မတ်လ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေး ငလျင် - နောက်ဆက်တွဲ ငလျင်ကြောင့် ကယ်ဆယ်ရေးအခက်ကြုံ
မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင်ကြောင့် ကယ်ဆယ်ရေးအခက်ကြုံ၊ NUG ထိုးစစ် နှစ်ပတ်ကြာ ရပ်နားမှာဖြစ်လို့ ကယ်ဆယ်ရေးတွေ ပိုအရှိန်ယူလုပ်နိုင်မယ်လို့ အကဲခတ်တွေ မှတ်ချက်ပေး အပါအဝင် မတ် ၃၀ ရက် ငလျင်ဒဏ်သင့် နောက်ဆက်တွဲသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်
- ညောင်ရွှေမြို့က အင်းလေးဒေသမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အယောက် ၉၀ ကျော် ရှိ
- မြန်မာမှာငလျင်ကြောင့် သေဆုံးသူ ၁,၇၀၀ ခန့်ရှိပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော
- မန္တလေးမြို့ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာအကွာ မတ္တရာမြို့နယ်ထဲကို ဗဟိုပြုပြီး ပြင်းအား ၅ မဂ္ဂနီကျူ့ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့
- စစ်ကိုင်းမြို့တွင်းက မီးသတ်တပ်ဖွဲ့ရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကနေ လူ ၃၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ၈၈ ဦးကိုတော့ ရုပ်အလောင်းသာ ရှာတွေ့ခဲ့
- ပျော်ဘွယ်မြို့နယ်မှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အဆောက်အဦပြိုကျပြီး သေဆုံးသူ ၁၆၁ ယောက် ရှိမန္တလေး ငလျင် - Sky Villa ကွန်ဒိုပြိုကျမှုမှာ ပိတ်မိသူ ၂၉ ဦးကို ကယ်ထုတ်ထားနိုင်
- မန္တလေး ငလျင် - ဦးလှသိန်း ဗိမာန်ပြိုကျမှု သံဃာ ၁၃ ပါးပျံလွန်တော်မူပြီး အရေအတွက်ဆက်တိုးနိုင်၊ ၅၈ ပါး အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်
- ထိုင်းနိုင်ငံကနေ မြန်မာကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု
- နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၄ ဦးရှိ
- မန္တလေးမြို့ရိုး ၄၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော
- ရန်ကုန်-မန္တလေး အမြန်လမ်းအခြေအနေ ဘယ်လိုရှိနေလဲ
- မန္တလေးတက္ကသိုလ်မှာ ငလျင်ကြောင့် မီးလောင်ပြီး စာစစ်အဖြေလွှာသိန်းချီ မီးလောင်
- စစ်ကိုင်းမြို့ပေါ်မှာ သေဆုံးတဲ့အလောင်းတွေ ထုတ်လို့မပြီးသေး၊ လူ ၂၀၀ ကျော် သေဆုံးထားတယ်လို့ဆို
- ယူကေက မြန်မာငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက် စတာလင်ပေါင် ၁၀ သန်းကူမယ်
- ငလျင်ဒဏ်သင့်နေရာတွေမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ထိုးစစ်ရပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်
တိုက်ရိုက် ထုတ်လွှင့်ချက်
"ငလျင် ထပ်လှုပ်နေတယ်။ အသစ်ပြိုစရာလည်း မရှိတော့ပါဘူး" - စစ်ကိုင်းဒေသခံ
"အခုပြောရင်း ငလျင်အကြီး ထပ်လှုပ်ပါတယ်။ တော်တော်ကြမ်းပါတယ်"
အင်အားပြင်းငလျင်ဗဟိုဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့ခံ တစ်ဦးဆီက ပေးပို့လာတဲ့ မက်ဆေ့စာတို တစ်စောင်ကို မတ် ၃၀ ရက်၊ မြန်မာအချိန် ၁ နာရီ ၃၇ မိနစ်အချိန်မှာ လက်ခံရရှိလိုက်ပါတယ်။
တဆက်တည်း သူပို့လာတာက အဆောက်အအုံတွေ ထပ်ပြိုကျလာမှာကို စိုးရိမ်တဲ့အကြောင်းပါ။
ငလျင်လှုပ်ခတ်တာ ၄၈ နာရီကျော်လာချိန်မှာတော့ ပြိုကျအဆောက်အအုံတွေက ပြည်သူတွေကို ကယ်တင်ဖို့အတွက် အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်က ကူညီရေးအဖွဲ့တွေ မြေပြင်ဆင်းကူညီနေကြပါပြီ။
အများစုက မန္တလေးမြို့ပေါ်မှာ ရှင်းလင်းကယ်ဆယ်ရေးလုပ်နေကြတာပါ။
ဒါပေမဲ့ အင်းဝ တံတားကြီးပြိုကျခဲ့တဲ့ စစ်ကိုင်းဘက်မှာရော ဘာတွေဖြစ်နေလဲ။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဘန်ကောက်မြို့က အထပ် ၃၀ ကျော် ဆောက်လက်စတိုက် ပြိုကျမှု သေဆုံးသူ ၁၂ ဦးရှိလာ
မတ် ၂၈ ရက် ငလျင်ကြောင့် ဘန်ကောက်မြို့၊ ချက်တူချက်ဈေးအနီးက ဆောက်လက်စ အစိုးရရုံး ပြိုကျမှုကနေ သေဆုံးသူ ၁၂ ဦးရှိလာပြီဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ထားသူထဲက တစ်ဦးလည်း သေဆုံးတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မတ်လ ၃၀ ရက်၊ ထိုင်းစံတော်ချိန် တစ်နာရီခွဲဝန်းကျင်မှာ ကယ်ဆယ်ရေးလုပ်ငန်းခွင်ထဲက အလုပ်သမား ၄ ယောက်က အိတ်အဖြူတစ်ခုကို သယ်မလာပြီး မှုခင်းဆေးအဖွဲ့လည်း ဝင်သွားတာတွေ့ရတယ်လို့ ဘီဘီစီသတင်းထောက်က ဆိုပါတယ်။
ဒါက ၁၃ ယောက်မြောက် သေဆုံးသူဖြစ်နေမလားဆိုတာ အာဏာပိုင်တွေဘက်က ထုတ်ပြန်လာတာကို စောင့်ဆိုင်းနေရတဲ့အခြေအနေပါ။
ဒီလုပ်ငန်းခွင်ထဲမှာ ငလျင်လှုပ်ချိန် ဆောက်လုပ်ရေးဝင်ရောက်လုပ်ကိုင်နေသူ ၇၉ ဦးပျောက်ဆုံး နေဆဲဖြစ် တယ်လို့ ဘန်ကောက်ဒုမြို့တော်ဝန်က ဘီဘီစီကိုပြောပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်က သေဆုံးသူတွေရဲ့ အချက်အလက်အပါအဝင် ပျောက်ဆုံးနေသေးသူတွေရဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
သေရေးရှင်ရေးကာလမှာ အပစ်အခတ် ရပ်စဲဖို့ မျှော်လင့်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanက မြန်မာဟာ ငလျင်ကြောင့် သေရေးရှင်ရေးကာလရောက်နေတဲ့အတွက် ထိထိ ရောက်ရောက် အပစ်အခတ်ရပ်စဲပြီး အသက်တွေကယ်ဖို့ နဲ့ လိုအပ်နေသူတွေကို ကူညီဖို့ အလုံးစုံ အာရုံ စိုက်သင့်တယ်လို့ပြောလိုက်ပါတယ်။
မတ် ၃၀ ရက်က ပြုလုပ်တဲ့ မြန်မာနဲ့ထိုင်း ငလျင်ဘေး နောက်ဆက်တွဲ အခြေအနေနဲ့ ပတ်သက်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ် ကို အွန် လိုင်းကနေ ပြုလုပ်ချိန် သူက အစည်းအဝေးမှာ ပြောခဲ့တာပါ။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဖြန့်ဝေနိုင်ဖို့ နဲ့ ရေရှည်မှာ အမျိုးသား ပြန်လည်သင့် မြတ်ရေး၊ငြိမ်းချမ်းရေးနဲ့ပြန်လည်တည်ဆောက်ရေးတွေလုပ်ဆောင်နိုင်ဖို့ ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်းတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
စင်္ကာပူနိုင်ငံဟာ မနေ့ကတည်းက မြန်မာ့ငလျင်အတွက် ကယ်ဆယ်ရေးသမား ၈၀ စေလွှတ်ထားပြီး နေပြည်တော်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာမီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်နေပါတယ်။
စင်္ကာပူကြက်ခြေနီကလည်း မြန်မာအတွက် စင်္ကာပူဒေါ်လာ တစ်သိန်းခွဲမတည်ပြီး ငလျင်ဒဏ်သင့်ပြည်သူ တွေအတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းပြုလုပ်ပေးနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ မတ် ၃၀ ကနေ ဧပြီ ၁၂ ရက်အထိ တဖက်သတ်အပစ်ရပ် ကြေညာထားပြီး မြန်မာစစ်တပ်ကတော့ အပစ်ရပ်ဖို့ ပြောဆိုတာမရှိသေးပါဘူး။
ဒီနေ့ မတ် ၃၀ ရက်မနက်ပိုင်းမှာ နောင်ချိုနဲ့ ပေါက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရတယ်လို့ ဘီဘီစီက ကနဦးသတင်းရထားပြီး အခြေအနေ အသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ပါတယ်။
အင်းလေးမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၉ ဦးအထိရှိ, နေအိမ် ၁,၉၀၀ ကျော်ပျက်စီး
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့က အင်းလေးဒေသမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အယောက် ၈၉ ဦးအထိရှိတယ်လို့ အင်းလေးဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ငလျင်ကြောင့် သေဆုံးသူတွေထဲမှာ ကေလာကျေးရွာက ၄၁ ယောက်၊ အနောက်တောင်ရွာက ၁၄ ယောက်၊ နောက်မြောက်ရွာက ၁၀ ယောက်၊ ဟဲယာရွာမက ၅ ယောက် ၊ ရှေ့တောင်ရွာက ၆ ယောက်၊ ဇရပ်ကြီးရွာက ၅ ယောက် အပါအဝင် သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိတယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့နဲ့ အရုဏ်ဦးအဖွဲ့ တို့ ကနေ သိရပါတယ်။
“ဒီအရေအတွက်တွေက အလောင်းတွေ့ရတာပဲ ရှိသေးတယ်။ တချို့အိမ်တွေဆိုရင် ပြိုတဲ့အိမ်တွေအထဲ လူတွေပါ ပါသွားပြီး အလောင်းပြန်မရတာတွေ ရှိတယ်”လို့ အရုဏ်ဦးအဖွဲ့ က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
နောက်ထပ် အင်းလေးဒေသခံ ကိုရဲကလည်း “ကုန်းပေါ်မှာလိုမျိုး အိမ်တွေပိလို့ အသက်ရှင်ကျန်တဲ့သူနည်းတယ်လေ။ အောက်ကလည်း ရေနဲ့ ရွှံတွေဆိုတော့ အသက်ရှုမရတာနဲ့ ဆုံးပါးကုန်တာဖြစ်နိုင်တယ်လို့” ပြောပြပါတယ်။
သေဆုံးသူတွေထဲမှာ မွေးကင်းစ ကလေး၊ ငါးနှစ်အောက်နဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
နှစ်မြုပ်သွားတဲ့ အိမ်ခြေပေါင်းလည်း ၁,၉၀၀ ကျော်ရှိနေပြီး အိုင်ထောင်ကြီးရွာ၊ ပေါက်ပါးရွာ၊ နောက်တောင်ရွာ၊ နောက်မြောက်ရွာ၊ စိတ္တရွာ၊ နန်းပန်ကြာတောရွာတွေဟာ အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့တာဖြစ်တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အိမ်တွေကိုလည်း စက်လှေတွေနဲ့သာ ဝိုင်းဝန်းဖယ်ရှားနေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ငလျင်ဒဏ်ခံရပြီး သုံးရက်မြောက်တဲ့အထိ ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေအချင်းချင်းသာ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
သတင်းထူး, မြန်မာငလျင် သေဆုံးသူ ၁,၇၀၀ ခန့်ရှိလာ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
မြန်မာမှာ မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၁,၇၀၀ ခန့်ရှိပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ဒီနေ့မှာ ဖုန်းကနေ စကားပြောဆိုချိန် မြန်မာ့ငလျင်အခြေအနေနဲ့ ကယ်ဆယ်ရေးအခြေအနေတွေကို ပြောပြချိန်မှာ သူက အခုလိုပြောလာတာဖြစ်ပါတယ်။
ငလျင်ကြောင့် ဒဏ်ရာရသူ ၃,၄၀၀ ခန့်ရှိပြီး ပျောက်ဆုံးသူ ၃၀၀ နီးပါးခန့်ရှိနေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက မလေးရှားဝန်ကြီးချုပ်နဲ့ ဖုန်းပြောချိန်မှာ ရှင်းပြခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အခုလို အခက်အခဲဖြစ်ချိန်မှာ မလေးရှားနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံတွေက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးတဲ့တာကိုလည်း စစ်ခေါင်းဆောင်က ကျေးဇူးတင်ကြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ်ကတော့ တတ်နိုင်တဲ့အကူအညီတွေကို ပေးသွားမယ်လို့ပြောသလို မြန်မာကို လိုအပ်တဲ့အကူအညီတွေပေးနိုင်အောင် မြေပြင်အခြေအနေကို ကြည့်ရှုဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်နိုင်ငံကို စေလွှတ်သွားမယ်လို့ ပြောခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သတင်းထူး, မန်းလေး အနောက်မြောက်ဘက် မတ္တရာအနီး ပြင်းအား ၅ မဂ္ဂနီကျု့ရှိတဲ့ငလျင်လှုပ် - USGS
မန္တလေးမြို့ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာအကွာ မတ္တရာမြို့နယ်ထဲကို ဗဟိုပြုပြီး ပြင်းအား ၅ မဂ္ဂနီကျူ့ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ကမ္ဘာတဝန်း ငလျင်လှုပ်ခတ်မှုတွေကို စောင့်ကြည့်တဲ့ USGS အချက်အလက်အရသိရပါတယ်။
မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နေ့လည် ၁ နာရီ ၃၈ မိနစ်က ငလျင် ထပ်လှုပ်တာဖြစ်ပြီး အတော်ပြင်းတယ်လို့လည်း မတ္တရာနဲ့ကပ်လျက် အမရပူရမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အခုလှုပ်တဲ့ငလျင်ဟာ အမရပူရမှာ မတ်လ ၂၈ ရက် ငလျင်ကြီးပြီးရင် အင်အားအပြင်းဆုံးလို့ ခံစားမိရတဲ့အကြောင်းလည်း သူကပြောပါတယ်။
စစ်ကိုင်းမှာ သေဆုံးရုပ်အလောင်း ၈၀ကျော်ကို ရှာတွေ့ထား - မီးသတ်တပ်ဖွဲ့
စစ်ကိုင်းမြို့တွင်းက မီးသတ်တပ်ဖွဲ့ရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကနေ လူ ၃၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ၈၈ ဦးကိုတော့ ရုပ်အလောင်းသာ ရှာတွေ့ခဲ့တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန် ပါတယ်။
အခုဆို အင်အားပြင်းငလျင်လှုပ်ခဲ့တာ နာရီ ၅၀ ကျော်လာပြီဖြစ်ပါတယ်။
မတ် ၃၀ ရက်မှာ ဆွမ်းဦးပုညရှင်ဘုရားအဆောက်အဦပြိုကျတဲ့ အောက်ကနေ ရုပ်အေလာင်း ၂ လောင်း နဲ့ သကျမိတာ သီလရှင်သီလရှင်စာသင်တိုက်ကနေ သီလရှင် ၃ ပါးရုပ်အလောင်းရှာတွေ့ခဲ့ တယ်လို့ မီးသတ်ဌာနက ကြေညာပါတယ်။
သကျမိတာက သီလရှင်တစ်ပါးကိုတော့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာပါ။
မန္တလေးကနေ စစ်ကိုင်းဖြတ်သန်းသွားလာဖို့ တံတားလည်း အက်နေတာကြောင့် ဖြတ်သန်း သွားလာလို့မရဘဲ ကယ်ဆယ်ရေး အကူအညီအဖွဲ့တွေ၊ ဆေးဝါး၊ ရိက္ခာတွေရဖို့လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတာပါ။
စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ဘီဘီစီက အချိန်နဲ့တပြေးညီ မေးမြန်းတင်ဆက်ဖို့ ကြိုးစား နေပေမဲ့ ဖုန်းနဲ့အင်တာနက်အခက်အခဲကြောင့် ဆက်သွယ်ရေး အဆင်မပြေဖြစ်နေဆဲဖြစ်ပါတယ်။
မနက်ခင်းတစ်ပိုင်းမှာ အဆက်အသွယ် ရခဲ့တဲ့ မြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက်ဟာ ရာနဲ့ချီရှိနိုင်တယ်လို့ ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။
ပျော်ဘွယ်မြို့နယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆ဝ ကျော်ရှိ - မီးသတ်တပ်ဖွဲ့
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အဆောက်အဦပြိုကျပြီး သေဆုံးသူ ၁၆၁ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနဲ့ ပျော်ဘွယ်မီးသတ်ဌာနတို့က သတင်းထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်ကစပြီး ပျော်ဘွယ်မြို့နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်မြို့နယ်ထဲမှာ ဘုရားစေတီ ၂ ဆူ၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ လူနေအဆောက်အဦ ၁၀၇ လုံး၊ ထိခိုက်ဒဏ်ရာရသူ ၁၁၆ ယောက် ၊ လမ်းပိုင်းပျက်စီးမှု ၃ ခုရှိနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ပျော်ဘွယ်မြို့ထဲက ကမ္ဘောဇဘဏ်ရှိတဲ့ ငါးထပ်အဆောက်အဦမှာ သုံးထပ်က မြေအောက်ထဲကျွံဝင်သွားပြီး ဘဏ်ဝန်ထမ်းအပါအဝင် အယောက် ၄၀ ဝန်းကျင်ပါ အဆောက်အဦထဲ ပိတ်မိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပျော်ဘွယ်မြို့မဈေးကြီး ပတ်ဝန်းကျင်နဲ့ မြို့မရပ်ကွက်ထဲက သက်တမ်း နှစ် ၇၀ ဝန်းကျင်ရှိ တိုက်အလုံးရေ ၄၀ ဝန်းကျင် ပြိုကျခဲ့သလို မြို့မ ဗလီ၊ မြင်းဘက် ဗလီတွေ ပြိုကျတာကြောင့် လူရာချီ သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ဆေးဝါး၊ အစားအစာအခက်အခဲ ဖြစ်နေကြသလို လျှပ်စစ်မီးလည်းလုံးဝမလာတော့တာကြောင့် ရေလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။
မန္တလေး ငလျင် - Sky Villa ကွန်ဒိုပြိုကျမှုမှာ ပိတ်မိသူ ၂၉ ဦးကို ကယ်ထုတ်ထားနိုင်
မန္တလေးက Sky Villa ကွန်ဒိုပြိုကျမှု ပိတ်မိနေတဲ့ ၂၉ ဦးကို အသက်ရှင်လျက်ကယ်ထုတ်ထားနိုင်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။
မတ် ၂၉ ရက်နေ့လယ်ပိုင်းအထိ အဲဒီ ကွန်ဒိုကနေ အလောင်း ၈ လောင်း ထုတ်ထားပြီးပြီလို့ သိရပါတယ်။
လက်ရှိမှာ အပျက်အစီးပုံတွေကြားကနေ ဟောင်ကောင်က ကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေ ကယ်ထုတ်နေတုန်းလို့ ဒုညွှန်မှူးက ပြောထားပါတယ်။Sky Villa ကွန်ဒိုဟာ ၁၁ ထပ်ရှိပြီး တိုက် ၄ တိုက်တွဲ ဆောက်ထားတဲ့ မန္တလေးက နာမည်ကြီးတစ်ခုဖြစ်ပါတယ်။
ငလျင်လှုပ်တဲ့ မတ် ၂၈ ရက်မှာတော့ ၄ တိုက်တွဲမှာ ၃ တိုက်က လုံးဝ ပြိုကျခဲ့ပြီး နောက်ဆုံးတစ်တိုက်ပဲ ကျန်နေခဲ့တာပါ။
ကျန်နေခဲ့တဲ့တိုက်မှာလည်း ၆ ထပ်သာ မြေကြီးပေါ်မှာကျန်ရှိပြီး အောက်ဆုံး ၅ ထပ်က ပြိုကျပြီး မြေကြီးထဲ ကျွံဝင်သွားခဲ့ပါတယ်။
မတ် ၂၉ ရက်မှာ အဲဒီကျန်နေတဲ့ ၆ ထပ်လည်း ထပ်မံပြိုကျခဲ့တယ်လို့ လှုမှုကွန်ရက်မှာ ဒေသခံတွေက ရုပ်သံတွေနဲ့ မျှဝေထားပါတယ်။
နောက်ဆုံးပြိုကျခဲ့တဲ့ အခြေအနေ အသေးစိတ်ကို ဘီဘီစီက ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
မန္တလေး ငလျင် - ဦးလှသိန်း ဗိမာန်ပြိုကျမှု သံဃာ ၁၃ ပါးပျံလွန်တော်မူပြီး အရေအတွက်ဆက်တိုးနိုင်, ၅၈ ပါး အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်တယ်လို့ဆို
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက ဦးလှသိန်း ဗိမာန်ပြိုကျမှုမှာ ပျံလွန်တော်မူတဲ့ ရဟန်းသံဃာ ၁၃ ပါး ရုပ်ကလာပ်တွေကို အပျက်အစီးတွေ ကြားကနေ ဆွဲထုတ်ထားပြီး ကယ်ဆယ်ရေးမပြီးသေးတာကြောင့် ပျံလွန်တော်မူတဲ့ သံဃာအရေအတွက် ဆက်တိုးနိုင်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။
“ရှင်လျက် ကယ်ထုတ်ပြီးတာ ၅၈ ပါး ရှိတယ်”လို့ ဆိုပြီး ပိတ်မိနေတဲ့ သံဃာအရေအတွက် အပါး ၂၀၀ ကျော်ရှိနိုင်တယ်လို့ ရှေ့တန်းကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်ကို သူက ပြောပြပါတယ်။
ဒီအချက်အလက်တွေဟာ မတ် ၃၀ ရက်မနက်ပိုင်းအထိ ရှေ့တန်းကယ်ဆယ်ရေးအဖွဲ့ဝင်တွေဆီက ပေးပို့လာတာလို့ သူက ဆက်ပြောပါတယ်။
ဦးလှသိန်း ဗိမာန်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင် လူပေါင်း ၁၀၀ ဝန်းကျင်တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
“တရုတ်(ဟောင်ကောင်)နဲ့ အိန္ဒိယက လွှတ်လိုက်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေအပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ မန္တလေးကယ်ဆယ်ရေးအဖွဲ့တွေလည်းပါတယ်” လို့ ဒုညွှန်မှူးက ပြောပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု
ငလျင်ဒဏ်သင့်မြန်မာကို အကူအညီပေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ ငလျင်ဒဏ်ခံနေရတဲ့ မြန်မာက မိသားစုဝင်တွေဆီကို ဖုန်းခေါ်ဆိုခ အခမဲ့နဲ့ ထိုင်းအစိုးရက ခေါ်ဆိုခွင့် ပေးလိုက်ပါတယ်။
ထိုင်းဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ မတ် ၃၁ ရက်အထိ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံပိုင် တယ်လီကွန်း ကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျောက် ဖြေကြားသံ(IVR)ကြားရင် 009 95 နောက်ကနေ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ထည့်ပြီး ခေါ်ဆိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ညွှန်ကြားထား ပါတယ်။
ဘီဘီစီက စမ်းသပ်ခေါ်ဆိုချက်အရတော့ ဒီလမ်းညွှန်ချက်အတိုင်းခေါ်ဆိုလို့မရပေမဲ့ +959 နောက်က ခေါ်ဆိုလိုတဲ့ နံပါတ် ဖြည့်သွင်းခေါ်ဆိုရင် ဖုန်းခေါ်ဆိုခ ဖြတ်တောက်ခြင်းမရှိဘဲ ဖုန်းပြောနိုင်တာတွေ့ ရပါတယ်။
မြန်မာမှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် အင်တာနက်နဲ့ ဖုန်းလိုင်းပြတ်တောက်တာတွေ ငလျင်ဒဏ်သင့် ဒေသတွေမှာ ခံစားနေကြရပါတယ်။
သုတေသနအဖွဲ့တွေရဲ့အပြောအရ ထိုင်းမှာနေထိုင်တဲ့မြန်မာ ၄ သန်းကျော်အထိရှိနေတာကြောင့် အခုအစီအစဥ်ကို အကျိုးရှိတဲ့ အစီအစဥ်တစ်ခုအနေနဲ့ ထိုင်းရောက်မြန်မာတွေနဲ့ မြန်မာလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာတော့ အသိအမှတ်ပြု ပြောဆိုရေးသားနေကြပါတယ်။
နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၄ ဦးရှိ
မတ် ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေမှာ အဆောက်အဦပြိုကျလို့ သေဆုံးသူ ၁၄ ဦးရှိလာပါတယ်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်တဲ့ မတ် ၂၈ ရက်ကနေ ၃၀ ရက် နေ့လယ်ပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မှု သတင်းထုတ်ပြန်ချက်တွေထဲကနေ နေပြည်တော်ကောင်စီနယ်မြေအတွင်း သေဆုံးသူ အရေအတွက်ကို ဘီဘီစီက စုပေါင်းထားတာ ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ကဖြစ်ပြီး ဗလသိဒ္ဓိရပ်ကွက်က ၇ ယောက်၊ ပညာသိဒ္ဓိရပ်ကွက် ၊ ခရေအိမ်ယာက ၇ ယောက် တို့ သေဆုံးတာကို မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စင်ကာပူနိုင်ငံက (SCDF) တပ်ဖွဲ့ဝင်တွေနဲ့အတူ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ သပြေကုန်းရပ်ကွက်ထဲက အဆောက်အဦအောက် ပိတ်မိနေသူ အမျိုးသားတစ်ဦးကိုတော့ ငလျင်လှုပ်ပြီး ၄၄ နာရီအကြာမှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ရိုး ၄၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးနန်းမြို့ရိုး ထိခိုက်ပျက်စီးမှု ၄၀ ရာခိုင်နှုန်း အထိရှိတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။
နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ မြန်မာ့ငလျင်အလွန် ကူညီကယ်ဆယ်ရေးအထူးအစည်းအဝေးပွဲမှာ ကူညီကယ်ဆယ်ရေးကိစ္စတွေကို ပြောရင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောလာတာဖြစ်ပါတယ်။
နန်းမြို့ရိုးပြုပြင် ပြင်ဆင်ရေးကို မိုးမကျခင် ပြုလုပ်ဖို့နဲ့ မန္တလေးမြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ ထိခိုက်လို့ အဆောက်အဦအနည်းငယ်မှာ သံဃာတွေအတွက် စုဝေးနေကြရတဲ့အတွက် အဲဒီအရေး စီမံပေးဖို့ကိုလည်း သူက မှာသွားပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းအခြေအနေ ဘယ်လိုရှိနေလဲ
ရန်ကုန်-မန္တလေးအမြန်လမ်းအသုံးပြု ခရီးသွားလာသူတွေ လမ်းပျက်စီးနေတာ၊တံတားကျိုးတာတွေ ဆက်ရှိနေသေးတာကြောင့် မော်တော်ယာဥ်တွေ ဂရုစိုက်မောင်းနှင်သွားလာဖို့ လိုအပ်တယ်လို့ လမ်းပိုင်းအခြေအနေသိသူက သတင်းပေးပို့လာပါတယ်။
၇၆ မိုင်အထိ လမ်းကောင်းသေးတာကြောင့် ကားတွေကောင်းကောင်း သွားလာလို့ ရသေးတယ်လို့ ဆိုပါတယ်။
“၁၁၅ မိုင်ကျော်လာတာနဲ့ လမ်းတလျှောက်မှာ တံတား ဂျိုင့်ဆက်တွေ ပြုတ်ထွက်နေတာတွေ့ရပါတယ်။ ကားတွေ အရှိန်လျှော့ မောင်းရသလို တချို့နေရာတွေမှာတော့ ဘေးကနေ ကွေ့မောင်းသွားရပါတယ်။ ငလျင်ဗဟိုချက်နဲ့နီးတဲ့ နေပြည်တော်နဲ့နီးလာလေလေ လမ်းတွေက ဆိုးလာလေလေပါပဲ''
၁၁၅ မိုင်မှာ စစ်လေ့ရှိတဲ့လုံခြုံရေးရဲကင်းတောင် ပြိုကျနေပြီး လမ်းတလျှောက် လုံခြုံရေး စစ်ဆေးရေးဂိတ်တွေတစ်ခုမှ စစ်ဆေးတာမျိုး မလုပ်နိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။
လမ်းပိုင်းနေရာ တချို့မှာ ကတ္တရာခင်းပြီး လမ်းပြန်လည် ပြုပြင်နေတာရှိပါတယ်။
တချို့နေရာမှာ အရှိန်လျှော့မောင်းဖို့ အမြန်လမ်းရဲက သတိပေးနေတာမျိုးရှိတယ်လို့ သူက ပြောပါတယ်။
အမြန်လမ်းပေါ်က တံတားတွေလည်း ကားဖြတ်ကူးဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။
“တံတားတွေ ဖြတ်လို့ မရတော့လို့ လမ်းဟောင်းကို ပြောင်းလိုက် အမြန်လမ်းပေါ် ပြန်တက်လိုက် လုပ်ရပါတယ်။တောင်ငူနားရောက်တဲ့ အခါမှာတော့ ၁၆၄ မိုင်မှာ ဆွာတံတား ကျိုးနေလို့ လမ်းဟောင်းကို ပြန်ဆင်းရပါတယ်”လို့ သူက ပြောပါတယ်။
အဲဒီတံတားကျိုးတဲ့နေရာကစပြီး နေပြည်တော်ကို လမ်းဟောင်းကနေသာ သွားလာရမယ့်အခြေအနေရှိတယ်လို့ သိရပါတယ်။
မန္တလေးတက္ကသိုလ်မှာ ငလျင်ကြောင့် မီးလောင်ပြီး စာစစ်အဖြေလွှာသိန်းချီ မီးလောင်
မန္တလေးတက္ကသိုလ်မှာ စာမေးပွဲအဖြေလွှာတွေကို စာစစ်နေချိန် ရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအရမ်းပြင်းတဲ့ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ မီးလောင်မှုကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ရောက်နေတဲ့ ၂၀၂၄ - ၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်က ဖြေဆိုသူ စုစုပေါင်း ၆၂,၀၀၀ ကျော်ရဲ့ အဖြေလွှာပေါင်း ၆၇၆,၀၀၀ ကျော်တို့က မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာစစ်လုပ်ငန်း ဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမ ၂၇၀ နီးပါးကလည်း ပြင်းထန်တဲ့ငလျင်ကြောင့် စာစစ်လုပ်ငန်း ဆောင်ရွက်နေတာကနေ ပင်မဆောင်အောက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်နောက်ဆက်တွဲ ဖြစ်ပွားတဲ့မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင်တစ်ခုလုံး မီးလောင်ခဲ့ရသလို စာဖြေလွှာတွေအားလုံးလည်း မီးလောင်ခဲ့တာဖြစ်ပါတယ်။
“အရင်ကတော့ ပြန်စစ်တယ်။ အရန် မေးခွန်းထားတယ်။ သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ်၊ မေးခွန်းပေါက်တာပဲဖြစ်ဖြစ်ရှိလာရင် ရှိတဲ့ စာစစ်ဌာနမှာ အရန်မေးခွန်းနဲ့ ပြန်ဖြေ ခိုင်းတယ်”လို့ CDM ကျောင်းဆရာတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီအဖြေလွှာမေးခွန်းတွေ မီးလောင်သွားပြီးတဲ့နောက်ပိုင်း စာဖြေသူကျောင်းသားတွေအတွက် ဘယ်လိုဆက်လုပ်ပေးမယ်ဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ကိုင်းမြို့ပေါ်မှာ သေဆုံးတဲ့အလောင်းတွေ ထုတ်လို့မပြီးသေး, လူ ၂၀၀ ကျော် သေဆုံးထားတယ်လို့ဆို
မတ်လ ၂၈ ရက်တုန်းက လှုပ်ခဲ့တဲ့ငလျင်ကြောင့် စစ်ကိုင်းမြို့အနှံ့ အပျက်အစီးပုံအောက်က အလောင်းတွေကို ဆွဲထုတ်လို့မရသေးဘူးလို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
“တချို့အလောင်းတွေဆိုရင် အနံ့တွေတောင် စထွက်နေပြီ” လို့ မြို့တွင်းကူညီကယ်ဆယ်ရေးလုပ်နေသူက ဆိုပါတယ်။
တချို့သေဆုံးနေတဲ့ အလောင်းတွေမှာလည်း ဆွဲထုတ်လို့မရတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ကျန်နေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ ဆေးရုံမှာလည်း အလောင်းတွေပုံနေတာကြောင့် နောက်ထပ်ရောက်လာတဲ့ အလောင်းတွေကို ဆေးရုံမပို့တော့ဘဲ ရပ်ကွက်ကပဲ မီးသင်္ဂြိုဟ်ဖို့ ဆောင်ရွက်ပေးနေရတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းမြို့မှာ သေဆုံးလူနာစာရင်း အတိအကျရဖို့ ခက်ခဲနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
“ဆေးရုံကိုလည်း အလောင်းတွေလာတယ်။ သုသာန်ကို နာရီနဲ့ အလိုက် အလောင်းတွေ ဆက်တိုက်လာနေတယ်။ တောက်လျှောက် မီးသင်္ဂြိုဟ်နေရတယ်၊ ရပ်ကွက်တွေက သူတို့အစီအစဉ်နဲ့သူတို့ လုပ်နေကြတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းမှာ ငလျင်ဒဏ်ကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးထားတယ်လို့ စာရင်းကောက်လို့ရတဲ့ အလောင်းတွေကို အခြေခံပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
“ပိတ်မိနေတဲ့ အလောင်းတွေရှိသေးတာကြောင့် သေဆုံးတဲ့သူက ၅၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်” သူက ပြောပါတယ်။
စစ်ကိုင်းမြို့မှာ ငလျင်လှုပ်ပြီးကတည်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို လူမှုကူညီရေးအသင်းတချို့အပြင် ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငလျင် ဗဟိုချက်နဲ့ နီးတာကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမှာ အာဏာပိုင်တွေက ကယ်ဆယ်ရေးလာလုပ်ပေးတာ မရှိတာကြောင့် ဒေသခံတွေ အင်အားနဲ့ ကယ်ဆယ်ရေးလုပ်ရတာ မနိုင်မနင်းဖြစ်နေတယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်။
စစ်ကိုင်းမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မင်းကွန်းမြို့က အရှေ့တောင်အာရှရဲ့ သမိုင်းဝင် မြသိန်းတန်စေတီအပါအဝင် ဘာသာရေးအဆောက်အဦတွေ၊ လူနေအိမ်နဲ့ စာသင်ကျောင်းတွေ ပြိုကျပျက်စီးခဲ့ပါတယ်။
ယူကေက မြန်မာငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက် စတာလင်ပေါင် ၁၀ သန်းကူမယ်
မြန်မာက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ စတာလင်ပေါင် ၁၀ သန်းကူညီသွားမယ်လို့ ယူကေအစိုးရကဆိုပါတယ်။
မတ် ၂၉ ရက်ထုတ်ပြန်ချက်အရ ဒီအကူအညီတွေကို လိုအပ်နေသူတွေဆီ ဒေသမိတ်ဖက်အဖွဲ့အစည်းတွေက တဆင့် ပေးပို့သွားမယ်လို့ ပြောထားပါတယ်။
ငလျင်ဒဏ်အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ ဒေသတွေဆီကို အကူအညီတွေ တိုးမြင့်ပေးသွားမှာဖြစ်ပြီး ရိက္ခာ၊ရေ၊ ဆေးဝါးနဲ့ ယာယီခိုလှုံရာနေရာတွေ ကူဖို့အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် နိုင်ငံတကာအကူအညီတွေအနေနဲ့ သြစတြေးလျနိုင်ငံကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) ကတဆင့် အမေရိကန်ဒေါ်လာ ၂ သန်း ကူညီမယ်လို့ ဒီမနက် ထုတ်ပြန်လာပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ထိုင်းစစ်တပ် တပ်ဖွဲ့ဝင် ၄၉ ဦးကို ဒီမနက်ပဲ ရန်ကုန်၊နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေကို စေလွှတ်ပေးလိုက်ပြီ ဖြစ်ပါ တယ်။
မနေ့ကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှားနဲ့ ဂျာမနီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ အကူ အညီတွေ မြန်မာကိုစေလွှတ်ပေးခဲ့ကြပါတယ်။
တရုတ်၊အိန္ဒိယကယ်ဆယ်ရေးသမားတွေကတော့ မန္တလေးမှာ ဝင်ရောက်ကူညီနေပြီး စင်္ကာပူအဖွဲ့ကတော့ နေပြည်တော်မှာ ကူညီနေတယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ဒီမနက် ထုတ်ပြန်ပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောင့် မန္တလေးမြို့အနီးကို ဗဟိုပြုတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၃ ရက်မြောက်နေ့ရောက်လာပြီဖြစ်ကာ ပြိုကျအဆောက်အဦတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေရဆဲ ဖြစ်ပါတယ်။
NUG ထိုးစစ် နှစ်ပတ်ကြာ ရပ်နားမှာဖြစ်လို့ ကယ်ဆယ်ရေးတွေ ပိုအရှိန်ယူလုပ်နိုင်မယ်လို့ အကဲခတ်တွေ မှတ်ချက်ပေး
ငလျင်ဒဏ်သင့်တဲ့ ဒေသတွေနဲ့ ဆက်စပ်တဲ့ ခရိုင်တွေမှာ ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်တွေအားလုံးကို NUG က သီတင်း ၂ ပတ်အကြာ ရပ်ဆိုင်းထားတာဟာ ငလျင်ဒဏ်သင့်သူတွေကို ကယ်ဆယ်ဖို့ အရှိန်ယူလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။
ငလျင်ဒဏ်သင့်နေရာတွေမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ထိုးစစ်ရပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တို့ကို ညွှန်ကြားထားတယ်လို့လည်း အသိပေးထားပါတယ်။
“ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့အချိန်မှာ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားနေရသူတွေအတွက် ဒီထုတ်ပြန်ချက်အတိုင်း လုပ်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါက ကယ်ဆယ်ရေးအတွက် ကောင်းတဲ့ အလားအလာတွေပါ”လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီကလည်း ငလျင်ဘေးဒဏ်ခံစားရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးပေါ် အခြေအနေအဖြစ် မတ် ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဝန်းကျင်မှာ ပြင်းထန်တဲ့ငလျင် လှုပ်ခတ်နေတဲ့အချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဗုံးခိုကျင်းထဲမှာရှိနေတဲ့ ဓနုတပ်ဖွဲ့ (DPLA) ရဲမေ ၅ ယောက် နေရာတင် သေဆုံးခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ဦးရေဟာ ၁,၆၀၀ ကျော်အထိ မြင့်တက်လာပြီး ဒဏ်ရာရသူလည်း ၃,၄၀၀ ကျော် ရှိနေတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မင်္ဂလာပါ။ မြန်မာမှာ မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင် ၃ ရက်မြောက်နေ့ နောက်ဆုံးရ သတင်းတွေကို ဒီစာ မျက်နှာ မှာ တိုက်ရိုက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။