ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်တပ်ရဲ့ ဗိုလ်လောင်းဝင်ခွင့် စာစစ်ဌာနဒေသတွေထဲမှာ ရှမ်းမြောက်နဲ့ ရခိုင် မပါဝင်တော့

စစ်တပ်ရဲ့ ၂၀၂၄ ခုနှစ် ဗိုလ်လောင်းဝင်ခွင့် သတ်မှတ်စာစစ်ဌာန ဒေသတွေထဲမှာ ရှမ်းမြောက်နဲ့ ရခိုင်ဒေသမပါဝင်၊ တော်လှန်ရေးအဖွဲ့တွေ တပ်ဆုတ်ထားတဲ့ ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့သတင်းစတဲ့ အပါအဝင် သြဂုတ် ၂၃ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းက သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိ
  • ၂၀၂၄ ခုနှစ် ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် သတ်မှတ်စာစစ်ဌာန ဒေသတွေထဲမှာ ရှမ်းမြောက်နဲ့ ရခိုင်ဒေသ တွေ ပါဝင်ခြင်းမရှိတော့
  • တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေတက်လို့ အခု ဩဂုတ် တစ်လတည်းမှာတင် ငါးကြိမ်ထက်မနည်းရေကြီးမှုဖြစ်
  • ကျိန္တလီမြို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဂိတ်တွေက ဒေသခံတွေကို မြို့ထဲကနေ ထွက်ခွာခွင့် မပေးတော့
  • တောင်ကုတ်မြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးမိခင်တစ်ယောက် သေဆုံး
  • အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ နေပြည်တော်မှာ ၂ ရက်ကြာ‌တွေ့ဆုံ
  • ဒီပဲယင်းအကျဉ်းထောင်ထဲကနေ နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်ကိုကယ်ထုတ်နိုင်ခဲ့
  • ပလောင်၊ ကိုးကန့်၊ ဝ၊ ရခိုင် တိုင်းရင်းသားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက တင်းကျပ်တာတွေရှိနေလို့ ကားလက်မှတ်ရောင်းချတာကို သတိထားနေရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သြဂုတ် ၂၃ ရက် သတင်းများတိုက်ရိုက်တင်ဆက်မှုဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်း‌ေတွေကိုဖတ်ရှုပေးခဲ့လို့ ‌ကျေးဇူးတင်ပါတယ်။

  2. ပလောင်၊ ကိုးကန့်၊ ဝ၊ ရခိုင် တိုင်းရင်းသားတွေ ခရီးသွားခွင့်ကို တင်းကျပ်စိစစ်နေတယ်လို့ဆို

    အဝေးပြေးယာဥ်လိုင်းသုံးပြီးခရီးသွားလာတဲ့ ပလောင်၊ ကိုးကန့်၊ ဝ၊ ရခိုင် တိုင်းရင်းသားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက တင်းကျပ်စစ်ဆေးတာနဲ့ ဖမ်းဆီးတာတွေရှိနေလို့ အဝေးပြေးယာဥ်လိုင်းတွေဘက်ကလည်း အဲဒီ တိုင်းရင်းသားတွေအတွက် ကားလက်မှတ်ရောင်းချတာကို သတိထားနေရတယ်လို့ ရန်ကုန်က ကားလက်မှတ်အရောင်းဌာနတချို့က ပြောပါတယ်။

    ကားလက်မှတ်အရောင်းဌာနတွေရဲ့ အပြောအရ နိုင်ငံသားစိစစ်ရေးနံပါတ်မှာ ၁၁ မျဉ်းစောင်း ဖြစ်တဲ့ ရခိုင်ပြည်နယ် နဲ့ ၁၃ မျဉ်းစောင်း ဖြစ်တဲ့ ရှမ်းပြည်ဘက်က သူတွေရဲ့ မှတ်ပုံတင် လူမျိုးနေရာမှာ ၀ ၊ ပလောင်၊ ကိုးကန့် ပါရှိသူတွေကို လမ်းခရီးမှာ စစ်ဆေးတာအပြင် ဖမ်းဆီးထားတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

    “ ကျွန်မတို့ ဂိတ်တွေကိုတော့တရားဝင်မပြောထားတော့ရောင်းလိုက်တယ်။ ရောင်းတော့ လမ်းမှာစစ်ဆေးရေးကကြမ်းတော့ တခြားခရီးသည်နဲ့ ယာဥ်လိုင်းအတွက်ပြဿနာရှိလာတော့ မရောင်းတာပါ။ တရားဝင်တော့ စာမထုတ်ထားဘူး”လို့ အဝေးပြေးကားလက်မှတ်ရောင်းတဲ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

    အထူးသဖြင့် ရန်ကုန်-ဘားအံ ၊ရန်ကုန်-တာချီလိတ် ခရီးစဉ်တွေမှာ ဖမ်းခေါ်ထားတာတွေရှိတယ်လို့ သိရပါတယ်။ ဒ့ါကြောင့် လက်မှတ်အရောင်းဌာန တချို့ကတော့ မှတ်ပုံတင်နံပါတ် ၁၁ မျဉ်းစောင်း နဲ့ ၁၃ မျဉ်းစောင်း ကိုင်ဆောင်သူတွေထဲက လူမျိုးနေရာမှာ ဗမာ ကလွဲရင် ကျန်တဲ့ လူမျိုးတွေကိုလက်မှတ်ရောင်းတာကိုရပ်နားထားတယ်လို့ ပြောကြပါတယ်။

    အရင်က ရခိုင်ဒေသ ရဲ့ ၁၁ မျဥ်းစောင်းကို ပဲ​ ကန့်သတ်တာကနေ အခုတော့ ရှမ်းမြောက် ၁၃ မျဥ်းစောင်း ထဲက ပလောင်၊ ကိုးကန့် နဲ့ ဝ တို့ကို ပါ ကန့်သတ်လာတယ်လို့နားလည်ရပါတယ်။

    ၁၁ မျဉ်းစောင်းတွေကို တင်ဆောင်ခွင့်မရှိဘူး ဆိုတဲ့အချက်အလက်ကိုတော့ တရားဝင် စာမထုတ်ထားပေးမဲ့ စစ်ဆေးရေးဂိတ်တချို့မှာစာကပ်ထားတာတွေရှိပြီး ဖုန်းကနေ စာပို့အကြောင်းကြားတာမျိုးတွေရှိတယ်လို့ လည်း ကားဂိတ်တွေက တဆင့် သိရပါတယ်။

  3. ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကနေ နိုင်ငံရေးအကျဉ်းသား ၁၉ ယောက် ကယ်ထုတ်ခဲ့

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တဲ့ သြဂုတ် ၁၈ ရက်က ဒီပဲယင်းအကျဉ်းထောင်ထဲကနေ နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    ဒီပဲယင်းမြို့ထဲက ခြေမြန်တပ်ရင်း (၇၀၄) ၊ (၇၀၈) နဲ့ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေတဲ့ နေရာတွေကို ဩဂုတ် ၁၅ ရက်ကနေ ၁၈ ရက်အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ “နိုင်ကျဉ်းတွေကို သူတို့ မိသားစုတွေကို ပြန်အပ်ထားလိုက်ပါပြီ။

    Non CDM တွေကို လတ်တလော ထိန်းထားပြီးတော့ Non CDM စီမံခန့်ခွဲရေးကော်မတီကို လွှဲပြောင်းပေးမှာပါ။ အခုတော့ မလွှဲရသေးဘူး၊ အရေအတွက်ကလည်းများတော့ ဘယ်လိုနည်းနဲ့ ခုံဖွဲ့ပြီး စစ်နိုင်မလဲ ဆွေးနွေးနေတုန်းပဲ”လို့ သူက ပြောပါတယ်။

    မြို့သိမ်းတိုက်ပွဲကနေ နိုင်ငံရေးအကျဉ်းသားတွေအပြင်၊ လက်နက်ချ တဲ့ ပျူစောထီး နှစ်ယောက်၊ Non CDM ဝန်ထမ်း အယောက် ၄၀ ကျော်တို့ကို ကယ်တင်နိုင်တယ်လို့လည်း အမှတ် (၁) စစ်ဒေသကနေ ထုတ်ပြန်ထားတာပါ။

    စစ်ကောင်စီကလည်း ဒီပဲယင်းမြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ပြီး ပြန်ထိန်းချုပ်ခဲ့ပါတယ်။

  4. စစ်ကောင်စီက ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေးနဲ့လုံခြုံရေး အခြေအနေတွေဆွေးနွေး

    စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်ပြီး နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ၂ ရက်ကြာ‌တွေ့ဆုံပြီး နိုင်ငံရေးနဲ့လုံခြုံရေး အခြေအနေတွေဆွေးနွေးခဲ့ကြပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဟာ စစ်ကောင်စီ ဟာ မကြာသေးခင်ကအသစ်ထပ်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်မှုအဖွဲ့မှာလည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်။

    ဒါအပြင် ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက် အဆိုပြုချက်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်ခဲ့တဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေဘက်က နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ ခေါင်း‌ဆောင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ဦးဆောင်ဆွေးနွေးခဲ့တာလို့လည်း စစ်ကောင်စီ က ပြောပါတယ်။

    အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင် နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် တို့လည်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

    စစ်ခေါင်းဆောင်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ ထုတ်‌ပြောပြီးနောက်ပိုင်း အခုလို နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းတချို့ နဲ့ နေပြည်တော်မှာ ပြီးခဲ့တဲ့သီတင်းအပတ်အတွင်းကသီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း ပါတီသတင်းရင်းမြစ် တွေက ဘီဘီစီ ကိုပြောထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လကတုန်းက စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပြည်တွင်း နိုင်ငံရေးပါတီ ၄ ခု က ကိုယ်စားလှယ် တွေ တရုတ်နိုင်ငံကိုသွားခဲ့ပြီး နိုင်ငံတွင်းအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    ဒီနေ့ သြဂုတ် ၂၄ ရက်မှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံနေကြပါတယ်။

    '' တပ်ချုပ်က ၂၀၂၅ ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောလိုက်တဲ့အခါကျတော့ ကာလကို သတ်မှတ်ပြီး ဖြစ်တဲ့အခါကျတော့ အဲဒီအတွက်လည်းကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်က ကျွန်တော်တို့ဘက်က ဘာတွေအကြုံပြုချင်လဲ။ ဘာတွေတိုက်တွန်းချင်လဲ။ ယူအီးစီဘက်က ပြင်ဆင်ထားတာတွေဘာတွေရှိလဲဆိုပြီးတော့ အပြန်အလှန်ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်'' လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သြဂုတ် ၂၀ ရက်က ဘီဘီစီ ကိုပြောထားပါတယ်။

  5. တောင်ကုတ် ကို လေကြောင်းတိုက်ခိုက်မှု ကလေးမိခင်သေဆုံး

    ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်ထဲကို ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးမိခင်တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေ တချို့ကပြောပါတယ်။

    သေဆုံးသူအမျိုးသမီးမှာ ကလေးနှစ်ယောက်ရှိနေပြီး နေအိမ်မှာ ရှိနေတဲ့အချိန် လေကြောင်းကနေ ပစ်လိုက်တဲ့ ဗုံးကျကွဲပြီး သေဆုံးသွားတာလို့ ပြောပါတယ်။

    “ကလေးတွေကတော့ မထိလိုက်ဘူး။ ကလေးတွေ က အဖွားတွေအိမ်ကို အလည်သွားနေလို့ ကလေးတွေတော့မထိခိုက်ဘူး။ သူတစ်ယောက်တည်း အိမ်မှာကျန်နေခဲ့တာ။ အိမ်သုံးလုံးလည်း ပျက်စီးသွားတယ်”လို့ ဒေသခံက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီ ဂျက်ဖိုက်တာကနေ ကြဲလိုက်တဲ့ ဗုံးတွေဟာ မီးချောင်းထိုးရွာ၊ ရွှေကွမ်းစိမ်းရွာ၊ ဇိမ်ခံထွေးရွာတွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

    ဗုံးကျတဲ့ တခြားကျေးရွာတွေရဲ့ အထိခိုက်တွေကိုတော့ ဆက်သွယ်ဖို့ ခက်ခဲနေတာကြောင့် သတင်းအချက်အလက်တွေ မရရှိကြသေးပါဘူး။

  6. စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဖွဲ့စည်းတာဘာသဘောဆောင်လဲ

    စစ်ကောင်စီက နိုင်ငံတဝန်းက နယ်မြေတချို့မှာ လက်လွှတ်လိုက်ရပြီးတဲ့နောက်မှာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ကို ဖွဲ့စည်းကြောင်း ကြေညာလာပါတယ်။ အဲဒီအဖွဲ့ ရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်တွေဖွဲ့စည်းတာ၊ လက်နက်တပ်ဆင်တာတွေ ပါဝင်ပါတယ်။ အပြည့်အစုံကို မနှင်းမို က ပြောထားတာကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

  7. တိုက်ပွဲဆက်ပြင်းထန်နေတဲ့ ဂွ၊ ကျိန္တလီမြို့ကနေ ဒေသခံတွေထွက်ခွာခွင့်မရဖြစ်နေ

    ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဂိတ်တွေက ဒေသခံတွေကို မြို့ထဲကနေ ထွက်ခွာခွင့် မပေးတော့ဘူးလို့ မြေပြင်ရင်းမြစ်တချို့ကပြောပါတယ်။

    ပြီးခဲ့တဲ့ သုံးရက်လောက်ကစပြီး ကျိန္တလီမြို့နေ ဂွမြို့နယ်၊ သံတွဲမြို့နယ်တွေကို ထွက်ခွာတဲ့လမ်းတွေ ပိတ်ခံထားရသလို ရေကြောင်းကနေ သွားလာလို့လည်း မရကြတော့ဘူးလို့ ဆိုပါတယ်။

    “ဧရာဝတီတိုင်း၊ ငသိုင်းချောင်းဘက်ကိုလည်း အစပိုင်းက သွားလို့ရသေးတယ်။အခု ဂိတ်တွေကနေ ပေးမဖြတ်တော့ဘူး” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ကျိန္တလီမြို့ထဲက ငွေကြေးတတ်နိုင်သူတွေကတော့ ရန်ကုန် နဲ့ ဧရာဝတီ အပါအဝင် စစ်ရေးပဋိပက္ခနည်းတဲ့ မြို့တွေကို ပြောင်းရွှေ့နိုင်ကြပေမဲ့ ငွေကြေးမတတ်နိုင်သူတွေကတော့ ကျန်နေခဲ့ကြတယ်လို့ ဆိုကြပါတယ်။

    ဒါ့အပြင် ကျိန္တလီမြို့နဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ ဂွမြို့နယ်မှာလည်း ခံစစ်အရ ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ ရခိုင်စစ်ရေးအရင်းမြစ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ကျိန္တလီမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းကို ထိမှန်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင် ၉ ယောက် သေဆုံးသလို ၁၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

  8. တာချီလိတ် မှာ တစ်လအတွင်း ငါးကြိမ်ထက်မနည်းရေကြီး

    ရှမ်းပြည်နယ်၊( အရှေ့ပိုင်း) တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေတက်လို့ အခု ဩဂုတ် တစ်လတည်းမှာတင် ငါးကြိမ်ထက်မနည်းရေကြီးမှုဖြစ်ထားတယ်လို့လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

    ဩဂုတ် ၂၂ ရက်မှာ အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ ခါးတစ်ဝက်နီးပါး ရှိခဲ့ပြီး ဒီနေ့ ဩဂုတ် ၂၃ ရက် မနက်မှာတော့ ဒူးလောက်အထိ ရေကျသွားပြီလို့ ဆိုပါတယ်။

    “ချောင်းကတောင်ကျချောင်းဆိုတော့ မိုးများရင် မြို့က နိမ့်တော့ ချောင်းရေဝင်လာတယ်။ မိုးတိတ်သွားရင်တော့ ရေပြန်ကျသွားတယ်။ မြစ်ရေလိုတော့ ရေတက်တာ မကြာဘူး။ တက်တာမြန်သလို ကျတာလည်း မြန်တယ်၊ မြို့ထဲမှာ ဘယ်ရက်လောက်အထိ ရေရှိနေလဲဆိုတာကတော့ မိုးပေါ်မှာ မူတည်တာပေါ့”လို့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    ရေတက်ချိန်မှာ မြို့ထဲ မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက် ငါးခုမှာ ပုံမှန်ရေကြီးတတ်တယ်လို့လည်း သူက ပြောပါတယ်။

    တာချီလိတ်မှာရေဘေးက စိုးရိမ်ရတဲ့ အအခြေအနေမရှိပေမဲ့ ရေဘေးရှောင်စခန်းလည်းဖွင့်ထားသလို ရေဘေးသင့်သူတွေကို ပရဟိတအဖွဲ့တွေက ထမင်းဘူးဝေပေးတာရှိနေပါတယ်။

    ဩဂုတ် ၂၀ နဲ့ ၂၂ ရက်မှာ မိုးအဆက်မပြတ် ရွာတာကြောင့် ဗိုလ်ချုပ်လမ်း၊ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က)(ခ)၊ မယ်ခေါင်ရပ်ကွက်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်သတင်းတွေကဖော်ပြထားပါတယ်။

  9. စစ်တပ်ရဲ့ ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ် စာစစ်ဌာန ဒေသတွေထဲမှာ ရှမ်းမြောက်နဲ့ ရခိုင် မပါဝင်, ဗိုလ်လောင်းအသက် သတ်မှတ်ချက်တွေကို အသက် ၂၀ အထိ ဖြေလျှော့ခေါ်ယူထားခဲ့

    စစ်တပ်ရဲ့ စစ်တက္ကသိုလ်အသီးသီး အတွက် ၂၀၂၄ ခုနှစ် ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် သတ်မှတ်စာစစ်ဌာန ဒေသတွေထဲမှာ ရှမ်းမြောက်နဲ့ ရခိုင်ဒေသ တွေ ပါဝင်ခြင်းမရှိတော့တာကို စစ်ကောင်စီရဲ့ စာစစ်ဌာနများကြေညာချက်အရတွေ့ရပါတယ်။

    စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်စာမေးပွဲတွေအတွက် သြဂုတ် ၃၀ ရက် ကနေ စက်တင်ဘာ ၁ ရက်အထိ ဖြေဆိုရမယ်လို့ကြေညာထားပြီး ‌ဖြေဆိုရမယ့် တိုင်းစစ်ဌာနချုပ်စာစစ်ဌာနတွေထဲမှာ ရှမ်းမြောက်ဒေသက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ စာစစ်ဌာနတွေမပါဝင်တော့တာဖြစ်ပါတယ်။

    ရန်ကုန်၊နေပြည်တော်၊ မန္တလေး အပါအဝင် မြို့ကြီး ၁၂ မြို့ က တိုင်းစစ်ဌာနချုပ်တွေနဲ့ စစ်ကြောရေး‌ဌာနတွေမှာ ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲတွေစစ်ဆေးသွားမယ်လို့ဆိုပြီး မြစ်ကြီးနား၊ တောင်ကြီး၊ ခိုလမ်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်၊ မုံရွာနဲ့ တောင်ငူမြို့တို့ ကို ကြေညာထားပါတယ်။

    စစ်တက္ကသိုလ်တွေ ရဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဗိုလ်လောင်းဝင်ခွင့် ကြေညာချက်ကို ပြီးခဲ့တဲ့ ဇွန်လက စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

    ၂၀၂၁ မတိုင်ခင်က အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက်မကြီးရလို့ သတ်မှတ်ချက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်‌‌နောက်ပိုင်းမှာ စစ်တပ်က ဗိုလ်လောင်း ခေါ်ယူမှု အသက်ကန့်သတ်ချက်တွေကိုဖြေလျှော့ထားပါတယ်။

    ၂၀၂၂ ခုနှစ် ခေါ်ယူစာမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မှာ အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ် ၆လထက် မကြီးရ လို့ သတ်မှတ်ထားပေမဲ့ ၂၀၂၃ ခုနှစ်ခေါ်စာမှာတော့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၉)နှစ်(၆)လထက် မကြီးရ လို့ ကြေညာခဲ့ပြီး အခုနှစ် ၂၀၂၄ ခုနှစ်အတွက်ခေါ်ယူချိန်မှာတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မှာ အသက်(၁၇)နှစ်အောက် မငယ်ရ၊ (၂၀)နှစ်ထက် မကြီးရ ဆိုပြီး အသက်သတ်မှတ်ချက်တွေကို တဖြည်းဖြည်းဖြေလျှော့ခေါ်ယူတာတွေ့ရပါတယ်။

    ဒါပေမဲ့ စစ်ဘက်ဆိုင်ရာအကဲခတ်တွေကတော့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး‌နောက်ပိုင်း စစ်တပ်ရဲ့ စစ်တက္ကသိုလ်အသီးသီးအတွက် ဗိုလ်လောင်းလျှောက်ထားမှုတွေ သိသိသာသာလျော့ကျခဲ့တယ်လို့ ‌ပြောထားကြပါတယ်။

    စစ်ကောင်စီကလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းခဲ့ပြီး နိုင်ငံသားတိုင်း အသက်ကန့်သတ်ချက်အလိုက် စစ်မှုမထမ်းမနေရ စနစ်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

  10. တော်လှန်ရေးအဖွဲ့တွေ တပ်ဆုတ်ထားတဲ့ ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်း နဂါးတွင်းကျေးရွာကို စစ်ကောင်စီ က ဒီကနေ့ ဩဂုတ် ၂၃ မနက် ၁ နာရီခန့် ကဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်နှစ်ယောက် ဒဏ်ရာရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌အတည်ပြုပြောပါတယ်။

    နဂါးတွင်းကျေးရွာရဲ့ စာသင်ကျောင်းကို လာပစ်ခတ်တာလို့ ဆိုပြီး ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေထဲက အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

    “ထိခိုက်ဒဏ်ရာရတယ်လို့ သိထားတယ်။ ညအထိတော့ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းမျိုး မကြားရသေးဘူး။ စစ်ရှောင်တွေကလည်း ညတွင်းချင်းပဲ တခြားနေရာကို ပြောင်းလိုက်ရတယ်။ ဒီနေ့မနက်တော့ ငြိမ်နေတယ်”လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    ဒီပဲယင်းမြို့ထဲမှာ တပ်စွဲထားတဲ့ ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နဲ့ အထက်တန်းကျောင်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဩဂုတ် ၁၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

    စစ်ကောင်စီကလည်း ဒီပဲယင်းမြို့ကို ပြန်ရဖို့အတွက် လေကြောင်းတိုက်ခိုက်တာနဲ့ လူအင်အားထပ်တိုးချခဲ့တာကြောင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တပ်ဆုတ်ထားတာလို့ အစောပိုင်းက ဘီဘီစီကိုဖြေထားကြပါတယ်။

    မြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၈ ယောက် ၊ကာကွယ်တပ်ဖွဲ့တွေဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။