ဘာလ (၁၂) ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်တွေဟာ မီဒီယာကျင့်ဝတ်နဲ့ အညီ သတင်းယူရင်း မတရားဖမ်းဆီးခံရတာဖြစ်တဲ့အတွက် သူတို့ကို လွှတ်ပေးဖို့ မိခင် ရိုက်တာသတင်းဌာန အပါအဝင် သတင်းသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေက တစ်နှစ်ပြည့်ချိန်မှာ တောင်းဆိုနေကြပါတယ်။

သတင်းထောက် ၂ ယောက်ဟာ ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေ အတွင်း တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အရေးယူ ဆောင်ရွက်မှုတွေ အကြောင်း သတင်းရေးသားဖို့ စုံစမ်းဖော်ထုတ်နေတုန်း ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲမှာ ထောင်ဒဏ် ၇ နှစ် စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သတင်းထောက် ၂ ယောက်ရဲ့ ရှေ့နေတွေက အမှု စီရင်ချက်ကို အယူခံလွှာတင်ခဲ့ပြီး အခုအချိန်မှာ အယူခံကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အသိအမှတ် ပြုထိုက်တဲ့ အထင်ရှားဆုံးပုဂ္ဂိုလ် အမည်စာရင်း Person of the Year 2018 စာရင်းမှာလည်း ကမ္ဘာတစ်ဝန်းက ဖမ်းဆီးခံ၊ သတ်ဖြတ်ခံ သတင်းထောက်တွေနဲ့အတူ မြန်မာနိုင်ငံက ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပါဝင်ခဲ့ပါတယ်။

ဖမ်းဆီးခံ သတင်းထောက် တစ်ဦး ဖြစ်သူ ကိုဝလုံးရဲ့ ဇနီးသည် မပန်းအိမွန်က တစ်နှစ်ပြည့်ချိန်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေကို ဘီဘီစီကို ပြောပြထားပါတယ်။

ရိုက်ကူးတင်ဆက် - စံကျော်ထွန်း