ဖေဖော်ဝါရီ ၁၅ ရက် - မြန်မာစစ်တပ် နယ်ခြားစောင့်ရဲ ရာချီကို ဘင်္ဂလားဒေ့ရှ် ပြန်လည်လွှဲပြောင်း

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတဲ့ စစ်တပ် နယ်ခြားစောင့်တပ်ရဲ ရာချီကို ဘင်္ဂလားဒေ့ရှ်က မြန်မာစစ်တပ်ကို ပြန်လည်လွှဲပြောင်းပြီဖြစ်ပါတယ်။

အနှစ်ချုပ်

  • မကွေးတိုင်း၊ ဂန့်ဂေါမြို့ မြောက်ဘက်ရွာတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသခံတွေအခေါ် စစ်တပ်ထောက်ခံတဲ့ လက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့ဝင်တွေကြောင့် ဖေဖော်ဝါရီလ ၁၄ ရက်တည်းမှာ အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်
  • စစ်ကောင်စီတပ်နဲ့ တစ်လကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ရှားတောကို သိမ်းပိုက်လိုက်ပြီလို့ ကရင်နီပူးပေါင်းတပ်တွေကပြောပါတယ်
  • မောင်တောတောင်ပိုင်း အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းအပါအဝင် ဗောဓိကုန်း၊ မောရဝတီနဲ့ ကိုင်းကြီးစတဲ့နယ်ခြားစောင့်ရဲစခန်းတွေကို အေအေဘက်က တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေပါတယ်
  • နယ်စပ်မှာ အေအေနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်ရဲအများစုအပါအဝင် လူပေါင်း ၃၃၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်
  • ရခိုင်တိုက်ပွဲတွေမှာ ဖမ်းမိ၊သေဆုံးတဲ့တပ်မမှူးနဲ့ ဗျူဟာမှူး ၄ ဦးအထိရှိတယ်လို့ အေအေပြော
  • စစ်ခေါင်းဆောင်က ပြည်ပရောက် မြန်မာသံအမတ်တွေကိုခေါ်တွေ့၊ စစ်မှုထမ်းဥပဒေတွေကို သိအောင်လုပ်ထားဖို့ ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီကနေ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

  2. ဂန့်ဂေါမှာ တစ်ရက်တည်း အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရ

    စစ်ကောင်စီစစ်ကြောင်းကြောင့် နေအိမ်အချို့လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေ ပြော

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    မကွေးတိုင်း၊ ဂန့်ဂေါမြို့ မြောက်ဘက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်နဲ့ ရဲပူးပေါင်းထားတဲ့အဖွဲ့တွေအပြင် အရပ်အခေါ် ပျူစောထီးတချို့ပါဝင်တဲ့ အင်အားရာနဲ့ချီဟာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ၁၀ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံအချို့က ဘီဘီစီကို အတည်ပြုပြောပြလာပါတယ်။

    စစ်တပ်ဘက်က မြောက်ခင်ရန်း၊ ရေသာ၊ သင်တော၊ ရွှေဘိုရွာတွေနဲ့ မြစ်သာမြစ်ကမ်းစပ်တစ်လျှောက်ကို မနေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံက ဆိုပါတယ်။

    “မနက် ၆ နာရီကျော်မှာ သေနတ်သံတွေကြားရတာ၊ ကျွန်တော်တို့လည်း ကမန်းကတန်းအထုတ်ဆွဲပြီး ပြေးခဲ့ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    သေဆုံးသွားတဲ့ အရပ်သား၁၀ ဦးစလုံးဟာ အမျိုးသားတွေဖြစ်ကြသလို သင်တောရွာက ၇ ဦးပါဝင်ပြီး ရွှေဘိုရွာက ၃ ဦးပါဝင်တယ်လို့ သူကဆိုပါတယ်။

    “၇ ယောက်ကတော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ ဆုံးနေတာ၊ ကျန်တဲ့ ၃ ယောက်ကတော့ ပြေးရင်းလွှားရင်းနဲ့ သေနတ်မှန်ပြီးသေတာ”လို့ သူကဆက်ပြောပါတယ်။

    “သင်တောရွာက သေတဲ့သူအကုန်လုံးကတော့ ကျောင်းနေအရွယ်လေးတွေ” လို့လည်း ဒေသခံရဲ့အပြောအရ သိရပါတယ်။

    စစ်ကြောင်းထိုးနေချိန်မှာပဲ စစ်တပ်ဘက်က ရွာခံ ၈ ယောက်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံဘက်က ပြောပေမယ့် YPDF ဘက်ကတော့ ၃ ဦးထက်မနည်း အဖမ်းခံရတယ်လို့ ဆိုပါတယ်။

    နေ့လယ်ပိုင်းမှာပဲ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ ယော(ဂန့်ဂေါ)ဒေသကာကွယ်‌ရေးတပ်ဖွဲ့ - YPDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲ မိနစ်ပိုင်းခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ဆုတ်ခွာသွားတယ်လို့ YPDF ဘက်က ဘီဘီစီကိုအတည်ပြုသလို ဒေသခံအချို့ကလည်းပြောပါတယ်။

    တိုက်ပွဲပြီးတဲ့အချိန် YPDF နဲ့ ပူးပေါင်းအဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အချိန်မှာပဲ မြစ်သာမြစ်ဆိပ်နားမှာ အမျိုးသမီးအလောင်း ၁ လောင်းထက်မနည်း ထပ်တွေ့တယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပေမယ့် အရပ်သားသေဆုံးခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

    စစ်ကောင်စီဘက်ကတော့ ဂန့်ဂေါမြို့ဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

    ဗီဒီယို ပုံစာ, မြောက်ခင်ရန်းရွာ လူငယ်နှစ်ယောက်ကို မီးရှို့သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ပါတယ်
  3. ရှားတောမြို့ကို အလုံးစုံသိမ်းလိုက်ပြီလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေ ကြေညာ

    ကရင်နီ ပူးပေါင်း တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့ကို အလုံးစုံသိမ်းလိုက်ပြီလို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ် (KNDF) က သတင်းထုတ်ပြန်လာပါတယ်။

    ရှားတောမြို့က စစ်ကောင်စီ ခြေမြန်တပ်ရင်းအပါအဝင် စခန်းတွေကို ကရင်နီတပ်(KA)၊ KNDF နဲ့ လွိုင်ကော် PDF စတဲ့ ကရင်နီပူးပေါင်းတပ်တွေက တစ်လကျော်ကြာ တိုက်ခိုက်ခဲ့အပြီးမှာ စခန်းတွေကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ကောင်စီတပ်စခန်း

    ဓာတ်ပုံ ရင်းမြစ်, KNDF

    တစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူအကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အမြင့်ဆုံး ဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် အယောက် ၁၆၀ ကျော် သေဆုံးတယ်လို့လည်း ကရင်နီ ပူးပေါင်းတပ်တွေက ထုတ်ပြန်ပါတယ်။

    ပူးပေါင်းတပ်တွေဘက်ကတော့ KNDF က တပ်ဖွဲ့ဝင် ၄ ဦးနဲ့ နောက်ပူးပေါင်းတပ်တွေဘက်က လည်း အကျအဆုံးရှိတယ်လို့ ဆိုပါတယ်။

    တဖက်မှာလည်း ရှားတောက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရတဲ့ ဒေသခံ နှစ်ထောင်နီးပါး အထိ ရှိနေတယ်လို့ ကရင်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

  4. ရခိုင်ပြည်နယ်၊ မောင်တောမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲပြင်းထန်

    ရခိုင်ပြည်နယ်၊ မောင်တောမှာ စစ်တပ်နဲ့ အေအေ တိုက်ပွဲပြင်းထန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ပုံဟောင်း)

    ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်းမှာ စစ်ကောင်စီတပ် နဲ့ ရက္ခိုင့်တပ်‌တော် (အေအေ) ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူပေးနေတယ် လို့ ဒေသခံအချို့က ဘီဘီစီ ကို ပြောပါတယ်။

    မောင်တောတောင်ပိုင်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ရင်းအပါအဝင် ဗောဓိကုန်း၊ မောရဝတီနဲ့ ကိုင်းကြီး စတဲ့ စစ်ကောင်စီ နယ်ခြားစောင့်ရဲစခန်းတွေကို အေအေဘက်က ဒီနေ့မနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။

    ဗီဒီယို ပုံစာ, မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်စခန်းကို ရက္ခိုင်တ့ပ်တော် အေအေ ကဝင်တိုက်ခိုက်တဲ့နောက် နယ်

    တိုက်ပွဲအတွင်း စစ်တပ်ဘက်က မောင်တောမြို့တဝိုက်ကို လေကြောင်းအသုံးပြုပြီး ပစ်ကူပေးနေသလို ဘူးသီးတောင်မြို့ နဲ့ မေယုမြစ်တစ်ဘက်ကမ်းက ရသေ့တောင်မြို့စစ်ကောင်စီတပ်ရင်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    “မောင်တောကို လေယာဉ်နဲ့ လာပစ်တာ သုံးကြိမ်ရှိပြီ”လို့ မောင်တောဒေသခံတစ်ဦးကဆိုပါတယ်။

    မောင်တောတစ်မြို့လုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲအတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိမရှိကိုတော့ မသိနိုင်ဘူးလို့ သူကပြောပါတယ်။

    မောင်တောမြို့(တောင်ပိုင်း)ကိုတော့ လက်ရှိအချိန်ထိ စစ်တပ်က ထိန်းချုပ်ထားနိုင်သလို မောင်တောမြောက်ပိုင်းမှာလည်း စစ်ကောင်စီနယ်ခြားစောင့်တပ်ဌာနချုပ်အပါအဝင် စစ်တပ်စခန်းတချို့ တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

  5. နယ်ခြားစောင့်ရဲ (BGP) ဆိုတာဘာလဲ၊ မြန်မာမှာ ဘယ်တုန်းက စတင်ဖွဲ့စည်းတာလဲ

    မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးစောင့်နေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးစောင့်နေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၈ ခုနှစ်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ရခိုင်ပြည်နယ်ထဲက မောင်တောမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်ရဲ(Border Guard Police)စခန်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ တိုက်ခိုက်ခဲ့ပါတယ်။

    အဲဒီတိုက်ပွဲတွေအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ရာချီဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပြီး ဒီနေ့မှာတော့ အဲဒီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာကို ပြန်လည်လွှဲပြောင်းပြီဖြစ်ပါတယ်။

    နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆိုတာ ဘယ်သူတွေကို ရည်ညွှန်းတာပါလဲ၊ ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ကြပါသလဲ ... စတာတွေကို ဘီဘီစီ သတင်းဖော်ပြချက်မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  6. ထိုင်းသွားချင်တဲ့ မြန်မာတွေများလို့ ထိုင်းသံရုံးက ဗီဇာ လုပ်ငန်းစဉ်ကန့်သတ်

    နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှာလည်း လျှောက်ထားသူများပြားနေ
    ဓာတ်ပုံ ပုံစာ, နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှာလည်း လျှောက်ထားသူများပြားနေ

    ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်(VISA)လျှောက်သူတွေများလာတဲ့အတွက် တစ်နေ့လူ ၄၀၀ ပဲလက်ခံတော့မယ်လို့ ရန်ကုန်မြို့၊ ထိုင်းသံရုံးက ‌ကြေညာလိုက်ပါတယ်။

    ဗီဇာလျှောက်ဖို့ တိုကင်နံပါတ်တွေကို မနက်(၈)ခွဲမှာ ထုတ်ပေးမှဖြစ်ပြီး လျှောက်မယ့်လူကိုယ်တိုင် တန်းစီ ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

    နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှာလည်း လျှောက်ထားသူများပြားနေ
    ဓာတ်ပုံ ပုံစာ, နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှာလည်း လျှောက်ထားသူများပြားနေ

    ကိုယ်တိုင်လျှောက်ထားတာ ဟုတ်မဟုတ် နိုင်ငံကူးလက်မှတ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးမှာဖြစ်ပြီး မနက်(၉)နာရီမှာ လျှောက်လွှာတွေစတင်လက်ခံမှာဖြစ်ပါတယ်။

    တိုကင်ကို လွှဲပြောင်းခွင့်မပြုဘဲ အလွဲသုံးစားလုပ်ရင် ဗီဇာလျှောက်ထားခွင့်အပိတ်ခံရမှာဖြစ်ပြီး အမည်ပျက်စာရင်းသွင်းမယ် လို့ ထိုင်းသံရုံးက ‌ကြေညာပါတယ်။

    အာဏာသိမ်းပြီးကတည်းက နိုင်ငံကထွက်ခွာသူတွေများလာခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ စစ်မှုမထမ်းမနေရဥပဒေ ထွက်လာပြီးနောက်မှာတော့ တရားဝင်လမ်းကြောင်းကရော တရားမဝင်လမ်းကြောင်းတွေကပါ ထွက်ကြဖို့ စဉ်းစားလာကြတာဖြစ်ပါတယ်။

  7. စစ်ကောင်စီနယ်ခြားစောင့်ရဲ ရာချီကို ဘင်္ဂလားဒေ့ရှ် ပြန်လည်လွှဲပြောင်း

    စစ်ကောင်စီနယ်ခြားစောင့်ရဲ ရာချီကို ဘင်္ဂလားဒေ့ရှ် ပြန်လည်လွှဲပြောင်း

    မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်၊ ရခိုင်ပြည်နယ်ထဲက နယ်ခြားစောင့်ရဲစခန်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အများစုအပါအဝင် လူပေါင်း ၃၃၀ ကို ဒီနေ့ မနက်ပိုင်းကစလို့ မြန်မာဘက်ခြမ်းကို ပြန်လည်လွှဲပြောင်းနေပြီဖြစ်ပါတယ်။

    ဒီလွှဲပြောင်းတဲ့လုပ်ငန်းစဥ်ကို ကောက်ဇက် ဘဇားခရိုင်မှာ မနက် ၇ နာရီကျော်ကတည်းက စတင်တာဖြစ်ပါတယ်။

    လွှဲပြောင်းခံရမယ့်သူတွေထဲမှာ နယ်ခြားစောင့်တပ်ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေလည်းပါဝင်ပါတယ်။
    ဓာတ်ပုံ ပုံစာ, လွှဲပြောင်းခံရမယ့်သူတွေထဲမှာ နယ်ခြားစောင့်တပ်ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေလည်းပါဝင်ပါတယ်။

    လွှဲပြောင်းတဲ့လုပ်ငန်းစဥ်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးနဲ့ မြန်မာစစ်ကောင်စီရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာသံအမတ်တို့လည်း ကြီးကြပ်နေတယ်လို့ အဲဒီမှာ သတင်းယူနေတဲ့ ဘီဘီစီ ဘင်္ဂါလီဘာသာစကားဌာန သတင်းထောက်က ပြောပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အေအေတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စာသင်ကျောင်း ၂ ကျောင်းမှာ နေရာချထားတာဖြစ်ပါတယ်။

    ဒီလူ ၃၃၀ ကျော်ကို မြန်မာရေတပ် ရေယာဥ်နဲ့ ပြန်လည်ခေါ်ယူမှာဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ပြန်လည်လွှဲပြောင်းတဲ့အထဲမှာ နယ်ခြားစောင့်တပ်အရာရှိတွေထဲ ရဲမှူးကြီး တစ်ဦး၊ ရဲမှူးတွေနဲ့ အကြပ် တပ်သားတွေ ပါဝင်ပါတယ်။

  8. ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲ ရာချီကို ဒီနေ့ ပြန်လွှဲမယ်

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို ဇန်နဝါရီလ ၇ ရက်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၂ ဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို ဇန်နဝါရီလ ၇ ရက်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၂ ဦး

    မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၃၀ ကို ဒီနေ့ မနက်ပိုင်းမှာပဲ မြန်မာဘက်ခြမ်းကို ပြန်လွှဲမယ်လို့ သိရပါတယ်။

    ပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဥ်တွေအားလုံးပြီးစီးပြီဖြစ်လို့ ဒီနေ့မှာ ပြန်လွှဲမှာလို့ သိရတဲ့အကြောင်း ဘီဘီစီ ဘင်္ဂလား ဘာသာစကားဌာနက သတင်းဖော်ြပပါတယ်။

    ထွက်ပြေးသွားဦးတဲ့ နယ်ခြားစောင့်တပ်ရဲတပ်ဖွဲ့ဝင်တွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ အဲဒီတပ်ဖွဲ့ဝင်တွေရဲ့ လက်ဗွေတွေအပါအဝင် အချက်အလက် တွေကို ဘင်္ဂလားဒေ့ရှ်ဒေသန္တရ အုပ်ချုပ်ရေးဘက်က ရယူထားပြီးဖြစ်ပါတယ်။

    ဒီလွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး ထပ်မံသိရှိရတဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

  9. ရခိုင်တိုက်ပွဲတွေမှာ ဖမ်းမိ၊သေဆုံးတဲ့တပ်မမှူးနဲ့ ဗျူဟာမှူး ၄ ဦးအထိရှိတယ်လို့ အေအေပြော

    အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ကို သိမ်းပိုက်ပြီးတဲ့နောက် ‌မြင်တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ကို သိမ်းပိုက်ပြီးတဲ့နောက် ‌မြင်တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ

    ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၃ လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဖမ်းမိတာနဲ့ သေဆုံးတဲ့ စစ်ကောင်စီတပ် တပ်မမှူးနဲ့ဗျူဟာမှူး ၄ ဦးအထိရှိတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြောလာပါတယ်။

    နှုံးဘူး ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားပိုင်စိုးနဲ့ မြောက်ဦးက အမှတ် ၃၇၇ ခြေမြန်တပ်၊ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းတို့ကို အသေဖမ်းဆီးရမိခဲ့တယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ပါတယ်။

    အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)က တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ နောက် အဲဒီဌာနချုပ်လက်အောက်ခံ နည်းဗျူဟာ ၃ က ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းတို့ကိုတော့ အရှင်ဖမ်းမိတာလို့ဆိုပါတယ်။

    ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းကို ဒဏ်ရာတွေနဲ့ဖမ်းမိခဲ့ပေမဲ့ ဆေးကုသမှုပေးခဲ့လို့ ပြန်လည်နေကောင်း ကျန်းမာပြီလို့ ဆိုပါတယ်။

    အစောပိုင်းမှာ အေအေတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)ရဲ့ တပ်မမှူးလည်းဖြစ်၊ ပလက်ဝနယ်မြေစစ်ဆင်ရေးမှူးလည်းဖြစ်တဲ့ ‌ဗိုလ်မှူးချုပ် ဇင်မျိုးဆွေအခြေအနေကတော့ သေဆုံးလား၊ ပျောက်ဆုံးလား မသိရတဲ့အခြေအနေလို့ အေအေက ထုတ်ပြန်ပြောဆိုပါတယ်။

    ဒါ့ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးတပ်မှူးနဲ့ ဗျူဟာမှူး ၄ ဦး၊ ပျောက်ဆုံးလား သေဆုံးလား မသိရသေးတဲ့ တပ်မမှူး ၁ ဦး အထိရှိနေပါတယ်။

  10. ဖေဖော်ဝါရီ ၁၅ ရက် မြန်မာနိုင်ငံတွင်းက စစ်ရေး၊နိုင်ငံရေး အခြေအနေနဲ့ ကမ္ဘာ့သတင်းတွေကို ဘီဘီစီရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာကနေတိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

  11. စစ်ခေါင်းဆောင်က ပြည်ပရောက် မြန်မာသံအမတ်တွေကိုခေါ်တွေ့, စစ်မှုထမ်းဥပဒေတွေကို သိအောင်လုပ်ထားဖို့ ပြော

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ပရောက် မြန်မာသံအမတ်တွေကိုခေါ်တွေ့

    ဓာတ်ပုံ ရင်းမြစ်, cincds

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်က ပြည်ပရောက် မြန်မာသံအမတ်တွေကိုခေါ်တွေ့

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံအမတ်ကြီးတွေ နဲ့ သံရုံးယာယီတာဝန်ခံတွေကို မနေ့က နေပြည်တော်မှာ ခေါ်တွေ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေတွေ အကြောင်း ပြောပြပါတယ်။

    သံအမတ်ကြီးတွေ အနေနဲ့ စစ်မှုထမ်းဥပဒေနှစ်ရပ်ရဲ့ အဓိပ္ပာယ်ကို ခြေခြေမြစ်မြစ်သိအောင် လေ့လာပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ရှင်းပြဖို့ စစ်ကောင်စီဥက္ကဋ္ဌ က ပြောပါတယ်။

    ပြည်သူ့စစ်မှုထမ်းဥပဒေ ကို သတ်မှတ်အသက်အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်စေမှာဖြစ်ပြီး နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

    အရန်တပ်ဖွဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်ခေါ်မှာ မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာ ပြန်ခေါ်ယူတာဝန်ပေးသွားမယ် လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

    ဒါ့အပြင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကိုအာဏာပြန်လွှဲပေးမယ့် အကြောင်းလည်း စစ်ခေါင်းဆောင်က ထပ်ပြောပါတယ်။

    သံအမတ်ကြီးတွေကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

    အဲဒီတင်ပြချက်တွေထဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးလည်းပါဝင်ပါတယ်။

    သတ်မှတ်ထားသည့် အချက်တွေနဲ့ ကိုက်ညီရင် ပြန်လည်လက်ခံဖို့ အသင့်ရှိပြီး နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ ပြဿနာအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။